ဝေးလ် အတွက် သူရဲကောင်းဖြစ်အပြီးမှာ စပိန်သတင်းစာတွေကို တုန့်ပြန်သွားခဲ့တဲ့ ဂါရတ်ဘေးလ်

ရီးရဲမက်ဒရစ် တောင်ပံ ကစားသမား ဂါရတ်ဘေးလ် ဟာ သူ့ကို ကပ်ပါးကောင်လို့ ရေးသား ဝေဖန်ခဲ့တဲ့ စပိန် သတင်းစာ Marca ကို တုန့်ပြန် ပြောဆို သွားခဲ့ ပါတယ် ။

ဘေးလ် ဟာ မနေ့ညက ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲ Play-off ဆီမီး ဖိုင်နယ် မှာ သြစတြီးယား ဘက်ကို ၂ ဂိုး သွင်းယူပြီး နိုင်ပွဲ ရယူကာ ဗိုလ်လုပွဲကို ပို့ဆောင် ပေးခဲ့ ပါတယ် ။

ဝေးလ် ဟာ သြစတြီးယား ကို ၂-၁ နဲ့ အနိုင် ရခဲ့ကာ ဗိုလ်လုပွဲမှာ စကော့တလန် နဲ့ ယူကရိန်း တို့ရဲ့ ပွဲက အနိုင်ရရှိမယ့် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။

ဘေးလ် ရဲ့ ရီးရဲမက်ဒရစ် နဲ့ ၆ နှစ်သက်တမ်း စာချုပ်ဟာ အဆုံးသတ် ကာလထဲကို ရောက်ရှိ နေပြီး ကလပ် နဲ့ ကစားသမားတို့ အကြားမှာ အဖုအထစ်များစွာ ဖြစ်ပေါ် နေပါတယ် ။

ရီးရဲ ဥက္ကဌ ပီရက်ဇ် ဟာ ဘေးလ် ကို အသင်းပြောင်းစေလို ပေမယ့် ဘေးလ် ကတော့ စပါး ကို အငှားထွက် ကစားခဲ့တာကလွဲရင် ပွဲမကစားရသည့်ု တိုင်အောင် ရီးရဲမှာ စာချုပ် ပြည့်တဲ့ အထိ ဆက်နေသွားဖို့ စိတ်ကူးခဲ့ ပါတယ် ။

ရီးရဲ ဟာ ဘေးလ် ကို တရာသီ ပေါင် ၁၅ သန်း ပေးချေ နေပြီး ဒါဟာ ဝေးလ် အသင်းခေါင်းဆောင် ရဲ့ စွမ်းဆောင်မှု နဲ့ ထိုက်တန်တဲ့ တန်ဖိုး မဟုတ်ဘူးလို့ ရီးရဲ ဘက်ကရော စပိန် မီဒီယာတွေ ကပါ ယူဆ ထားကြ ပါတယ် ။

အဲ့ဒိ အထဲမှာတော့ Marca သတင်းစာဟာ ဘေးလ် ကို ကပ်ပါးကောင် တကောင်လို့ အမည်တပ်ပြီး လွန်လွန် ကျူးကျူး ပြောဆို ဝေဖန် ခဲ့ပါတယ် ။

သတင်းစာ ဟာ ရီးရဲ လိုဂို ပေါ်မှာ ခြင်တကောင်ကို မှန်ဘီလူး နဲ့ မြင်ရပုံကို ရေးဆွဲထားပြီး ဘေးလ် ရဲ့ မျက်နှာ ကို ခြင်ရဲ့ ဦးခေါင်းအဖြစ် ထည့်သွင်းခဲ့ ပါတယ် ။

ဒါ့အပြင် “ကပ်ပါးကောင် ဘေးလ်လေး ဟာ အေးစက်ပြီး မိုးစွေတဲ့ ဗြိတိန်ကျွန်းစု ကနေ ရောက်လာခဲ့တယ် ၊ သူ စပိန်က မက်ဒရစ် မှာ အခြေကျတယ် ၊ အစတုန်းကတော့ နှစ်လိုဖွယ်ကောင်းတဲ့ ဧည့်သည်လေးပေါ့ ၊ နောက်ပိုင်းမှာတော့ ဘာမှ မပေးဆပ်ဘဲ သွေးစုပ်ဖို့ပဲ တတ်တဲ့ သူ့ရဲ့ သဘာ၀ ပေါ်လာခဲ့တယ် ၊ သူက ကလပ် ရဲ့ ယူရိုတွေကို စုပ်ပြီးရင်း စုပ်နေတော့တာပါပဲ” လို့ အစပြုကာ ၃ ပိုဒ်ခန့် ရှိတဲ့ ဝေဖန်ရေးသားမှုကို ပြုလုပ် ခဲ့ ပါတယ် ။

ကာဒစ် စီးတီး ကစားကွင်းကြီး ထဲမှာ ဝေးလ် နိုင်ငံရဲ့ သူရဲကောင်း အဖြစ် နောက်တကြိမ် အောင်ပွဲခံ အပြီး မှာတော့ ဘေးလ် ဟာ သူ့ကို ဝေဖန်ခဲ့တဲ့ မာကာ သတင်းစာကို ပြန်ပြီး တုန့်ပြန် ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော် ဒီကိစ္စ နဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ ပေးဖို့ မလိုပါဘူး ။ ကျွန်တော့ အတွက် အချိန်ဖြုန်းတာ ပါပဲ ။ ဒီ စိတ်ပျက် ရွံရှာဖွယ်ရာ ကို ရေးတဲ့ သူတွေပဲ သူတို့ဘာသာ ရှက်သင့်ပါတယ်” လို့ ဂါရတ်ဘေးလ် က ပြောဆို သွားခဲ့ ပါတယ် ။

ဘေးလ် ဟာ ရာသီအကုန်မှာ ရီးရဲ ကနေ အလွတ် နဲ့ ထွက်ခွာဖို့ စိတ်ကူး ထားပြီး ဝေးလ် အသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင် ခဲ့ပါကလည်း လက်ရွေးစင် အဖြစ်ကနေ အနားယူဖို့ စဉ်းစား ထားကြောင်း သိရပါတယ် ။

ဘေးလ် ဟာ ရီးရဲ မက်ဒရစ် နဲ့ အတူ ဆုဖလား ၁၄ ခု ရယူ ထားနိုင်ခဲ့ ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ အသင်း ဥက္ကဌ ပီရက်ဇ် အပါအဝင် နည်းပြ အဆက်ဆက် နဲ့ အဆင်မပြေမှုတွေ ရှိလာခဲ့ ပါတယ် ။

ဘေးလ် ကိုယ်တိုင် ကလည်း Wales. Golf. Madrid – In that order လို့ ရေးသားပြီး ရီးရဲမက်ဒရစ် ဟာ သူ့ အတွက် ဂေါဖ့် ရိုက်ကစားတာလောက်တောင် အရေးမပါဘူးလို့ သွယ်ဝိုက် ဖော်ပြခဲ့တာကြောင့် မက်ဒရစ် ပရိသတ်တွေရဲ့ စိတ်ဆိုး ဒေါသထွက်မှုတွေနဲ့ ရင်ဆိုင် ခဲ့ရဖူး ပါတယ် ။

ယမန်နေ့က ထွက်ပေါ် လာတဲ့ သတင်းအရ ရီးရဲ ဥက္ကဌ ပီရက်ဇ် ဟာ နည်းပြ အန်ဆယ်လော့တီ ကို ဂါရတ်ဘေးလ် ကို ထည့် မကစားဖို့ အထိ မှာကြားထားတယ်လို့ သိရပါတယ် ။

 

SPORTS MYANMAR