လွှဲပြောင်း ဝယ်ယူဖို့ တရားဝင် ကမ်းလှမ်းမှုတွေ လက်ခံရရှိတော့မယ့် ချဲဆီး

Telegraph သတင်း ဌာန က အဗရာမိုဗစ်ချ် အနေနဲ့ ချဲဆီး ကို ဝယ်ယူဖို့ ကမ်းလှမ်းမှု အနည်းဆုံး 3 ခု အထိ ဒီတစ်ပတ်ထဲမှာ ရရှိလိမ့်မယ်လို့ အခိုင်အမာ ထုတ်ဖော် ရေးသားလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရုရှား ဘီလီယံနာကြီး ဟာ သူ သိပ်မြတ်နိုးရတဲ့ ချဲဆီး အသင်းကို ပထမဆုံး အကြိမ် ရောင်းချဖို့ အတွက် စဉ်းစားလာဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။

ကမ်းလှမ်းမှုတွေ လုပ်ဆောင်မယ့် အဝယ်တော်တွေဟာ လက်ရှိမှာ စာရွက်စာတမ်းတွေ ပြင်ဆင်လျှက် ရှိနေပြီး ၊ ဒီတစ်ပတ် စနေ တနင်္ဂနွေမှာ တရားဝင် ပေးပို့ သွားဖွယ် ရှိပါတယ်။

တစ်ဖက်မှာ ရုရှား က ယူကရိန်း ကို ကျူးကျော်စစ် ဆင်နွှဲတဲ့ အကြောင်းအရင်းကြောင့် ယူကေ လွှတ်တော် အတွင်း မိုဗစ်ချ် ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့ တင်ပြ တောင်းဆိုမှုတွေ ဆက်တိုက် ပေါ်ပေါက်နေပါတယ်။

မိုဗစ်ချ် ဟာ ယခင်က သူ့ရဲ့ အသင်းကို ဘယ်လို နည်းနဲ့မှ ရောင်းချမှာ မဟုတ်ကြောင်း အခိုင်အမာ ဆိုထားခဲ့တာပါ။ သို့သော် လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခင်းအကျင်းအရ လေ့လာသုံးသပ်သူ အများဆုံးက အသင်းကို ရောင်းချဖို့ စဉ်းစားလာလိမ့်မယ်လို့ မှတ်ချက်ပေးနေကြသလို ၊ သူ့ အတွက်လဲ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ ဆိုရင် အခြား ရွေးချယ်စရာ နည်းလမ်း မရှိတော့တဲ့ အချက်ကို ထောက်ပြနေကြပါတယ်။

ဆက်စပ် သတင်းတွေ အရ ပြောရရင် မိုဗစ်ချ် ဟာ အင်္ဂလန် မှာ သူပိုင်ဆိုင်တဲ့ အိမ်ခြံ ပိုင်ဆိုင်မှုတွေကိုပါ ရောင်းချဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အရောင်း အဝယ် ပေါ်ပေါက်လာနိုင်တဲ့ ကိစ္စဟာ ဗြိတိန် အစိုးရရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ မူတည်နေပါတယ်။ အကယ်၍ ဒီတစ်ပတ် အတွင်းမှာပဲ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ရင် ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ အရောင်းအဝယ် လုပ်ဆောင်ခွင့် ရှိမရှိ ဆိုတဲ့ ဖြေရှင်းချက် အပေါ် စောင့်ဆိုင်းပြီးမှသာ လုပ်ကြရဖွယ် ရှိနေပါတယ်။

အဗရာမိုဗစ်ချ် ဟာ ယခင်က သူ့ရဲ့ အသင်းကို ပေါင် 2.2 ဘီလီယံ နဲ့ ဝယ်ယူဖို့ ကမ်းလှမ်းမှုတွေ ရှိခဲ့ဖူးပေမယ့် သူကိုယ်တိုင်ပဲ ပယ်ချထားခဲ့တာပါ။ လက်ရှိ ကလပ် ရဲ့ အကြွေး စာရင်းကလဲ ပေါင် 1.51 သန်း အထိ ရှိနေပြန်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မိုဗစ်ချ် ချဲဆီး ကို ကြီးကြပ် စောင့်ရှောက် လည်ပတ်ဖို့ အတွက် အသင်း ရဲ့ Trutees အဖွဲ့အစည်းထံ လွှဲပြောင်းပေးမယ်လို့ ကြေငြာပြီး နောက်ပိုင်း ၊ လုပ်ငန်း ရှင် တစ်ချို့က သူ့အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။

မနေ့ညက ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဆိုရင် သတင်းထောက်တွေက ချဲဆီး နည်းပြ သောမတ် တူချယ် ကို ပိုင်ရှင် မိုဗစ်ချ်နဲ့ အနေအထား နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ကြရာ အခုလိုပဲ တုန့်ပြန်ဖြေကြားသွားခဲ့ ပါတယ်။

“ ဒီမေးခွန်းကို ဖြေဖို့ အတွက် ကျနော့် အတွက် အရမ်းကို ဝန်ကြီးလွန်းပါတယ်။ အသေးစိတ် ဘာတွေ ဖြစ်နေလဲ ဆိုတာ သတိမထားမိပါဘူး။ ပြီးတော့ ဖြစ်စဉ် တစ်ခုလုံးကိုလဲ မသိပါဘူး။ ဒါပေမယ့် ယူကရိန်း ကိစ္စက ဘောလုံးထက် ပိုပြီး အရေးကြီးတယ် ဆိုတာတော့ ကျနော်တို့ အားလုံး လက်ခံထားပါတယ်။ ဒါကို ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။

မစ္စတာ မိုဗစ်ချ် ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ ကတော့ ကျနော့် အတွက် မဖြစ်နိုင်ပါဘူး ဘာလို့လဲ ဆိုတော့ အကြောင်းစုံမှ ကျနော် မသိထားတာလေ” ပြောဆိုသွားခဲ့ ပါတယ်။

သတင်းထောက်တွေ ကလဲ ဒါကို လုံး၀ သဘောမကျပဲ အခြား ပုံစံမျိုး နဲ့ မေးခွန်းတွေ လှည့်ပတ်ပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တူချယ်ဟာ အဲဒီ အကြောင်းအရာတွေ နဲ့ ဖြေကြားဖို့ ငြင်းဆန်ခဲ့ကာ ၊ သတင်းထောက်တွေလဲ ဆက်ပြီး မေးခွန်းမထုတ်ဖို့ တုန့်ပြန်သွားခဲ့ ပါတယ်။

SM