ဝေဖန်လှောင်ပြောင်ခံနေရတဲ့ မက်ဆီဖက်မှ ကာကွယ်ပေးခဲ့တဲ့ အွန်နရီနဲ့ မိုနာကို ကို ဂိုးပြတ်ရှုံးခဲ့အပြီး ပီအက်စ်ဂျီ အသင်းဖော်တွေကို လေးစားမှုပြသဖို့ ပြောလိုက်တဲ့ အမ်ဘတ်ပေ

မနေ့ည က ကစားခဲ့တဲ့ ပြင်သစ် လီဂူးဝမ်း ပွဲစဉ် တပွဲမှာ အမှတ်ပေးဇယားကို ပြတ်ပြတ်သားသား ဦးဆောင်နေတဲ့ ပီအက်စ်ဂျီ အသင်းဟာ ယူရိုပါလိဂ် ဝင်ခွင့် တနေရာ ရဖို့ ကြိုးစားနေတဲ့ မိုနာကို အသင်းကို အဝေးကွင်းမှာ ၃ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ် ။ ဒါဟာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံ အဝေးကွင်း နောက်ဆုံး ၄ပွဲဆက် အရေးနိမ့်ခြင်း ဖြစ်ပါတယ် ။

လောလောဆယ်မှာ အမှတ်ပေးဇယားကို ရမှတ် ၁၂ မှတ် ဖြတ်ပြီး ဦးဆောင်ထားတဲ့ အပြင် ၊ ပြီးခဲ့တဲ့ ၁၀ရက်ကျော်ကျော်ကပဲ ချန်ပီယံလိဂ်ကပါ ထွက်ခွာခဲ့ရတာကြောင့် ၊ ပီအက်စ်ဂျီ အတွက် လက်ကျန် ရာသီဟာ ထွေထွေထူးထူး ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်စရာမလိုပဲ ဖြစ်နေပါတယ် ။

ဒီအတွက်ကြောင့် မနေ့ညကပွဲမှာ ပီအက်စ်ဂျီ အသင်းသားတွေဆီက ပွဲအပေါ် အာရုံစိုက်မှုတွေ မမြင်ခဲ့ရပဲ ၊ လျော့တိလျော့ရဲ ကစားပုံသာ ထွက်ခဲ့ပါတယ် ။ မိုနာကိုကတော့ ဥရောပ ဝင်ခွင့် တနေရာ အတွက် အဖိုးတန်တဲ့ အနိုင် ၃မှတ် ရလိုက်ခြင်း ဖြစ်ပါတယ် ။

မိုနာကို အတွက် သွင်းဂိုးတွေကို အသင်းခေါင်းဆောင် ပွဲထွက် တိုက်စစ်မှူး ဘန်ယက်ဒါက ၂ဂိုး ၊ လူစားဝင် တိုက်စစ်မှူး ကယ်ဗင် ဗော်လန်က တဂိုး သွင်းယူပေးခဲ့ပါတယ် ။ အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရတဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး ကီလီယန် အမ်ဘတ်ပေ ကတော့ ပွဲအပြီးမှာ ပြိုင်ဖက်နဲ့ ပရိသတ်တွေကို လေးစားမှု ပိုမို ပြသဖို့ အသင်းဖော်တွေကို သတိပေးလိုက်ပါတယ် ။

Amazon Prime ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အမ်ဘတ်ပေ က ” ကျွန်တော်တို့ဟာ ဥရောပ ဝင်ခွင့် တနေရာရဖို့ ကြိုးစားနေတဲ့ ကြီးကျယ်တဲ့ အသင်း တသင်းကို အရေးနိမ့်ခဲ့တာပါ ။ သူတို့ဟာ ဒီနေ့ ပွဲအတွက် တိကျတဲ့ ပွဲအချဉ်းအကပ် အစီအစဉ်တွေ အတိုင်း ပြတ်ပြတ်သားသား ကစားခဲ့ကြတာ ဖြစ်ပါတယ် ။ ”

” သူတို့ နောက်နှစ် အတွက် ဥရောပ ဝင်ခွင့် တနေရာ ရနိုင်ဖို့ကိုလည်း ကျွန်တော် မျှော်လင့်ပါတယ် ။ သူတို့ ဒီနေ့မှာ အနိုင်ရဖို့ ထိုက်တန်ပါတယ် ။ လက်ကျန် ရာသီ ပစ်မှတ် က ၁၀ကြိမ်မြောက် လီဂူးဝမ်း ချန်ပီယံ ဖြစ်ဖို့ပါ ။ ကျန်တာ ဘာမှ အရေးမကြီးပါဘူး ။ ”

” ကျွန်တော်တို့ ဒီလိုပွဲမျိုးကို ၈ဂိုးပြတ် ၊ ၉ဂိုးပြတ် နိုင်ခဲ့ရင်တောင် လူတွေက ချန်ပီယံလိဂ် အကြောင်းပဲ စဉ်းစားကြပါလိမ့်မယ် ။ ကျွန်တော်တို့ဖက်ကသာ ပရော်ဖက်ရှင်နယ်ဆန်ဆန်နဲ့ တဦးအပေါ် တဦး လေးစားမှု ထားရပါမယ် ။ ကိုယ့်ကို အမြဲ အားပေးနေတဲ့ ပရိသတ်တွေကို လေးစားမှု ပြသရပါမယ် ။ ”

” ခင်ဗျားမှာ ကိုယ်လုပ်ပေးနိုင်ခဲ့တာ တခုခု ရှိခဲ့တယ် ဆိုရင် ကိုယ့်ကိုယ်ကိုလည်း လေးစားရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

မနေ့က ပွဲမှာတော့ အဓိက တောင်ပံ ကစားသမား လီယွန်နယ် မက်ဆီ နေမကောင်း ဖြစ်နေတဲ့ အတွက် ပီအက်စ်ဂျီ ဟာ တိုက်စစ်မှာ နေမာနဲ့ အမ်ဘတ်ပေတို့ကိုသာ တွဲပေးခဲ့ရပါတယ် ။

တဖက်မှာ ပီအက်စ်ဂျီ ပရိသတ်တွေဟာ ချန်ပီယံလိဂ်က ထွက်ခွာခဲ့အပြီး ၊ ဒီရာသီမှာမှ ပဲရစ်သို့ ရောက်လာတဲ့ မက်ဆီကို ပစ်မှတ်ထား လှောင်ပြောင်မှုတွေ ပြီးခဲ့တဲ့ အပတ် ဘော်ဒိုးနဲ့ ပွဲမှာ လုပ်ခဲ့ကြပါတယ် ။ အာဆင်နယ်နဲ့ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီ ကတော့ ပရိသတ်တွေရဲ့ ငြိုငြင်မှုကို ခံနေရတဲ့ မက်ဆီဖက်ကနေ အခုလို ကာကွယ်ပေးခဲ့ပါတယ် ။

မနေ့က ပွဲအပြီး Amazon Prime နဲ့ တွေ့ဆုံခဲ့ရာမှာ အွန်နရီ က ” ပြီးခဲ့တဲ့ အပတ်က ပီအက်စ်ဂျီ ပရိသတ်တွေဟာ မက်ဆီကို လှောင်ပြောင်ခဲ့ကြပါတယ် ။ ဘယ်လိုလုပ်ပြီး G.O.A.T တယောက်ကို သူတို့ လှောင်ပြောင်နိုင်တာလဲ ? သူဟာ ဒီရာသီ လီဂူးဝမ်းမှာ ဖန်တီးမှု အများဆုံး လုပ်ပေးထားတာ မဟုတ်လား ? ဒီနေ့ မက်ဆီ မပါတဲ့အတွက် သူတို့ ဘာမှ မဖန်တီးနိုင်ခဲ့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR