လူး၀စ်ဒီယက် အထူးခြေစွမ်းပြ ကစားခဲ့တဲ့…ဘရိုက်တန် 0-2 လီဗာပူး ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူးဟာ ယနေ့ညမှာ ဘရိုက်တန်ကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ထိပ်ဆုံးကနေ မန်စီးတီးကို ၃ မှတ် အကွာနဲ့ ထပ်မံ ဖိအားပေးလိုက်ပါတယ်။ ဒီယက်ဟာ ပွဲချိန် ၁၉ မိနစ်မှာ မာတစ်ရဲ့ ဖန်တီးမှုကနေ ခေါင်းတိုက်ဂိုး သွင်းယူပေးခဲ့ပြီး အဆိုပါ သွင်းဂိုးမှာ ဘရိုက်တန် ဂိုးသမား ဆန်းချက် အနေနဲ့ ကံကောင်းစွာနဲ့ အနီကတ် မထိခဲ့တာ ဖြစ်ပါတယ်။ ဒီယက်ရဲ့ သွင်းဂိုး ရရှိခဲ့ပြီးနောက် အစောပိုင်းမှာ လီဗာပူးဘက်ကို တိုက်စစ်ဆင်မှုကောင်းတွေ ပြုလုပ်ခဲ့တဲ့ ဘရိုက်တန်ဟာ ပြိုင်ဘက်ရဲ့ ကစားကွက်အောက်ကို ကျရောက်သွားခဲ့ပြီး ကျန်ပွဲချိန်တွေမှာ လီဗာပူးကပဲ ဂိုးသွင်းခွင့်တွေ ဖန်တီးသွားခဲ့ပါတယ်။

ဒုတိယပိုင်း မိနစ် ၆၀ လောက်မှာ လီဗာပူးတို့ ပင်နယ်တီ ရခဲ့ပြီး အစောပိုင်းမှာ အခွင့်အရေးတွေ ဖြုန်းတီးပစ်ခဲ့တဲ့ ဆာလားက ဂိုး၀င်အောင် ကန်သွင်းခဲ့ပါတယ် လက်ကျန်ပွဲချိန်တွေမှာတော့ လီဗာပူးဟာ ထိန်းကစားသွားခဲ့ပြီး စီးတီးကို ၃ မှတ်အကွာနဲ့ ဖိအားပေးသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့

၁~တာထွက်ကောင်းခဲ့တဲ့ ဘရိုက်တန်
ဘရိုက်တန်ဟာ ဒီပွဲစဉ်မတိုင်မီ ၄ ပွဲဆက် ရှုံးနိမ့်ထားခဲ့ပေမယ့်လည်း ယုံကြည်မှုတော့ ပျောက်ဆုံးနေဟန် မရှိဘဲ ပွဲအစ ၁၅ မိနစ်လောက်ထိ လီဗာပူးကို ဖိကစားနိုင်ခဲ့ပါတယ်။ အိမ်ရှင်တို့ဟာ pressing ကောင်းကောင်းနဲ့ လီဗာပူးကို ရစ်သမ်မရအောင် ကစားသွားခဲ့ပြီး ဧည့်သည်တို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါဟာ ဂရေဟမ်ပေါ်တာရဲ့ လက်အောက်မှာ ဘရိုက်တန်တို့ ဘယ်လို ကစားနိုင်စွမ်း ရှိသလဲဆိုတာ ပြသတာဖြစ်ပြီး ပထမအကျော့က အန်ဖီးမှာ ချေပဂိုး ၂ ဂိုး ပြန်ပေးခဲ့ရတဲ့ လီဗာပူး ကလည်း ဘရိုက်တန်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို ကောင်းကောင်း သိနေပါတယ်။ ဒါပေမယ့်လည်း ဘရိုက်တန်ဟာ ဒီစွမ်းဆောင်ရည်ကို ကာလရှည် မထိန်းနိုင်ခဲ့ဘဲ လီဗာပူးတို့ ဂိုးရသွားပြီးနောက်မှာတော့ ပြိုင်ဘက်ရဲ့ ကစားကွက်အောက်ကို ရောက်သွားခဲ့ပါတယ်။

 

၂~တောက်ပခဲ့ပြန်တဲ့ ဒီယက်
ဒီယက် သွင်းဂိုးရခဲ့ခြင်းဟာ ကလော့ အတွက်ကော ပရိတ်သတ်တွေ အတွက်ပါ ၀မ်းမြောက်စရာ အကြောင်းတွေ ရှိနေပါတယ်။ ကိုလံဘီယာစတားဟာ ပေါ်တိုကနေ ပြောင်းလာခဲ့ပြီးနောက် လီဗာပူးအတွက် ၁ ဂိုးသာ သွင်းပေးထားနိုင်ပါသေးတယ်။ ဒါပေမယ့် ဒီယက်ရဲ့ ကစားပုံအရ ဂိုးတွေဟာ သိပ်ပြီး ကြာတော့မှာ မဟုတ်ဘူးဆိုတဲ့ ခံစားချက်ကိုတော့ အားလုံးရနေကြပါတယ်။ ဒီယက်ဟာ ဒီပွဲမှာ ဘရိုက်တန်ရဲ့ လူကျွံထောင်ချက်ကို ကျော်ဖြတ်ကာ မာတစ်ချပေးလိုက်တဲ့ ဘောလုံးကို ဆန်းချက်ကို ကျော်ကာ ခေါင်းတိုက်ဂိုး သွင်းယူခဲ့ပါတယ်။

ပရိတ်သတ်တွေ အတွက် သဘောကျစရာကတော့ ဒီသွင်းဂိုးမှာ ဒီယက်ဟာ ရှေ့တက်လာခဲ့တဲ့ ဂိုးသမားထက် ဘောလုံး ဦးစေဖို့အတွက် ရဲရင့်စွာနဲ့ ပြေး၀င်ကာ အနာခံ အဆုံးသတ်ခဲ့တာ ဖြစ်ပြီး ဆန်းချက်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကို VAR က check လုပ်ခဲ့ပါသေးတယ်။ ဒီယက်အနေနဲ့ ခဏကြာ ကုသမှု ခံယူခဲ့ရပြီး လက်ကျန် ပွဲချိန်တွေမှာတော့ လီဗာပူးရဲ့ front three မှာ အတောက်ပဆုံး ကစားခဲ့သူ ဖြစ်ခဲ့ပါတယ်။

၃~အခွင့်အရေးကောင်း ဖြုန်းတီးခဲ့တဲ့ ထရိုဆန့်
ဘရိုက်တန်ဟာ လီဗာပူးကို ဒီပွဲမှာ သိပ်ပြီး ပြသနာ မများစေခဲ့ပေမယ့်လည်း ပထမပိုင်းအစနဲ့ ဒုတိယပိုင်း အစတို့မှာတော့ ကစားပုံ အတော်ကောင်းခဲ့ပါတယ်။ ဘရိုက်တန်ဟာ ဒုတိယပိုင်းအစမှာ မက်အလစ်စတာ နဲ့ မူပေးတို့ရဲ့ တွဲလုံးကနေ တဆင့် နေရာလွတ်မှာ ရှိနေတဲ့ ထရိုဆန့် အတွက် အခွင့်အရေးကောင်းကို ဖန်တီးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘယ်ဂျီယံ ကစားသမားရဲ့ ကန်ချက်ဟာ ဂိုးဘားပေါ် ကျော်တက်သွားခဲ့ပြီး အနည်းဆုံးတော့ ဂိုးပေါက်တော့ တည့်မတ်ခဲ့သင့်ပါတယ်။

Replay တွေ အရ ထရိုဆန့် ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင်လည်း မူပေးဟာ လက်နဲ့ထိန်းကာ ဂိုးဖန်တီးပေးခဲ့တာကြောင့် ပြန်လည် ပယ်ဖျက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘရိုက်တန်ဟာ ဂိုးသမား အလီဆွန် နဲ့ လီဗာပူး ခံစစ်ကို ဒုက္ခရောက်စေမယ့် အခွင့်အရေးတွေကိုတော့ လက်ကျန် ပွဲချိန်တွေမှာ ဖန်တီးနိုင်မှု အတော်လေး နည်းပါးခဲ့ပါတယ်။

၄~ဆူညံသံတွေကို ငြိမ်သက်စေခဲ့တဲ့ ဆာလား
ဒီပွဲစဉ်မတိုင်မီ title race နဲ့ လီဗာပူးရဲ့ ဖလားလေးလုံး မျှော်လင့်ချက် အစား ဆာလားရဲ့ စာချုပ်ကိစ္စက လွှမ်းမိုးခဲ့ပြီး စာချုပ်သက်တမ်း ၁ နှစ်အတွင်းကို ၀င်လာတော့မယ် အီဂျစ်စတား အနေနဲ့ လီဗာပူးရဲ့ စာချုပ်သစ်ကို ငြင်းပယ်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ကလပ်နဲ့ ကစားသမား တို့ဟာ လစာနှုန်းထားနဲ့ ပက်သက်ပြီး သဘောတူညီမှု မရ ဖြစ်နေဟန် ရှိနေပြီး ဒီအတိုင်းသာဆိုရင်တော့ လာမည့်နွေရာသီမှာ ဆာလား အနေနဲ့ လီဗာပူးကနေ ထွက်ခွာသွားဖို့ ရှိနေပါတယ်။

ဒါတွေအားလုံးဟာ ဆားလားရဲ့ ခြေစွမ်းကို သက်ရောက်မှု မရှိဘူးဆိုတာ ဘရိုက်တန်နဲ့ ပွဲစဉ်မှာ မြင်တွေ့ခဲ့ရပြီး အီဂျစ်စတားဟာ ဘယ်ခြမ်းကနေ ပြိုင်ဘက်ခံစစ်ကို တစ်ချိန်လုံး ခြိမ်းခြောက်ကစားခဲ့ပါတယ်။ ဆာလားအနေနဲ့ ဒီပွဲစဉ်မှာ open play ကနေ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် ဘရိုက်တန်နောက်တန်းရဲ့ ကာကွယ်မှု ၊ တိုက်ထိမှု တို့ကြောင့် ဂိုးမရခဲ့တာပါ။ ဒါပေမယ့်လည်း လီဗာပူးတို့ ရခဲ့တဲ့ ပင်နယ်တီကိုတော့ ၀င်အောင် ကန်သွင်းကာ နောက်ထပ် လိဂ်သွင်းဂိုး ၂၀ ပြည့်ခဲ့တဲ့ ရာသီကို ထပ်မံ ပိုင်ဆိုင်ခဲ့ပါတယ်။

၅~စီးတီးရဲ့ မှတ်တမ်းကို လိုက်မှီခဲ့တဲ့ လီဗာပူး
ပရိတ်သတ်တွေ အနေနဲ့ နောက်ထပ် အကြိတ်အနယ် ရှိမယ့် title race ကို ထပ်မံမြင်တွေ့ရမှာ ဖြစ်ပြီး စီးတီးနဲ့ လီဗာပူးတို့ကြား ကွာဟချက်က နည်းပါးလှပါတယ်။ စီးတီးဟာ လာမည့် တနင်္လာနေ့ ပဲလေ့စ်နဲ့ ကစားရမယ့် ပွဲစဉ်မတိုင်မီ လီဗာပူးနဲ့ ၃ မှတ်အကွာမှာသာ ရှိနေပြီး လုံး၀ကို အမှားခံလို့ မရတဲ့ အနေအထားပါ။ ဂိုးကွာခြားချက်ဆိုရင်လည်း စီးတီးဟာ +50 ရှိနေပြီး လီဗာပူးက +53 ရှိထားပါတယ်။

ဒီလို ပြင်းထန်တဲ့ title race မှာ ခံစစ်ကစားပုံဟာ တကယ့်ကို အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပြီး ကလော့ အနေနဲ့ သူ့ရဲ့ အသင်း ဘရိုက်တန်နဲ့ပွဲစဉ်မှာ ဒီရာသီ ၁၅ ကြိမ်မြောက် clean sheet ကို ရယူနိုင်ခဲ့တဲ့ အတွက် ၀မ်းမြောက်နေမှာပါ။ ဒါဟာ စီးတီးရဲ့ ဒီရာသီ clean sheet မှတ်တမ်းကို လိုက်မှီခဲ့တာ ဖြစ်ပြီး လီဗာပူးဟာ လိဂ်ပွဲစဉ် ၂၈ ပွဲမှာ ဂိုး ၂၀ ပဲ ပေးထားခဲ့ရပါသေးတယ်။ အလီဆွန်ဟာ ဒီပွဲစဉ်မှာ ဝဲလ်ဘတ်ရဲ့ ကောင်းမွန်တဲ့ ပိတ်သွင်းမှုကို အကောင်းဆုံး တားဆီးပေးခဲ့သလို ဗန်ဒိုက်နဲ့ မာတစ် ထရန့် ရောဘတ်ဆန် တို့ ခံစစ်အတွဲကလည်း အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။

SM