သက်တော်ရှည် စက်ရုပ်ကြီး ရွေးချယ်လိုက်တဲ့ အကောင်းဆုံး ကစားသမား စာရင်း 11 ယောက်

လက်ရှိ ပရီးမီးယားလိဂ် ရဲ့ သက်တော်ရှည် ဘောလုံးသမားကြီး ဖြစ်တဲ့ မေလ်နာ ဟာ အသက် 36 နှစ် ရှိလာပြီ ဖြစ်သည့်တိုင်အောင် စွမ်းဆောင်ရည်တွေ ကျဆင်းသွားခြင်း မရှိတဲ့ အပြင် ၊ အရေးပါတဲ့ ကစားသမား တစ်ယောက် အဖြစ် ခြေစွမ်းပြနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ လီဗာပူး ဟာ သူ့ကို နောက်ထပ် စာချုပ်သစ် တစ်ရပ်ပါ ထပ်မံ ချုပ်ဆိုဖို့ အတွက် တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

မေလ်နာ ဟာ ဘောလုံးသမား ဘဝကို လိဒ် ယူနိုက်တက် မှာ စတင်ခဲ့သူ ဖြစ်ပြီး ၊ အဲဒီနောက် နယူးကာဆယ် ၊ အက်စ်တွန် ဗီလာ ၊ မန်စီးတီး အသင်းတွေမှာ ဆက်တိုက် ပြောင်းရွှေ့ ကစားပေးခဲ့ပါတယ်။ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဆန်တဲ့ စိတ်ဓါတ်ကြောင့် ရောက်လေရာ အသင်းတိုင်းမှာ အရေးပါတဲ့ ကစားသမား အဖြစ် တည်ဆောက်နိုင်ခဲ့ကာ ၊ အခုချိန်ထိ ပရီးမီးယားလိဂ် ဖလား 3 လုံး ၊ ကာရာဘောင် ဖလား 2 လုံး ၊ အက်ဖ်အေ ဖလား ၊ ချန်ပီယံလိဂ် ဖလား ၊ ဥရောပ စူပါဖလား နဲ့ ကမ္ဘာ့ချန်ပီယံများ ကလပ် ဖလားတွေကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

ကစားသမား ဘ၀ ပွဲပေါင်း 800 ကျော် ပါဝင် ကစားထားတဲ့ ဘောလုံးသမားကြီး က သူ့လက်တွဲခဲ့ဖူးတဲ့ ကစားဖော်တွေထဲက အကောင်းဆုံး 11 ယောက် စာရင်းကို အခုလို ဆွဲထုတ်သွားခဲ့ပါတယ်။

ဂိုးသမား – အလီဆွန်
လိဒ် ယူနိုက်တက် မှာ လက်တွဲခဲ့တဲ့ Nigel Martyn ဟာ အကောင်းဆုံး Shot-Stopper ပါ။ မန်စီးတီး က ဂျိုးဟတ် ကလဲ အရမ်းကောင်းလွန်းခဲ့ပါတယ်။ ဒါပေမယ့် အလီဆွန် ကတော့ အဲဒီ နှစ်ယောက် စလုံးကို ပေါင်းစပ်ထားသလိုပါ။ နိုင်ငံသစ် တစ်ခုကို ပြောင်းရွှေ့ပြီး အခြေချရတာ မလွယ်ပါဘူး။ ဒါပေမယ့် သူ့ကြောင့် ကျနော်တို့ အသင်းဟာ ပိုကောင်းတဲ့ အသင်းမျိုး ဖြစ်ခဲ့သလို ၊ စွမ်းဆောင်ရည်ပိုင်းမှာလဲ တကယ်ကို ကောင်းတဲ့သူပါ။

ညာနောက်ခံလူ – အာနိုး
ဂယ်ရီ ကယ်လီ ၊ လုယန်း ၊ မီကာရစ်ချတ် ၊ ဂလန်းဂျွန်ဆင် တို့ဟာ ထိပ်တန်း ညာနောက်ခံလူတွေချည်းပါပဲ။ ဒါပေမယ့် အားနိုး ကျတော့ ပိုပြီး ခမ်းနားတဲ့ ဘောလုံးသမားတစ်ယောက်လို့ မြင်မိပါတယ်။ ဒါကြောင့်လဲ သူဟာ အထက်မှာ ပြတဲ့ သူတွေကို ကျော်ပြီး အရွေးခံရတာပါ။ ငယ်ငယ်ရွယ်ရွယ် နဲ့ ရယူုထားတဲ့ အောင်မြင်မှုက အားကျဖို့ ကောင်းလွန်းပါတယ်။

ဗဟိုခံစစ်မှုး – ဝုဒ်ဂိတ်
လိဒ် ယူနိုက်တက် မှာ မြင်ခဲ့ရတဲ့ ဝုဒ်ဂိတ် က လုံး၀ အပြန်စားပါ။ ဒါပေမယ့် ဒဏ်ရာပြသနာတွေ နှိပ်စက်လို့ ကံမကောင်းခဲ့ရှာပါဘူး။ ဘာပဲဖြစ်ဖြစ် သူ ခြေစွမ်းက ကောင်းခဲ့တာပဲမို့ သူ့ကို ရွေးပါတယ်။ ရီယို ဖာဒီနန် ၊ ကွန်ပနီ တို့လဲ ကျနော့် စာရင်းမှာ ပါသင့်ပေမယ့် ၊ သူ့ကို မှ ရွေးလိုက်ရတဲ့ အကြောင်းအရင်းက ကျနော်ဟာ သူ့အပေါ် ဘယ်လောက်အထိ တန်ဖိုးထားတယ် ဆိုတာ ပေါ်လွင်စေချင်လို့ပါ။

ဗဟိုခံစစ်မှုး – ဗန်ဒိုက်
သူ က ခြေစွမ်းလဲ ကောင်းသလို ၊ Command ပေးတဲ့ နေရာမှာလဲ သြဇာညောင်းပါတယ်။ သူ့လို လူကောင် ထွားထွားကြီးကြီး ပြေးအားနှုန်း ကို အရှိန်မြှင့်ပြနိုင်တော့ ပိုလို့တောင် အံ့အားသင့်မိတာပါ။ ကျနော် ကြားဖူးတဲ့ အသံတွေထဲမှာ သူ့ရဲ့ အသံက သြဇာ အပြင်းဆုံးပါပဲ။ သူ့ဆီ က တစ်ခုခု ကြားလိုက်ပြီ ဆိုတာ နဲ့ အားလုံး အဆင်ပြေသွားတော့မယ် ဆိုတာ အလိုလို ခံစားနေရပါတယ်။

ဘယ်နောက်ခံလူ – အက်ရှ်လေကိုး
World Class ခံစစ်မှုးမျိုးပါ။ သူနဲ့ အတူ အင်္ဂလန် မှာ တွဲပြီး ကစားဖူးသလို ၊ ပြိုင်ဘက်တွေ အဖြစ်လဲ ကစားခဲ့ဖူးပါတယ်။ သူဟာ ခံစစ်ရော ၊ တိုက်စစ်ပါ မမောမပန်း နဲ့ လိုက်ပါ ကစားနိုင်သူပါ။ ပြောရရင် ကြံ့ခိုင်မှုအား ကောင်းလွန်းလို့ သူ့ဆီကနေ မျှော်လင့်ထားတဲ့ ပုံစံအတိုင်း လုပ်ပြနိုင်ပါတယ်။

ကွင်းလယ် ကစားသမား – ဒေးဗစ် ဆေးဗား
သူနဲ့သာ တွဲပြီး ကစားနေပြီ ဆိုရင် ဘောလုံးကို ဘယ်လို သပ်သပ်ရပ်ရပ် ပေးပို့မယ် ဆိုတာက ပြိုင်ဘက် ကင်းပါတယ်။ ခံစစ်လဲ ကစားတတ်သလို ၊ တစ်ပွဲတည်းနဲ့ ဂိုးဖန်တီးမှု 3 ကြိမ် အထိ လုပ်ပြနိုင်သူပါ။ ဘောလုံးကို စိတ်ကြိုက် ကိုင်ထားရပြီ ဆိုတာ နဲ့ သူ့စိတ်ကြိုက် ပုံဖော်တဲ့ သူပါ။ တစ်ခါတလေ သူကများ ဘောလုံးကို လုယူနိုင်လိုက်ရင် ၊ ငါ ဘောလုံး လုတာ မြင်လိုက်တယ် မို့လား ဆိုပြီး အရွှန်းဖောက်တတ်သေးပါတယ်။

ကွင်းလယ် ကစားသမား – ဂျရတ်
ကျနော် နဲ့ တွဲ ကစားခဲ့ဖူးတဲ့ အထဲမှာ ပြီးပြည့်စုံဆုံး ကွင်းလယ် ကစားသမားလို့ ပြောလို့ ရပါတယ်။ ညာခြေနဲ့ ကန်တယ် ၊ ခံစစ်လဲ ရတယ် ၊ အဝေးကန်ချက်လဲ အိုကေတယ် ၊ ကွင်းလယ် ခံစစ်ကိုလဲ ထိန်းကျောင်းနိုင်သူပါ။ တွေးလိုက်ရုံ နဲ့ ကြောက်ဖို့ ကောင်းပါတယ်။ ဒီလို ကစားသမားမျိုးနဲ့ ကြိုက်တဲ့ အချိန်တိုင်း တွဲကစားလိုက်ပါ ၊ သူက ကိုယ့် စွမ်းဆောင်ရည်တွေ ပိုတက်အောင် တွဲခေါ်သွားပါလိမ့်မယ်။

ကွင်းလယ် ကစားသမား – လမ်းပတ်
ကွင်းလယ် ကစားသမား တစ်ယောက် က သွင်းယူခဲ့တဲ့ ဂိုးတွေ များလွန်းလို့ သူ့ကို ဒီစာရင်းမှာ ထည့်လိုက်တာပါ။ ကျနော်တို့ အနေနဲ့ သူနဲ့ ဂျရတ် တွဲကစားလို့ ရတဲ့ နည်းလမ်းမျိုးကို ရှာခဲ့ရဖူးပါတယ်။ ပြောနိုင်တာ တစ်ခုက လမ်းပတ် လဲ နည်းပြဘဝမှာ အကောင်းဆုံး လုပ်ပြနိုင်မယ် ဆိုတာပါ။ ဘာလို့လဲ ဆိုတော့ ကစားသမားတွေ အပေါ် ထားတဲ့ သူ့ရဲ့ သဘောထားက နောက်တစ်ယောက် မရှိနိုင်ပါဘူး။

တိုက်စစ် – ဖာမီနို
ကျနော် နဲ့ တွဲ ကစားဖူးတဲ့ ကစားသမားတွေ ထဲမှာ Lowest-maintenance အနည်းဆုံး ကစားသမားမျိုးဗျာ။ သူက အလုပ်တွေ အပြင်းထန် ကြိုးစားနေရင်တောင် ပြုံးထားနိုင်သူပါ။ နည်းပြ က တောင်းဆိုတဲ့ အတိုင်းပဲ လုပ်ပါတယ်။ ဘောလုံး ခြေထဲမရှိတဲ့ မှာ သူ ရဲ့ Work-rate က ပြိုင်ဘက်ကို ကင်းတာပါ။ တစ်ချိန်တည်းမှာ ဘောလုံး ကိုင်ရလို့ ရှိရင်လဲ စွမ်းဆောင်ရည်ပိုင်းက မသေးပါဘူး။ ဒါကြောင့် သူ့ကို ကျနော့် အကောင်းဆုံး 11 ယောက် စာရင်းမှာ ထည့်တာပါ။

တိုက်စစ် – အလန်ရှီးယား
အလန်ရှီးယား က ဂိုးသွင်းဖို့ မွေးဖွားလာသူ ဖြစ်သလို ၊ အကောင်းဆုံးလို့လဲ ပြောနိုင်ပါတယ်။ လက်ရှိ ဘောလုံးသမိုင်းကြောင်း တစ်လျှောက် အကောင်းဆုံး တိုက်စစ် ကစားသမားတွေ အကြောင်း ပြောကြတဲ့ အချိန်မှာ သူက အနားယူသွားပြီ ဖြစ်ပေမယ့် ပရီးမီးယားလိဂ် စံချိန်တင်သွင်းဂိုးတော့ ဆက်ရှိနေဆဲလေ။ ဒါဟာ သူ ဘယ်လောက် ကောင်းခဲ့တယ် ဆိုတာ လှစ်ပြနေတာပါ။

တိုက်စစ် – အဂွေးရိုး
QPR နဲ့ ကစားနေတဲ့ အချိန်ပို အရောက်မှာ ဘောလုံးက အဂွေးရိုး နား ကျသွားတဲ့ အခိုက်အတန့်ကို အခုထိ အမှတ်ရနေတုန်းပါ။ ကျနော့် နေရာက မြင်ရတဲ့ မြင်ကွင်း အရ ဂိုးသွင်းဖို့ ဘယ်လောက်အထိ ကောင်းမွန်လဲ ဆိုတာ ပြောရတာ ခက်ပါတယ်။ ဒီလို အခိုက်အတန့်မှာ ဂိုးသွင်းပြဖို့ ဆိုတာ တော်ရုံ ယုံကြည်မှုမျိုး နဲ့ မဖြစ်နိုင်ပါဘူး။ အဲဒီ ဂိုးကြောင့် ကျနော်တု့ိ ဟာ 2012 ခုနှစ် မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

မန်နေဂျာ – ယာဂန် ကလော့ပ်

SM