လီဗာပူး နဲ့ ဆုံမယ့် စီးတီး ၊ လေးစား စရာ ဘာစီလိုနာ ၊ ခေတ်စားလာတော့မယ့် ဂိုးတိုင်ကြိုးချည် ဆန္ဒပြမှု တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

 

ယမန်နေ့ ညက ကစားခဲ့တဲ့ FA Cup ကွာတားဖိုင်နယ် ပွဲစဉ်တွေ အပြီးမှာတော့ ချဲလ်ဆီး ၊ ပဲလေ့စ် ၊ လီဗာပူး နဲ့ မန်စီးတီး တို့ ဆီမီး ဖိုင်နယ်ကို တက်လှမ်း လာခဲ့ကြပါတယ် ။

ဆီမီး ဖိုင်နယ် မဲခွဲရာမှာတော့ ချဲလ်ဆီး ဟာ လန်ဒန် ကလပ် ပဲလေ့စ် နဲ့ ဆုံတွေ့ ခဲ့ပြီး လီဗာပူး ကတော့ မန်ချက်စတာ စီးတီး နဲ့ ကစားဖို့ မဲကျခဲ့ ပါတယ် ။

 

ပရီးမီးယားလိဂ် မှာတော့ တော့တင်ဟမ် ဟော့စပါး ဟာ ဝက်စ်ဟမ်း ကို အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင် ကစားပြီး အဆင့် ၅ နေရာကို တက်လှမ်း လာနိုင်ခဲ့ ပါတယ် ။

စပိန် လာလီဂါ မှာတော့ ဇာဗီ ရဲ့ ဘာစီလိုနာ ဟာ El Clasico ပွဲစဉ် အဖြစ် ရီးရဲ မက်ဒရစ် ရဲ့ ဘာနေဗျူး ကွင်းကို သွားရောက် ကစားခဲ့ပြီး အိမ်ရှင် ရီးရဲ ကို ၄-၀ နဲ့ ဂိုးပြတ် အနိုင် ကစားသွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ဇာဗီ ရဲ့ လက်အောက်မှာ သိသိ သာသာ တိုးတက်နေပြီး အခုပွဲမှာလည်း ဇန်နဝါရီ တုန်းက ရောက်လာ ခဲ့ကြတဲ့ ကစားသမားတွေ ခြေစွမ်းပြ ၊ ဂိုးတွေ သွင်းပေး ခဲ့ကြပါတယ် ။

ဘာစီလိုနာ အတွက် ၂ ဂိုး သွင်းခဲ့တဲ့ တိုက်စစ်မှူး အော်ဘားမီးယန်း ကတော့ ရီးရဲ မက်ဒရစ် ကို ၅ ပွဲ ဆက်တိုက် ဂိုးသွင်း နိုင်တဲ့ တဦးတည်းသော ကစားသမား ဖြစ်လာခဲ့ ပါတယ် ။

ရီးရဲ တို့ ရှုံးပွဲ ကြုံခဲ့ ပေမယ့် ဒုတိယ နေရာက ဆီဗီးလား သရေကျ ခဲ့တာကြောင့် အမှတ်ပေး ဇယား ထက်မှာ ၉ မှတ်ဖြတ်ကာ ဆက်လက် ဦးဆောင် နေခဲ့ ပါတယ် ။

 

အီတလီ စီးရီးအေ မှာတော့ ယူဗင်တပ် ဟာ ဆလီနာတီတာ အသင်းကို ၂-၀ နဲ့ အနိုင် ကစားပြီး ဒိုင်ဘားလား နဲ့ ဗလာဟိုဗစ် တို့က ၁ ဂိုးစီ သွင်းယူ ပေးခဲ့ကြပါတယ် ။

ရောမ ဒါဘီ မှာတော့ ရိုးမား က လာဇီယို ကို ၃-၁ နဲ့ အနိုင် ရခဲ့ပြီး ဂိုးမြူးနေတဲ့ တိုက်စစ်မှူးလေး အေဘရာဟမ် က ရိုးမား အတွက် ၂ ဂိုး သွင်းပေး ခဲ့ ပါတယ် ။

ပြင်သစ် လိဂ်မှာတော့ PSG ဟာ အဝေးကွင်းမှာ မိုနာကို အသင်းကို ၃-၀ နဲ့ ဂိုးပြတ် ရှုံးနိမ့် သွားခဲ့ ပါတယ် ။

ဒါပေမယ့် အခုချိန်အထိ PSG က ဒုတိယ နေရာက အသင်းကို ၁၂ မှတ် ဖြတ်ပြီး ဦးဆောင် နေဆဲပါပဲ ။

ဘရန့်ဖိုဒ့် ကွင်းလယ်လူ အဲရစ်ဆင် ဟာ ကိုဗစ် ဖြစ်နေတာကြောင့် လက်စတာ ကို ရှုံးနိမ့် ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကို မပါဝင် နိုင်ခဲ့တာလို့ သိရ ပါတယ် ။

ဒါပေမယ့် အဲရစ်ဆင် ဟာ လာမယ့် နိုင်ငံတကာ ရက်သတ္တပတ် မှာ ကစားမယ့် ဒိန်းမတ် အသင်းရဲ့ ခြေစမ်းပွဲ တွေကိုတော့ ပါဝင် ကစားဖို့ ရှိတယ်လို့ ကြားသိရ ပါတယ် ။

 

အပြောင်းအရွှေ့ သတင်းတွေ မှာတော့ မော်ရင်ဟို ရဲ့ ရိုးမား အသင်းဟာ ချဲလ်ဆီး လူငယ် ကစားသမားလေး ချာလီ မူဆွန်ဒါ ကို နွေရာသီမှာ ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့ သိရ ပါတယ် ။

စတီဗင် ဂျရတ် ရဲ့ အက်စတွန် ဗီလာ အသင်း ကတော့ လိဒ် ကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ် ကို လာမယ့် ရာသီ အတွက် အားဖြည့်တဲ့ အနေနဲ့ ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

.

ယူဗင်တပ် နည်းပြ အယ်လီဂရီ ကတော့ ဒိုင်ဘားလား ဟာ လာမယ့် ရာသီမှာ ဆက်ရှိ နေမယ် မနေဘူး ဆိုတာကို သူ မသိနိုင်ကြောင်း ၊ လက်ရှိ အခြေအနေ ( စာချုပ်သစ် ကိစ္စ ) တွေဟာ ကလပ် အသင်း အပေါ်သာ မူတည်နေကြေင်း ပြောဆို သွားခဲ့ ပါတယ် ။

ကွင်းထဲကို ပရိသတ်တွေ ဝင်ကာ ဂိုးတိုင် နဲ့ ချည်နှောင် ဆန္ဒ ပြမှု ဟာ ရေပန်းစားတဲ့ လုပ်ရပ် တခု ဖြစ်လာဖို့ အစပြု နေပါတယ် ။ ပြီးခဲ့တဲ့ အာဆင်နယ် နဲ့ အဲဗာတန် တို့ရဲ့ ပွဲမှာ ပရိသတ် တဦး ကွင်းထဲဝင်ကာ ဂိုးတိုင် နဲ့ ချည်ပြီး ဆန္ဒ ပြခဲ့သလို မနေ့ညက စပါး – ဝက်စ်ဟမ်း ပွဲမှာလည်း ပရိသတ် ၂ ဦး ဟာ အလားတူ ဆန္ဒ ပြမှုတွေ ပြုလုပ် ခဲ့ကြပါတယ် ။

သူတို့ အားလုံးဟာ ပရီးမီးယားလိဂ် ကလပ်တွေကို ရေနံ လုပ်ငန်းရှင်တွေ ဝယ်ယူပြီး ရေနံငွေကြေးတွေ အလုံးအရင်း နဲ့ စီးဆင်းလာမှု ကို ကန့်ကွက် ဆန္ဒ ပြခဲ့ကြတာလို့ သိရ ပါတယ် ။

ရိန်းဂျားစ် နဲ့ ဒန်ဒီး အသင်းတို့ ကစားခဲ့တဲ့ စကော့တလန် လိဂ် ပွဲစဉ် ဟာလည်း ပရိသတ်တွေ က ကွင်းထဲ ကို သန့်စင်ခန်းသုံး တစ်ရှူးတွေ ၊ တင်းနစ် ဘောလုံးတွေ ပစ်ချ ခဲ့မှုကြောင့် ၃ ကြိမ်တိုင် ပွဲရပ်နား ခဲ့ရတယ် လို့ သိရ ပါတယ် ။

 

SPORTS MYANMAR