သူ့ကစားသမားတစ်ဦးရဲ့ အရည်အသွေးတစ်ခုအပေါ် ဝေဖန်မှုတွေကို နားမလည်နိုင်အောင် ဖြစ်မိတယ်လို့ ၀န်ခံလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က သူ့အနေနဲ့ လီဗာပူးမှာ ထရန့်အလက်ဇန်းဒါးအာနိုးရဲ့ ခံစစ်ကစားပုံနဲ့ ပက်သက်ပြီး ဝေဖန် မေးခွန်းထုတ်မှုတွေကို အံ့အားသင့်မိတယ်လို့ ၀န်ခံလိုက်ပါတယ်။ ဒါ့အပြင် လီဗာပူး နည်းပြဟာ ၀က်ဟမ်းကို ၁-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဆာဒီယိုမာနေး ရဲ့ ဂိုးကို ဖန်တီးပေးခဲ့ပြီး ဒီရာသီမှာ ဂိုးဖန်တီးမှု ၁၆ ကြိမ် ရသွားခဲ့ပြီ ဖြစ်တဲ့ ညာနောက်ခံလူကို ချီးကျူးသွားခဲ့ပါတယ်။

မာနေးဟာ ပထမပိုင်း ၂၇ မိနစ်မှာ အလက်ဇန်းဒါးအာနိုး ပင်နယ်တီ ဧရိယာထဲ ပေးပို့လိုက်တဲ့ ဘောလုံးကို ပိတ်သွင်းယူခဲ့တာ ဖြစ်ပြီး ၀က်ဟမ်းကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ပြီး ၃ မှတ် ရယူခဲ့တဲ့ ပွဲစဉ်မှာ ဒါဟာ တစ်လုံးတည်းသော အနိုင်ဂိုး ဖြစ်ခဲ့ပါတယ်။ အလက်ဇန်းဒါးအာနိုးဟာ ဒီပွဲစဉ်မှာ လီဗာပူးရဲ့ ခံစစ်မှာ ကောင်းကောင်း အကျိုးပြုခဲ့သူ ဖြစ်ပြီး ပထမပိုင်းမှာ ပါဘလိုဖော်နယ် လူကျွံထောင်ခြောက်ကို ကျော်ဖြတ်ကာ အလီဆွန်ကို ကျော်ပြီး ကန်သွင်းလိုက်တဲ့ ဘောလုံးကို ဂိုးစည်းပေါ်ကနေ ရှင်းထုတ်ပေးခဲ့ပါတယ်။

အလက်ဇန်းဒါးအာနိုးဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၇ ပွဲမှာ လီဗာပူး အတွက် ၂၄ ပွဲ ပါ၀င် ကစားပေးခဲ့ပြီး သူ့ရဲ့ အသင်းကို ပေးဂိုး ၂၀ သာ ခွင့်ပြုအောင် ကူညီပေးခဲ့ကာ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီး နဲ့ မန်စီးတီး တို့ရဲ့နောက် တတိယမြောက် ပေးဂိုး အနည်းဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။

အလက်ဇန်းဒါးအာနိုးရဲ့ ခံစစ်ကစားပုံနဲ့ ပက်သက်ပြီး ဝေဖန်မှုတွေ အပေါ် ယာဂန်ကလော့က “ဒါဟာ ကျွန်တော့်ကို အံ့အားသင့်စေသလား? အမှန်ပါပဲ။ သူ့ရဲ့ ခံစစ်ကစားပုံ အပေါ် ဝေဖန်နေကြတဲ့ အပေါ် ကျွန်တော် နားမလည်နိုင်ပါဘူး။ ဒါဟာ အမှန်ပါ။ ဒါပေမယ့် ကျွန်တော် ဒီညမှာ ဘာပဲပြောပြော ပြောင်းလဲသွားလိမ့်မယ်လို့ မထင်ပါဘူး။ ဒါပေမယ့် သူ ခံစစ် မကစားနိုင်ဘူးဆိုရင် သူ့အနေနဲ့ အဲဒီနေရာမှာ ကစားရမှာ မဟုတ်ပါဘူး။ သူဟာ ကဏ္ဍပေါင်းစုံမှာ တိုးတက်လာခဲ့ပြီး ခံစစ်ပိုင်းလည်း တိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ ဒါ့ကြောင့် သူ ဆက်လက် တိုးတက်နေအုံးမှာ ဖြစ်ပြီး တိုးလည်းတိုးတက်ရမှာပါ။ ဒါပေမယ့် သူ့ရဲ့ ခံစစ်ကစားပုံဟာ ကျွန်တော်တို့ ရှိနေတဲ့ ပြသနာ မဟုတ်ပါဘူး။” လို့ ကာကွယ်လိုက်ပါတယ်။

ဆက်လက်ပြီး ကလော့က “ဒီရာသီ သူ့ရဲ့ ကစားပုံကို ခင်ဗျားတို့ ကြည့်လိုက်မယ် ဆိုရင် ကျွန်‌ေတာ်တို့ အနေနဲ့ သူ့ကို နေရာယူမှု အပိုင်းနဲ့ ပက်သက်ပြီး အနည်းငယ် ကူညီခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ သူ လွှမ်းမိုးမှု ရှိနိုင်မယ့် နေရာတွေကို ဆွဲခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကစားကွက်နဲ့ပေါ့။ ဒါပေမယ့် ဒါတွေ အားလုံးဟာ သူ့အပေါ်မှာ မူတည်ပါတယ်။ သူဟာ ကိုယ့်ရဲ့ အရည်အသွေး ၊ skill ၊ ညာခြေ နဲ့ သူ့ရဲ့ အကွက်မြင်မှုတွေကို အသုံးချခဲ့ပါတယ်။

သူဟာ တိုက်စစ်ဆင်တဲ့ အခါမှာ နေရာကောင်းမှာ ရှိနေတာ ဖြစ်ပြီး ဒီအခိုက်အတန့်တွေမှာ ဂိုးတွေ ဖန်တီးနိုင်ဖို့ အတွက် အာရုံစိုက်ပါတယ်။ သူဟာ ဒီလို အခြေအနေတွေမှာ ပြိုင်ဘက်ရဲ့ ပင်နယ်တီ ဧရိယာတစ်ဝုိက်မှာ နေရာယူပြီး ပြိုင်ဘက်ကို အန္တရာယ် ပေးနိုင်တယ် ဆိုတာ သိနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ သူ့ဆီကို ဘောလုံးတွေ အရောက်ပို့ပေးဖို့ ကြိုးစားပါတယ်။

ကစားသမား အချင်းချင်း အချိန်အကြာကြီး အလုပ်လုပ်လာခဲ့တဲ့ အခါမှာ ဒါဟာ တအားကို အကူအညီ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တိုက်စစ်မှုးတွေဟာ သူ့ဆီက ဒါမျိုး ဘောလုံးတွေ ရမယ် ဆိုတာ သိထားလို့ပါ။ ၀က်ဟမ်းနဲ့ပွဲက ဂိုးအတွက် ဆာဒီယိုဟာ အရမ်းကို ကောင်းတဲ့ ပြေးလွှားမှု လုပ်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ဒါဟာ ထရန့်ရဲ့ ဂိုးကန်သွင်းမှုလို့ မထင်ပါဘူး။ သူဟာ ပင်နယ်တီ ဧရိယာထဲ အန္တရာယ်ရှိတဲ့ နေရာကို ဘောလုံးပေးပို့ခဲ့တာလို့ ယူဆပါတယ်။ အဲဒီနောက် တစ်ဦးဦးက ပိတ်သွင်းယူဖို့ လိုအပ်တာပေါ့။ ဆာဒီယိုဟာ ဒီလို အခိုက်အတန့်မှာ ရှိနေခဲ့ပါတယ်။ တကယ်ကောင်းတဲ့ ဂိုးပါပဲ။” လို့ ဆိုလိုက်ပါတယ်။

SM