လေ့ကျင့်ရေး အစီအစဉ် တခုမှာ အေဘရာမိုဗစ်ခ်ျ တယောက် ကိုယ်တိုင် ပင်နယ်တီ ဝင်ကန်ဖို့ ကြိုးစားခဲ့ကြောင်း အမှတ်တရ ဖွင့်ဟခဲ့တဲ့ ဆီဘတ်စတီယန် နိုင်ဆဲလ်

ရုရှား ရေနံ သူဋ္ဌေး ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းကပဲ ဆယ်စုနှစ် ၂စုနီးပါး ပိုင်ဆိုင်လာတဲ့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ကြောင်း ကလပ် တရားဝင် ဝက်ဘ်ဆိုက်မှတဆင့် statement တရပ် ထုတ်ပြန်ခဲ့ပါတယ် ။

အေဘရာမိုဗစ်ခ်ျ ဟာ သူ ချဲလ်ဆီး အသင်းကို ပိုင်ဆိုင်လာတဲ့ အနှစ် ၂၀ နီးပါး သက်တမ်း တလျှောက်မှာ ၊ ယင်း လန်ဒန် ကလပ်ကို အအောင်မြင်ဆုံး ပရီးမီးယားလိဂ် အသင်း အဖြစ် ရပ်တည်စေခဲ့ပြီး ၊ ၄င်းလက်ထက် ဘယ်ပရီးမီးယားလိဂ် ကလပ် တသင်းကမှ ချဲလ်ဆီးထက် ဆုဖလား အရေအတွက် မများခဲ့ပါဘူး ။

ဒါ့အပြင် အေဘရာမိုဗစ်ခ်ျ ဟာ အင်္ဂလန်သို့ ပြည်ဝင်ခွင့် အပိတ်မခံရခင် ကာလ အထိ စတမ်းဖို့ဒ်ဘရစ်ခ်ျမှ ချဲလ်ဆီး အသင်းရဲ့ ပွဲစဉ် အချို့ကို အားရင် အားသလို ကိုယ်တိုင် လာရောက် အားပေးတတ်ပြီး ၊ အရေးပါတဲ့ ဆုဖလား ဗိုလ်လုပွဲတွေကို အစဉ်တစိုက် တက်ရောက်ခဲ့ပါတယ် ။

ပြည်ဝင်ခွင့် အပိတ်ခံရပြီးတဲ့နောက်ပိုင်းမှာတောင် အေဘရာမိုဗစ်ခ်ျ ဟာ ချဲလ်ဆီး အသင်းရဲ့ ယူရိုပါလိဂ် ဖိုင်နယ် ၊ ချန်ပီယံလိဂ် ဖိုင်နယ် ၊ ကမ္ဘာ့ကလပ် ဖိုင်နယ်နဲ့ အခြားသော ခြေစမ်းပွဲ အချို့ကို ကိုယ်တိုင် လာရောက် အားပေးခဲ့ပါသေးတယ် ။ ၄င်းလက်ထက်မှာ ချဲလ်ဆီး ဟာ ရနိုင်သမျှ ဆုဖလား အားလုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

ကံဆိုးစွာနဲ့ ရုရှား – ယူကရိန်း စစ်ပွဲ ပေါ်ပေါက်လာပြီးနောက် ၊ အေဘရာမိုဗစ်ခ်ျနဲ့ ချဲလ်ဆီးတို့ရဲ့ လမ်းခွဲ ဖြစ်လာဖို့ အကြောင်းဖန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ချဲလ်ဆီး ကွင်းလယ်လူဟောင်း တဦး ဖြစ်တဲ့ ဆီဘတ်စတီယန် နိုင်ဆဲလ် ကတော့ အေဘရာမိုဗစ်ခ်ျလောက် ကောင်းတဲ့ အသင်းပိုင်ရှင်ကို ဘယ်ကစားသမား တဦးတယောက်မှ အပြစ်ပြောမှာ မဟုတ်ဘူးလို့ ဖွင့်ဟခဲ့ပါတယ် ။

Goal သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ နိုင်ဆဲလ် က ” အသင်း နိုင်ပွဲတွေ ရပြီးတိုင်း ၊ ရိုမန် ဟာ အသင်းသားတွေနဲ့ အတူ အောင်ပွဲခံရတာ သဘောကျပါတယ် ။ ဘီယာ ၅ပုလင်းလောက် သောက်ပြီး အောင်ပွဲခံလိုက်မယ် ဆိုတာမျိုး မဟုတ်ပဲ ၊ အသင်းသားတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ၊ လက်ချင်းရိုက်ပြီး သိုက်သိုက်ဝန်းဝန်း အောင်ပွဲခံတာမျိုး ဖြစ်ပါတယ် ။ ”

” ချဲလ်ဆီးကို စရောက်ကတည်းက သူဟာ အသင်း အတွက် အရာရာ ပြောင်းလဲချင်တဲ့ ဆန္ဒ ရှိမှန်း သိသာခဲ့ပါတယ် ။ နောက်ပြီး သူဟာ အကယ်ဒမီ အတွက် ၊ ထရိန်နင် အတွက် လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေနဲ့ ပြန်လည် တည်ဆောက်ရေး အတွက်လည်း အများကြီး ဂရုစိုက်ပေးပါတယ် ။ ”

” ရိုမန်နဲ့ ပတ်သက်ပြီး အပြစ်ရှာမယ့် ကစားသမား တယောက်တောင် မရှိဘူးလို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး နိုင်ဆဲလ် က အေဘရာမိုဗစ်ခ်ျ ဟာ လေ့ကျင့်ရေး အစီအစဉ် တခုမှာ ယခင် ချဲလ်ဆီး ဂိုးသမားဟောင်း ကာလို ကူဒီစီနီနဲ့ ကိုယ်တိုင် ပင်နယ်တီ ကန်ဖို့ ကြိုးစားခဲ့တဲ့ အကြောင်းလည်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

နိုင်ဆဲလ် က ” ကျွန်တော်တို့ရဲ့ လေ့ကျင့်ရေး အစီအစဉ် တခုကို သူ ပြီးအောင် ကြည့်ပြီးတဲ့နောက် ၊ ကိုယ်တိုင် ပင်နယ်တီ တကြိမ် ကန်ချင်ခဲ့ပါတယ် ။ ကာလို ကူဒီစီနီနဲ့ သူ ပင်နယ်တီ ကန်ဖို့ ကြိုးစားခဲ့တာပါ ။ ခင်ဗျားဆိုလည်း ဒါမျိုး လုပ်မှာပါပဲ ။ ဘာလို့လဲ ဆိုတော့ ကိုယ်က ကစားသမားတွေကို လစာပေးထားတာကိုး ။ ”

” ( စနောက်တဲ့ အနေနဲ့ ) အကယ်၍ ကာလိုသာ သူ ကန်တဲ့ ပင်နယ်တီကို ကာကွယ်ခဲ့မယ်ဆိုရင် ၊ ရိုမန် က သူ့ကို လက်ကျန် စာချုပ် အရ ရမယ့် လစာ အားလုံးကို သူ့ရဲ့ မုန့်ဖိုးထဲက တခါတည်း ရှိပြီး ၊ အသင်းက ကန်ထုတ်ခဲ့လောက်မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR