လီဗာပူး နဲ့ ပွဲက အမှားအပေါ် ရမ်စ်ဒေးလ် ဘယ်လို တုန့်ပြန် ခဲ့သလဲ ဆိုတာ ပြောကြားလိုက်တဲ့ အာတီတာ

အာဆင်နယ် နည်းပြ အာတီတာ က လီဗာပူး နဲ့ ပွဲမှာ ပေးလိုက်ရတဲ့ အဖွင့်ဂိုး နဲ့ ပတ်သက်ပြီး ဂိုးသမားအာရွန် ရမ်စ်ဒေးလ် တစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်နေကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

ဒီနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့ လီဗာပူး အသင်းဟာ ပုံစံကောင်းတွေ ဆက်တိုက် ရနေတဲ့ အာဆင်နယ် အသင်းကို ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဦးဆောင်ဂိုး မပေးရခင် အထိ လီဗာပူး အသင်းကို အကောင်းဆုံး တုန့်ပြန် ကစားနိုင်ခဲ့ပေမယ့် ရမ်စ်ဒေးလ် ရဲ့ နေရာယူမှု အမှားကနေ ဂျိုတာ ရဲ့ ဂိုးကို ခွင့်ပြု ခဲ့ရပြီးနောက် ကစားပုံ လျော့ကျသွားခဲ့ပါတယ် ။

အဲ့ဒီနောက်မှာတော့ လီဗာပူး အသင်းဟာ လူစားဝင် ကစားသမား ဖာမင်နို ရဲ့ သွင်းဂိုး တစ်ဂိုး ထပ်မံ ရရှိပြီး နှစ်ဂိုးပြတ် အနိုင်ယူကာ အဆင့် ၁ က မန်စီးတီး နဲ့ ၁ မှတ် အကွာ အနေအထားကို ရောက်ရှိ လာခဲ့ပါတယ် ။

ပွဲအပြီး အင်တာဗျူးမှာတော့ အာဆင်နယ် နည်းပြ အာတီတာ က ရမ်စ်ဒေးလ် ရဲ့ အမှား နဲ့ ပတ်သက်ပြီး” သူ စိတ်ပျက်ကောင်း စိတ်ပျက် နေနိုင်ပါတယ်။ဒါပေမယ့် ဒါက ပွဲတစ်ပွဲမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အစိတ်အပိုင်း တစ်ခုပါပဲ ။ ”

” သူ ကျွန်တော်တို့ကို ကယ်တင်ခဲ့တဲ့ အချိန်တွေ အများကြီး ရှိသလို တကယ့်ကို ကောင်းမွန်တဲ့ လက်စွမ်းတွေ ပြသ နိုင်ခဲ့တဲ့ အချိန်တွေလည်း ရှိပါတယ် ။ ဒီကနေ့မှာလည်း ကျွန်တော်တို့ လုပ်ချင်တဲ့အရာတွေ လုပ်နိုင်အောင် သူကူညီပေးခဲ့တဲ့ အခိုက်အတန့် အချို့ ရှိခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ပေါလ်မာဆန် ကတော့ ပွဲအပြီး Sky Sports မှာ လီဗာပူး အသင်း ရရှိသွားတဲ့ အဖွင့်ဂိုးဟာ အာရွန် ရမ်စ်ဒေးလ် ရဲ့အပျင်းထူမှုကြောင့် ဖြစ်ကြောင်း ဝေဖန် ပြောဆို သွားခဲ့ပါတယ် ။

” အဖွင့်ဂိုး ကတော့ အာဆင်နယ် အသင်း ရဲ့ ညံ့ဖျင်းတဲ့ ခံစစ် ကစားပုံ နဲ့ ညံ့ဖျင်းတဲ့ ဂိုးပေါက် ကာကွယ်မှုပါပဲ ။ ဂိုးသမား က အပျင်းထူ လေးလံ နေခဲ့ပါတယ် ၊ သူ့စိတ်ထဲမှာတော့ ဖြတ်တင်ဘော လုပ်လိမ့်မယ်လို့ ထင်​နေပုံပါပဲ ။ ဂိုးသမား တစ်ဦး အနေနဲ့ ကိုယ့်ရဲ့ အနီးကပ် ဂိုးတိုင်ကနေ ဂိုးပေးလိုက်ရတာမျိုးက မဖြစ်သင့်ပါဘူး ။ ” လို့ ဝေဖန် သွားခဲ့ပါတယ် ။

SM