လီဗာပူး ပျော်ခဲ့ရတဲ့ စီးတီးရဲ့ သရေပွဲ ၊ ဖြိုချပြီး အသစ်ပြန်ဆောက်မယ့် အိုးထရက်ဖိုဒ့် ၊ ချဲလ်ဆီး ကို ကမ်းလှမ်းထားတဲ့ ဆော်ဒီမီဒီယာ တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ခရစ္စတယ် ပဲလေ့စ် ဟာ အိမ်ကွင်းမှာ မန်ချက်စတာ စီးတီး ကို ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်အောင် ကစား သွားခဲ့ ပါတယ် ။

ဒီသရေ ပွဲဟာ အဆင့် ၁ နေရာက မန်စီးတီး ကို လိုက်ဖိအားပေး နေတဲ့ လီဗာပူး အတွက် ပျော်ရွှင်စရာ ရလဒ် ဖြစ်စေခဲ့ပြီး ၂ သင်း အကြားမှာ ၄ မှတ်သာ ကွာဟသွားပြီ ဖြစ်ပါတယ် ။

လီဗာပူး ဟာ ပွဲကျန်တပွဲ ကစားဖို့ ရှိနေသေးပြီး အဆိုပါပွဲကို အနိုင်ရခဲ့ပါက စီးတီး နဲ့ ၁ မှတ်သာ ကွာတော့မှာ ဖြစ်ကာ သူတို့ ၂ သင်း ထိပ်တိုက်တွေ့တဲ့ ပွဲဟာ ချန်ပီယံဆု အတွက် အဆုံးအဖြတ်လို ဖြစ်လာတော့မှာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့ရဲ့ သမိုင်းဝင် အိုးထရက်ဖိုဒ့် ကွင်းကြီးကို အသစ်ပြန်လည် တည်ဆောက်ဖို့ စီစဉ် နေပြီး လက်ရှိ ကွင်းကို ဖြိုချ သွားဖို့ စဉ်းစား နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ဆော်ဒီမီဒီယာ လုပ်ငန်း ဟာ ချဲလ်ဆီး အသင်းကို ဝယ်ယူဖို့ ပေါင် ၂.၇ ဘီလီယံ နဲ့ ကမ်းလှမ်းမှု ပြုလုပ် ထားတယ်လို့လည်း သတင်း ထွက်လာခဲ့ ပါတယ် ။

ချဲလ်ဆီး အသင်းကတော့ လက်ကျန် ပွဲတွေ အတွက် လက်မှတ်ရောင်းချခွင့် ရရှိရေးကို ဗြိတိန် အစိုးရထံ နေ့စဉ် တင်ပြ တောင်းဆို နေတယ်လို့ ကြားသိရ ပါတယ် ။

UEFA ဟာ ပရီးမီးယားလိဂ် လိုမျိုး ရုပ်သံ ထုတ်လွှင့်မှု ဆန်ရှင် မချမှတ် ထားတာကြောင့် ချဲလ်ဆီး နဲ့ လိုင်လီ တို့ ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းဆင့် ဒုတိယ အကျော့ ပွဲကို ရုရှ မှာ ထုတ်လွှင့် ပြသ နိုင်မယ်လို့လည်း သိရ ပါတယ် ။

စပိန် လာလီဂါ မှာတော့ အဆင့် ၁ နေရာက ရီးရဲမက်ဒရစ် ဟာ မနေ့ညက မာယော့ကာ အသင်းကို အဝေးကွင်းမှာ ၃-၀ နဲ့ အနိုင် ကစားခဲ့ ပါတယ် ။

ရီးရဲ အတွက် တိုက်စစ်မှူးကြီး ဘန်ဇီးမား က ၂ ဂိုး သွင်းပေးခဲ့သလို ဗီနီဆီယပ် ဂျူနီယာ က ကျန် ၁ ဂိုးကို သွင်းယူပေးခဲ့ ပါတယ် ။

PSG ဟာ လာမယ့် နွေရာသီမှာ နည်းပြ အပြောင်းအလဲ ပြုလုပ်ဖို့ ရှိနေပြီး အာဆင်နယ် နည်းပြ အာတီတာ ၊ စပါး နည်းပြ ကွန်တီ နဲ့ အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီးမြွန်းနီ တို့ ၃ ယောက်ကို ပိုချက်တီနို ရဲ့ နေရာ အတွက် စာရင်း ပြုစု ထားတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလာ ဟာ ဘရိုက်တန် နဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့ပြီး ကြားရက်မှာ အာဆင်နယ် နဲ့ ကစားဖို့ ရှိတဲ့ ပရီးမီးယားလိဂ် ပွဲကျန် အတွက် မသေချာတဲ့ အနေအထား ရှိနေတယ်လို့လည်း သိရပါတယ် ။

လီဗာပူး ဟာ စကော့တလန် ကလပ် ဆဲလ်တစ် ရဲ့ ၁၆ နှစ် အရွယ် တောင်ပံ ကစားသမား ဘန် ဒွတ် ကို စောင့်ကြည့် နေပြီး အသင်းဆီ ခေါ်ယူ အားဖြည့်ဖို့ အတွက် ကစားသမား အလဲအထပ် ပုံစံ နဲ့ ကမ်းလှမ်း ထားတယ်လို့ ကြားသိရ ပါတယ် ။

စပိန် လာလီဂါ ဟာ ပြိုင်ပွဲဝင် အသင်း ၂၀ အတွက် လူသစ် ခေါ်ယူရာမှာ အသုံးပြုနိုင်မယ့် ငွေကြေး ပမာဏ ကို မနေ့က ထုတ်ပြန် ပေးခဲ့ပြီး ဘာစီလိုနာ ဟာ ယူရို ၁၄၄ သန်း ထက် ပိုပြီး အသုံးပြု နိုင်မှာ မဟုတ်ဘူးလို့ သိရ ပါတယ် ။

ဒါကြောင့် သူတို့ အနေနဲ့ တနှစ်ကို ယူရို သန်း ၅၀ လောက် ကုန်ကျမယ့် အာလင်း ဟာလန်း ကို ခေါ်ယူဖို့ စိတ်ကူးဖွယ် မရှိ နိုင်တော့ဘူးလို့ သုံးသပ်ချက်တွေ ထွက်လာခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ လီဗာပူး က စိတ်ဝင်စား နေတဲ့ လိဒ် တောင်ပံ ကစားသမား ရာဖင်ညာ ကို စောင့်ကြည့် လာတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်ကတ် ဟာ မနေ့က ချန်ပီယံလိဂ် ပွဲကြို လေ့ကျင့်မှု ပြုလုပ် ခဲ့ပြီး စနေနေ့ ပွဲတုန်းက မပါဝင် ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် နဲ့ လုခ်ရှော တို့ ပြန်လည် ပါဝင် လာခဲ့တယ်လို့ သိရပါတယ် ။

ယူနိုက်တက် ဟာ လာမယ့် နွေရာသီမှာ တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်း ကို ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့လည်း ကြားသိရပါတယ် ။

ရုရှ နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားဖို့ မရှိတော့တဲ့ ပိုလန် နဲ့ ယူကရိန်း နဲ့ ခြေစစ်ပွဲကို ရွှေ့ဆိုင်း ထားတဲ့ စကော့တလန် အသင်းတို့ဟာ လာမယ့် နိုင်ငံတကာ ရက်သတ္တပတ် မှာ ခြေစမ်းပွဲ ကစားသွားမယ်လို့ ထုတ်ပြန် ကြေညာ သွားခဲ့ ပါတယ် ။

နှလုံးမှာ ပြဿနာ ရှိနေတာကြောင့် ဇန်နဝါရီ ကတည်းက နားနေခဲ့ရတဲ့ ဘိုင်ယန်မြုးနစ် နောက်ခံလူ အယ်ဖွန်ဆို ဒါးဗိစ် ဟာလည်း ပြန်လည် လေ့ကျင့်မှု ပြုလုပ် နေပြီလို့ သတင်းကောင်း ကြားသိရ ပါတယ် ။

နာမည်ကျော် ဖိလစ်ပိုင် လက်ဝှေ့ ချန်ပီယံဟောင်း မန်နီ ပက်ကွီအို ရဲ့ သားဖြစ်သူ အီမန်နျူရယ် ဟာ ဖခင်ရဲ့ ခြေရာကို လိုက်နင်းကာ လက်ဝှေ့ လောကထဲ ဝင်ရောက် လာခဲ့ပြီး ယမန်နေ့က သူ့ရဲ့ ပထမဆုံး ထိုးသတ်မှုမှာ အမှတ်နဲ့နိုင်ပွဲ ကို ရယူ သွားခဲ့တယ်လို့ သိရှိရ ပါတယ် ။

 

SPORTS MYANMAR