လီဗာပူး ရဲ့ နောက်ဆုံး စာချုပ်သစ် ကမ်းလှမ်းမှု ကို ငြင်းပယ်လိုက်တဲ့ မို ဆာလာ

ဘောလုံးရာသီ တစ်ခု အဆုံးသတ်ခါ နီးလာတာ နဲ့ အမျှ ထိပ်တန်းအဆင့် ဘောလုံးသမားတွေ ရဲ့ အနာဂတ် ကလဲ ပိုပြီး လှုပ်ခတ်လာနေပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး ရယူထားတဲ့ မို ဆာလာ ဟာ 2023 ခုနှစ်မှာ လက်ရှိ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ၊ ဒီရာသီ ကုန်တာ နဲ့ တစ်နှစ် သက်တမ်းပဲ ကျန်တော့မှာ ဖြစ်လို့ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ တရားဝင် ချဉ်းကပ်လို့ ရနေပါပြီ။

အစောပိုင်းမှာ လီဗာပူး နည်းပြ ယာဂန် ကလော့ပ် ကိုယ်တိုင်က ဆာလာ ရဲ့ စာချုပ်သစ် ကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ လုံး၀ မရှိကြောင်း ယုံကြည်မှု အပြည့်နဲ့ ပြောဆိုခဲ့သော်လဲ ၊ မနေ့ညက ပြုလုပ်သွားတဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ လေသံက ပြောင်းလဲ သွားပါတယ်။

“ စာချုပ်သစ် ကိစ္စ က မိုရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်သွားပါပြီ။ ကလပ် အသင်းကလဲ သူတို့ လုပ်နိုင်သမျှအထိတော့ တိုးမြှင့် ကမ်းလှမ်းပေးထားပြီးပါပြီ။ ဒါတွေ နဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ မဆိုးပြောစရာ အကြောင်းမရှိပါဘူး။ အားလုံးက အဆင်ပြေပါတယ်။

ကျနော့် အမြင်မှာလဲ လက်ရှိ အခိုက်အတန့်မျိုးမှာ ဒီလိုပဲ ဖြစ်သင့်တာပါ။

လက်ရှိ အချိန်ထိ ဘာမှ ဖြစ်မလာသေးပါဘူး။ မို ကလဲ စာချုပ်သစ် မှာ လက်မှတ် မထိုးသလို ၊ ငြင်းဆန်ခြင်းလဲ မရှိသေးပါဘူး။ ကျနော်တို့ အနေနဲ့ အဲဒီ အဖြေကိုပဲ စောင့်နေကြရုံပါ။ လက်ရှိ ပုံစံမျိုးမှာ ဘယ်အရာမှ အလျှင်စလို လုပ်ဆောင်စရာ မလိုပါဘူး” လို့ ကလော့ပ် က သတင်းထောက်တွေ ကို ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

အဲဒီအချိန်မှာ ဆာလာ ရဲ့ အေးဂျင့် ဖြစ်သူက Ha Ha Emoji တွေ သုံးကာ စတေးတပ် တစ်ခု တင်လိုက်ချိန်မှာတော့ ကလပ် နဲ့ ကစားသမားတို့ အကြား ဆက်ဆံရေး အနေအထားက တော်တော်လေးကို ပေါ်လွှင်သွားခဲ့ ပါတယ်။

တစ်ချိန်တည်းမှာ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကိုယ်တိုင်က စာချုပ်သစ် ကိစ္စ နဲ့ ပတ်သက်ပြီး ဆာလာ က လက်ခံမှာ မဟုတ်တဲ့ အကြောင်းကို ထုတ်ဖော် ပြောဆိုလာခဲ့ ပါတယ်။

အီတလီ သတင်းထောက်ကြီး ရဲ့ ပြောပြချက် အရ လီဗာပူး နဲ့ ဆာလာ ရဲ့ ကိုယ်စားလှယ်တို့ အကြား နောက်ဆုံး အကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့တာဟာ ဒီဇင်ဘာလထဲမှာ ဖြစ်တယ်လို့ သိရပြီး ၊ အဲဒီ နောက်ပိုင်း ကတည်းက တွေ့ဆုံခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ လက်ရှိ လီဗာပူး ဘက်က ကမ်းလှမ်းထားတဲ့ အချက်အလက်မျိုးတွေ နဲ့ ဆိုရင် ဆာလာ က လက်ခံ စဉ်းစားမှာ မဟုတ်ဘူး လို့ အခိုင်အမာ ဆိုသွားခဲ့တဲ့ အပြင် ၊ ကစားသမား ဟာ လီဗာပူး မှာ မဟုတ်ရင်တောင် ပရီးမီးယားလိဂ် မှာပဲ ဆက်ပြီး ကစားချင်တဲ့ အကြောင်းပါ ထည့်သွင်း ပြောဆိုသွားခဲ့ ပါတယ်။

ဖာဘရီဇီယိုဟာ ဆာလာ ရဲ့ အေးဂျင့် ဆီကနေ သတင်းအချက်အလက်တွေ ရယူနိုင်ခဲ့တယ်လို့ ယူဆရပြီး ၊ ပြောပြသွားတဲ့ အကြောင်းအရာတွေဟာ အရင်တုန်းက ဆာလာ ရဲ့ စာချုပ်သစ် ကိစ္စ ပြောသလိုမျိုး မဟုတ်ပဲ တိကျ ခိုင်မှု အပြည့် ဖြစ်နေပါတယ်။

တဆက်တည်းမှာပဲ လီဗာပူး က စာချုပ် သက်တမ်း မတိုးဘူး ဆိုရင်တောင် ပီအက်စ်ဂျီ ၊ ဘာစီလိုနာ ၊ ရီးရဲ မက်ဒရစ် အသင်းတွေက ခေါ်ယူခြင်း မရှိခဲ့ရင် ၊ ပရီးမီးယားလိဂ် ပြိုင်ဘက် ကလပ်တွေဆီ ပြောင်းရွှေ့ ကစားချင်တဲ့ အကြောင်းကိုပါ လမ်းကြောင်း ဖွင့်သွားခဲ့တာပါ။

 

လောလောဆယ် အနေအထား အရ ချဲဆီး ကလဲ သူ့ ပြသနာတွေ နဲ့သူ ရုန်းကန်နေရသလို ၊ အာဆင်နယ် ကလဲ ကစားသမား လိုချင်တဲ့ လစာ ပမာဏမျိုး အထိ ပေးချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ယူနိုက်တက် ၊ မန်စီးတီး တို့ နှစ်သင်းသာ ရှိနေပြီး ၊ ဆာလာ အနေနဲ့ အဆိုပါ အသင်းတွေဆီ တကယ်ပဲ ပြောင်းရွှေ့ ကစားချင်တဲ့ ဆန္ဒမျိုး ရှိနေလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလွန်းနေပါတယ်။

SM