လီဗာပူး အားကစား ဒါရိုတ်တာ ကို ခေါ်ယူဖို့ စဉ်းစားနေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကနေ အရှက်တကွဲ နဲ့ ထွက်ခွာခဲ့ရပြီး နောက်ပိုင်း အပြောင်းအလဲ အကြီးအကျယ် လုပ်ဆောင်ဖို့ ပြင်ဆင်လျှက်ရှိနေပါတယ်။

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေ အရ နည်းပြ ပိုချက်တီနို တင်မဟုတ်ပဲ ၊ လက်ရှိ အားကစား ဒါရိုတ်တာ လီယိုနာဒို နဲ့ပါ ရာသီကုန်ရောက်ရင် လမ်းခွဲဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီ ကစားသမားဟောင်း ဖြစ်သူ လီယိုနာဒို ဟာ ပဲရစ် ကလပ် နဲ့ ပြန်လည် လက်တွဲခဲ့တဲ့ ဒုတိယ မြောက် သက်တမ်းမှာလဲ သူ့ရဲ့ စွမ်းဆောင်ရည်တွေ က အငြင်းပွားဖွယ်ရာတွေ ရှိနေပါတယ်။

ကမ္ဘာ့အကောင်းဆုံး လို့ သတ်မှတ်ခံထားရတဲ့ ကစားသမားတွေ ကို ဆက်တိုက် ခေါ်ယူနိုင်ခဲ့သလို ၊ ဒီရာသီ အစောပိုင်း တုန်းက ဆိုရင် ဘာစီလိုနာ နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ မက်ဆီ ၊ လီဗာပူး နဲ့ စာချုပ် သက်တမ်း ပြည့်မြောက်ခဲ့တဲ့ ဝိုင်နယ်ဒမ် တို့လို ကစားသမားတွေကို ခေါ်ယူ အားဖြည့်ခဲ့သည့်တိုင်အောင် ချန်ပီယံလိဂ် ကနေ စောစောစီးစီး လက်ပြလိုက်ရတာက တော်တော်လေးကို ရုပ်ဆိုးလွန်းပါတယ်။

ဒါကြောင့် သူတို့ဟာ Sporting ဆိုင်ရာ လုပ်ငန်းစဉ် ပိုင်းမှာ အကြီးအကျယ် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အတွက်ကို အားထုတ်လာနေပါတယ်။

အားကစား ဒါရိုတ်တာ ရာထူး အတွက်တော့ ဆန်ကာတင် စာရင်း သတ်မှတ်ထားပြီး လီဗာပူး ရဲ့ အောင်မြင်မှုတွေကို နောက်ကွယ်ကနေ ထုဆစ်ခဲ့တဲ့ မိုက်ကယ် အက်ဒ်ဝပ် က ရေပန်း အစားဆုံး ဖြစ်နေပါတယ်။

မိုက်ကယ် အက်ဒ်ဝပ် ဟာ ကမ္ဘာ့အဆင့်မီ ဖြစ်လာမယ့် ကစားသမားကောင်းတွေ ဖြစ်တဲ့ မို ဆာလာ ၊ မာနေး ၊ ဗန်ဒိုက် ၊ ရော်ဘတ်ဆန် ၊ ဖာဘင်ဟို ၊ ဂျော်တာ စတဲ့ ကစားသမားတွေ ကို အောင်အောင်မြင်မြင် ခေါ်ယူပြခဲ့ကာ ၊ လီဗာပူး ရဲ့ အောင်မြင်မှုတွေကို တစ်ဖက် တစ်လမ်းကနေ ကူညီ ပံ့ပိုးပေးခဲ့သူပါ။

ရာသီအကုန် ရောက်ရင်တော့ သူဟာ ဆယ်စုနှစ် တစ်ခုကြာ လည်ပတ် လုပ်ကိုင်ခဲ့တဲ့ လီဗာပူး နဲ့ နှုတ်ဆက် လမ်းခွဲမှာ ဖြစ်ပါတယ်။ အစောပိုင်းကတော့ စပိန် အင်အားကြီး ကလပ် ဖြစ်တဲ့ ရီးရဲ မက်ဒရစ် အသင်းက သူ့ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သည့်တိုင်အောင် ၊ တိကျသေချာတဲ့ အခြေအနေမျိုး အထိ တိုးတက်လာခြင်း မရှိခဲ့ပါဘူး။

ပီအက်စ်ဂျီ အသင်း ပိုင်ရှင်တွေ ဟာ သူတို့ အသင်း ကို ဥရော ပြိုင်ပွဲတွေမှာ ဒေါင်ဒေါင်မြည် အသင်းမျိုး ဖြစ်အောင် စိန်ခေါ်နိုင်တဲ့ ပုံစံမျိုး တည်ဆောက်ဖို့ ဆန္ဒပြင်းပြနေတာ ဖြစ်လို့ မိုက်ကယ် အက်ဒ်ဝပ် ကို သဘောကျနေတာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ အေတီကို အသင်း ကို အောင်မြင်အောင် လည်ပတ် မောင်းနှင်ပေးထားတဲ့ Andrea Berta ကလဲ စောင့်ကြည့်စာရင်းမှာ ပါဝင်နေပါတယ်။ Andrea Berta ဟာ အလားအလာကောင်းမွန်တဲ့ ကစားသမားတွေကို လစာ ပမာဏ နည်းနည်း နဲ့ ခေါ်ယူတဲ့ နေရာမှာ နာမည်ကြီးပြီး ၊ ဈေးကောင်းကောင်း နဲ့ ပြန်လည် ရောင်းချကာ အေတီကို အသင်းကို ယိုင်ထွက်သွားခြင်း မရှိအောင် ထိန်းကျောင်း လည်ပတ်ပေးလျှက် ရှိသူ ဖြစ်ပါတယ်။

နောက်ထပ် ဆန်ကာတင် စာရင်းမှာ ပါဝင်ထားသူက ဆတ်ဆူလို အသင်းက ဂျီယိုဗန်နီ ရော့စီ ဖြစ်ပြီး ၊ စပို့တင်း လစ္စဘွန်း က အားကစား ဒါရိုတ်တာ ဖြစ်တဲ့ Hugo Viana လဲ ပါဝင်နေပါတယ်။

သို့သော် အားလုံးထဲမှာ မိုက်ကယ် အက်ဒ်ဝပ် က ပီအက်စ်ဂျီ က လိုချင်တဲ့ အချက်အလက်တွေ နဲ့ အကိုက်ညီဆုံး ဖြစ်ပြီး ၊ သူတို့ ရဲ့ ငွေကြေး သုံးစွဲမှု အပိုင်းက ပိုပြီး ကျစ်လစ်ခိုင်မာအောင် ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ထားသလို ၊ နည်းပြ ခန့်အပ်တဲ့ အပိုင်းတွေအထိပဲ ရေရှည် အမြင်ကောင်းကောင်း နဲ့ လုပ်ကိုင်နိုင်လိမ့်မယ်လို့ ထင်ကြေး ပေးခံရသူ ဖြစ်ပါတယ်။

ကာယကံရှင် ကိုယ်တိုင်ကတော့ Low Profile သာ နေလေ့ရှိသူ ဖြစ်ပြီး ၊ လီဗာပူး နဲ့ လမ်းခွဲလိုက်တာ ဟာ နောက်ထပ် စိန်ခေါ်မှုသစ်တွေ ထပ်မံ ရင်ဆိုင် ရှာဖွေဖို့ အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

လီဗာပူး ကတော့ သူ့ရဲ့ နေရာကို လက်ထောက် အားကစား ဒါရိုတ်တာ ဂျူလီယံ ဝါ့ဒ် နဲ့ အစားထိုးသွားမှာ ဖြစ်ကြောင်း တရားဝင် ကြေငြာထားပါတယ်။

SM