လီဗာပူး နဲ့ သတင်းထွက်နေတဲ့ ဆာကာ ကို အာဆင်နယ် အသင်းမှာပဲ ဆက်နေဖို့ တိုက်တွန်းလိုက်တဲ့ ဒေါင်းနင်း

ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင် ဖြစ်နေကြတဲ့ လီဗာပူး နဲ့ မန်စီးတီး အသင်းတို့ဟာ အာဆင်နယ် အသင်းရဲ့ လူငယ် ကြယ်ပွင့် ဆာကာ ကို ခေါ်ယူချင် နေတယ်လို့ သတင်းတွေ ထွက်ပေါ် လျက် ရှိနေပါတယ် ။

အဲ့ဒီ အချိန်မှာပဲ လီဗာပူး အသင်းရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ စတီးဝပ် ဒေါင်းနင်း က ဆာကာ အနေနဲ့ သူ့အပေါ် ယုံကြည်မှု အပြည့်ရှိတဲ့ နည်းပြ အာတီတာ လက်အောက်မှာပဲ ဆက်လက် ကစားသင့်တယ်လို့ အကြံဉာဏ် ပေးလိုက်ပါတယ် ။

အင်္ဂလန် လူငယ် ကြယ်ပွင့် ဆာကာ ဟာ ဒီရာသီမှာ အာဆင်နယ် အသင်း အတွက် ပရီးမီးယားလိဂ် ၂၈ ပွဲ အထိ ကစားပေးထားပြီး ၉ ဂိုး သွင်း ၅ ဂိုး ဖန်တီး ပေးထားကာ နောက်ဆုံး ကစားခဲ့တဲ့ အက်စတွန်ဗီလာ နဲ့ ပွဲမှာလည်း အနိုင်ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ဟာ ဆာကာ ကို လက်ရှိမှာရော အနာဂတ် အတွက်မှာပါ အသင်း အတွက် အရေးပါတဲ့ ကစားသမား တစ်ဦး အဖြစ် သတ်မှတ် ထားပြီး လာမယ့်နွေရာသီမှာ အင်္ဂလန်သားကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အရေး အဓိက ဦးစားပေး လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

အာဆင်နယ် အသင်းဟာ ဆာကာ ကို စာချုပ် သက်တမ်းတိုးဖို့ ကနဦး ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ် ။ ဆာကာ ရဲ့ လက်ရှိ စာချုပ် သက်တမ်းဟာ ၂၀၂၃ နှစ် + ၁ နှစ် ထပ်တိုးခွင့် ပါရှိတဲ့ စာချုပ် ဖြစ်ပါတယ် ။

လီဗာပူး အသင်းမှာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် အထိ ကစားခဲ့ဖူးတဲ့ ဒေါင်းနင်း ကတော့ ဆာကာ အနေနဲ့ စာချုပ် သက်တမ်းတိုးပြီး အာဆင်နယ် အသင်းမှာပဲ ဆက်လက် ကစားသင့်ကြောင်း Ladbrokes နဲ့ သီးသန့် အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော်သာ အာဆင်နယ် ပရိသတ် တစ်ဦးဆိုရင် သူ့(ဆာကာ) ကို ဆုံးရှုံး ရမှာ စိုးရိမ်သလား ? သူ(ဆာကာ) က ပရီးမီးယားလိဂ် ဘယ် အသင်း နဲ့ မဆို အံဝင်အောင် ကစားနိုင်မယ့်သူ ဆိုတာတော့ သေချာပေါက် ပြောရဲပါတယ် ။ ”

” ဒါပေမယ့် သူ့အတွက် စဉ်းစားကြည့်ရအောင်ဗျာ ၊ သူက အခု လက်ရှိမှာ သူ့ကို ယုံကြည်မှု အပြည့်ရှိတဲ့ နည်းပြ လက်အောက်မှာ ကစားနေရပြီး ရှေ့လျှောက် ဘယ်လို အစီအစဉ် ရှိသလဲ ဆိုတာကိုလည်း သိမြင်ခွင့် ရထားပါတယ် ။ ”

” ခင်ဗျားတို့ စဉ်းစားကြည့်ရမှာက သူသာ မန်စီးတီး လို အသင်းမျိုးကို ပြောင်းရင် အပတ်တိုင်း ပုံမှန် ကစားခွင့် ရမှာလား ဆိုတာပါ ။ ဖလားတွေတော့ ပိုရပါလိမ့်မယ် ၊ ဒါပေမယ့် အာဆင်နယ် က ခုတည်ဆောက်နေဆဲ အသင်း ဖြစ်ပြီး ပွဲတိုင်း ပိုပိုကောင်းလာနေတဲ့ အသင်းပါ ။ ”

” လာမယ့် လေး ငါးနှစ် အတွင်း အာဆင်နယ် က ပရီးမီးယားလိဂ် ရဲ့ ထိပ်တန်း အသင်းကြီး တစ်သင်းပြန်ဖြစ်လာနိုင်သလား ဆိုတာ ခင်ဗျားတို့လည်း သိနိုင်မှာ မဟုတ်ပါဘူး ။ အာဆင်နယ် က ထောက်ခံ အားပေးမှုတွေ ကောင်းကောင်း ရထားပါတယ် ၊ ကျွန်တော့် အမြင်ကတော့ ဆာကာ အာဆင်နယ် အသင်းမှာ ဆက်နေတာ ပိုကောင်းပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM