လီဗာပူး ပြီးနောက် ဒုတိယမြောက် သူအနှစ်သက်ဆုံးအသင်းကို ပြောပြသွားခဲ့တဲ့ အလက်ဇန်းဒါးအာနိုး

အလက်ဇန်းဒါးအာနိုးဟာ သူ့ရဲ့ ကစားသမား ဘ၀ကို အန်ဖီးမှာသာ ဖြတ်သန်းထားခဲ့တဲ့သူ ဖြစ်ပြီး လီဗာပူး ညာနောက်ခံလူဟာ လက်ရှိမှာ အသက် ၂၃ နှစ်သာ ရှိနေသေးပေမယ့် ကလပ် အတွက် ပွဲပေါင်း ၂၀၀ ကျော် ကစားပေးထားခဲ့ပြီး ဖြစ်ပါတယ်။ အလက်ဇန်းဒါးအာနိုးဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က ယာဂန်ကလော့ရဲ့ စီနီယာ အသင်းမှာ နေရာပေးခြင်း ခံခဲ့ရပြီးနောက် ကမ္ဘာ့အဆင့် ညာနောက်ခံလူ တစ်ဦး အဖြစ် လျှင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။

လီဗာပူး အကယ်ဒမီထွက် ကစားသမားဟာ သူ့ရဲ့ ငယ်ဘ၀ ကလပ်နဲ့ အတူ ပရီးမီးယားလိဂ်ဖလား ချန်ပီယံလိဂ်ဖလား ကလပ်ကမ္ဘာ့ဖလား ယူအီးအက်ဖ်အေစူပါဖလား နဲ့ လိဂ်ဖလား တို့ကို ဆွတ်ခူး ထားခဲ့ပြီး ဖြစ်ပါတယ်။ အလက်ဇန်းဒါးအာနိုးရဲ့ ကမ္ဘာ့အဆင့် ခြေစွမ်းကြောင့် ၎င်းကို ဥရောပမှာ နှစ်သက်တဲ့ ကလပ်တွေက အများအပြား ရှိနေခဲ့ပါတယ်။

ငယ်စဉ်ကတည်းက လီဗာပူးရဲ့ အမာခံ ပရိတ်သတ် တစ်ဦး ဖြစ်ခဲ့သူ အလက်ဇန်းဒါးအာနိုးက လီဗာပူး ပြီးရင် ဒုတိယမြောက် သူ အနှစ်သက်ဆုံး ကလပ်ဟာ ဘာစီလိုနာ အသင်း ဖြစ်တယ်လို့ ဆိုလိုက်ပြီး ကတ်တလန် ကလပ်ဟာ လီဗာပူးနဲ့ ဆင်တူတဲ့ အိုင်ဒီယာ နဲ့ values တွေ ရှိနေတဲ့ အသင်း ဖြစ်တယ်လို့ ဆိုသွားပါတယ်။

ထရန့်က “လီဗာပူး ပြီးရင် ကျွန်တော် နှစ်သက်တဲ့ အခြား အသင်း ကတော့ ဘာစီလိုနာ ဖြစ်တယ်လို့ ကျွန်တော် ပြောချင် ပါတယ်။ သူတို့ဟာ လီဗာပူး လိုမျိုး တူညီတဲ့ အိုင်ဒီယာ နဲ့ values တွေ ရှိနေတယ်လို့ ကျွန်တော် ခံစားမိပါတယ်။ သူတို့ဟာ ကျွန်တော်တို့ လိုမျိုးပဲ အကယ်ဒမီက လူငယ် ကစားသမား တွေကို အသင်းကြီးမှာ နေရာပေးရတာကို နှစ်သက်တဲ့ အသင်း ဖြစ်ပါတယ်။

ကျွန်တော်ဟာ လီယွန်နယ်မက်ဆီကို ကြည့်ကာ ကြီးပျင်းလာခဲ့တာ ဖြစ်ပြီး မက်ဆီ အင်နီယေစတာ ဇာဗီ အွန်နရီ အီတိုး တို့နဲ့ ဖွဲ့စည်းထားခဲ့တဲ့ ဘာစီလိုနာ အသင်း ကတော့ ကျွန်တော် အနှစ်သက်ဆုံး ဖြစ်ပါတယ်။” လို့ ပြောဆိုသွား ပါတယ်။

အလက်ဇန်းဒါးအာနိုးဟာ အာဆင်နယ်နဲ့ ပွဲစဉ်မှာ ရရှိခဲ့့တဲ့ ဒူးကောက်ကြော ဒဏ်ရာကြောင့် နိုင်ငံတကာ ပွဲစဉ်ကာလ မတိုင်မီ ကစားခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ် နဲ့ အက်ဖ်အေဖလား ပွဲစဉ်ကို လွဲချော်ခဲ့ပြီး လက်ရှိမှာ ဒဏ်ရာ ကနေ ပြန်လည် နလန်ထမှုတွေ လုပ်ဆောင်လျက် ရှိနေပါတယ်။ အလက်ဇန်းဒါးအာနိုး ကတော့ လာမည့် ဧပြီလ ၁၀ ရက်နေ့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် title race အတွက် အရေးပါတဲ့ ပွဲစဉ် မတိုင်မီ လီဗာပူး အတွက် ပြန်ကစားပေးနိုင်ဖို့ အတွက် မျှော်လင့်လျက် ရှိနေပါတယ်။

SM