လူး၀စ်ဒီယက် အပေါ် ရောဘတ်ဆန်းချက် ကျူးလွန်ခဲ့တဲ့ Foul နဲ့ ပက်သက်ပြီး အမြင်တွေကွဲပြားခဲ့ကြတဲ့ လီဗာပူးကစားသမားဟောင်းများ

လီဗာပူး နောက်ခံလူဟောင်း ဖြစ်သူ ဂျေမီကာရေဂါက ရောဘတ်ဆန်းချက် အနေနဲ့ လူး၀စ်ဒီယက် အပေါ် ကျူးလွန်ခဲ့တဲ့ အဆင်အခြင်မဲ့တဲ့ foul အတွက် အနီကတ် မထိခဲ့တာ အတော်လေး ကံကောင်းတယ်လို့ ပြောလိုက်ပါတယ်။ နောက်ခံလူ မာတစ် ဘောလုံး ပေးပို့လိုက်ချိန်မှာ စပိန် ဂိုးသမားက ဂိုးစည်းကနေ ပြေးထွက်ကာ ဖျက်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ကျသွားခဲ့ကာ လူး၀စ်ဒီယက်ကို အရှိန်ပြင်းပြင်း ခြေနဲ့ခုန်ကန်သလို ဖြစ်ခဲ့ကာ ကိုလံဘီယာစတားဟာ ခေါင်းတိုက် ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဆေးကုသမှု ခံယူခဲ့ရပါတယ်။

 

ဒီအဖြစ်အပျက်ကို Replay ပြန်ပြရာမှာ ဆန်းချက်ကို ကွင်းလယ်ဒိုင် ဖြစ်သူ မိုက်ဒင်းက အနီကတ်နဲ့ ထုတ်ပယ်တော့မယ်လို့ လူတော်တော်များများ ယူဆခဲ့ကြကာ VAR နဲ့ ပြန်ကြည့်ခဲ့ပေမယ့်လည်း ဒီလိုတော့ မဖြစ်ခဲ့ပါဘူး။ VAR ဒိုင် ဖြစ်သူ စတူး၀မ်အက်ဝဲလ်ဟာ ဒီအဖြစ်အပျက်ကို အနီကတ်လို့ မယူဆခဲ့တဲ့ အတွက် ကွင်းလယ်ဒိုင်ကို မော်နီတာမှာ သွားရောက် ကြည့်ရှုရန် အကြံပေးမှု မရှိခဲ့ပါဘူး။

လူတော်တော်များများ ကလည်း ဆန်းချက် အနေနဲ့ ဒီလို ဆိုးရွားတဲ့ Foul ကျူးလွန်ခဲ့ပေမယ့် တစ်စုံတစ်ရာ ပြစ်ဒဏ် မရခဲ့တဲ့ အပေါ် အံ့အားသင့်ခဲ့ကြပြီး ကာရေဂါ ကလည်း

ကာရေဂါက “ဒါဟာ ဂိုးဖြစ်သွားခဲ့တဲ့ အတွက် အနီကတ်ကို မပြသခဲ့တာလို့ ကျွန်တော် ထင်ပါတယ်။ ဒီယက်ရဲ့ ခေါင်းတိုက်ချက်ဟာ ဂိုးပိုက်ထဲ ၀င်သွားခဲ့ပေမယ့်လည်း ဒါဟာ အနီကတ်ပါ။ ဒိုင်တွေကို ကြည့်ရတာ ဂိုးက လုံလောက်တယ်လို့ ယူဆခဲ့တဲ့ ပုံစံပါပဲ။” လို့ ဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ဖြစ်သူ ပီတာ၀ယ်တန် ကလည်း ဆန်းချက် အနေနဲ့ အနီကတ် မပြသခံခဲ့ရတဲ့ အပေါ် နားမလည်နိုင်အောင် ဖြစ်နေပြီး ဒီလို challenge မျိုးဟာ ကွင်းရဲ့ တစ်ခြားနေရာတွေမှာသာ ဖြစ်ပွားခဲ့မယ် ဆိုရင် အနီကတ် ပြသခံရမယ့် challenge လို့ ဆိုခဲ့ပါတယ်။

၀ယ်တန်က “အကယ်လို့များ ဒီနေရာမှာ outfield player နှစ်ဦးသာ ဖြစ်ခဲ့မယ်ဆိုရင် ဒါကို အပြင်းအထန် ဒဏ်ရာ ရနိုင်တဲ့ foul paly အဖြစ် ယူဆရမယ်ဆိုတာ အသေအချာပါပဲ။” လို့ ပြောခဲ့ပါတယ်။

လီဗာပူး တိုက်စစ်မှုးဟောင်း ပီတာခရောက်ခ်ျ ကလည်း “အကယ်၍ ခင်ဗျား အနေနဲ့ အပြင်းအထန် ဒဏ်ရာရနိုင်တဲ့ foul play ကို မြင်ချင်တယ်ဆိုတာ ဒီဟာပါပဲ။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ တစ်စုံတစ်ဦးက သူများရဲ့ မျက်နှာကို တွန်းမိတာတို့ ဒါမှမဟုတ် ခေါင်းချင်းဆိုင်ကာ စကားများတာတို့ကို မြင်ခဲ့ရမှာပါ။ ဒီနေရာမှာ သူတို့ နာကျင်မှု ရှိမှာ မဟုတ်ပါဘူး။ ဒီယက်ရဲ့ အဖြစ်အပျက်ကတော့ ပြင်းထန်တဲ့ ဒဏ်ရာ ရသွားနိုင်တဲ့ အခြေအနေပါ။ ရာအူးဂျီမီနက် တို့ ရိုင်ယန်မေဆင် တို့ ဒီလိုမျိုး ဒဏ်ရာတွေ ရခဲ့တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ပြီးပါပြီ။ ဒီအဖြစ်အပျက်ကလည်း ဆိုးရွားတဲ့ ဒဏ်ရာ ဖြစ်သွားနိုင်ပါတယ်။” လို့ ဒိုင်တွေကို ဝေဖန်လိုက်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူး ဂိုးသမားဟောင်း ဖြစ်သူ ဒေးဗစ်ဂျိမ်းကတော့ ဂိုးသမား ဆန်းချက်ကို မထုတ်ပယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ထောက်ခံ သွားခဲ့ပါတယ်။

ဂျိမ်းက “ဒီယက်ရဲ့ ကစားပုံ ကောင်းခဲ့ပါတယ်။ ဆန်းချက်ကို မထုတ်ပယ်ခဲ့တာတော့ မှန်ကန်တယ်လို့ ထင်ပါတယ်။ ဒီယက်သာ ဂိုးမသွင်းနိုင်ခဲ့ဘူးဆိုရင် ဒါဟာ foul ၊ ပင်နယ်တီ နဲ့ အနီကတ် ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် သူ ဂိုးသွင်းခဲ့ပါတယ်။

ဆန်းချက်ဟာ ခြေထောက်ကို ဆွဲဆန့်ကာ အမြင့်ခုန်ကာ ၀င်ခဲ့ပါတယ်။ ခေါင်းလောက်ထိ မမြင့်ခဲ့သလို ဆန်းချက်ဟာ ဒီယက်ကို ကန်ခဲ့တာလည်း မဟုတ်ပါဘူး။” လို့ ဆိုခဲ့ပါတယ်။

SM