လီဗာပူး တို့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ပထမဆုံး အကြိမ် ခန့်မှန်းလိုက်တဲ့ ကာရာ နဲ့ နဗီးလ်

ဒီရာသီ တစ်လျှောက်လုံး မန်စီးတီးသာ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးလိမ့်မယ်လို့ တောက်လျှောက် ခန့်မှန်းလာခဲ့ကြတဲ့ Sky Sports ရဲ့ ပင်တိုင် ဘောလုံး ဝေဖန်သုံးသပ်သူ နှစ်ယောက် ဖြစ်တဲ့ ကာရေဂါ နဲ့ ဂယ်ရီ နဗီးလ် တို့ဟာ မနေ့ညက လီဗာပူး က အာဆင်နယ် အသင်းကို အဝေးကွင်းမှာ အနိုင်ယူပြလိုက်ပြီး နောက်မှာတော့ သူတို့ ရဲ့ သဘောထားတွေကို ပြောင်းလဲ လိုက်ပါတယ်။

လက်ရှိ အချိန်ထိ မန်စီးတီး က တစ်မှတ်အသာ နဲ့ အမှတ်ပေးဇယား ထိပ်ကို ဦးဆောင်နေသည့်တိုင်အောင် ကာရေဂါ ကိုယ်တိုင် ကတော့ ချန်ပီယံ ခန့်မှန်းချက် နဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို အခုလို ချပြလိုက်ပါတယ်။

“ ခင်ဗျားတို့ လက်ခံနိုင်အောင် ပြောရရင် 50-50 ပါ။ ဘာလို့လဲ ဆိုတော့ အီတီဟတ် မှာ ထိပ်တိုက်တွေ့ရမယ့် ပွဲက ကျန်နေသေးတယ်လေ။ ဒါပေမယ့် လီဗာပူး ဟာ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးလိမ့်မယ်လို့ ကျနော် တစ်ခါမှ မတွေးခဲ့ဖူးတဲ့ အတွေးမျိုး ပထမဆုံး အကြိမ် ဖြစ်နေပါပြီ။ ကျနော် ဟာ အာဆင်နယ် နဲ့ ပွဲ မကစားခင် အချိန်ထိတောင် မန်စီးတီး ပဲ ဗိုလ်စွဲလိမ့်မယ်လို့ တောက်လျှောက် ပြောလာခဲ့တာပါ။

ချဲဆီး နဲ့ 2-2 သရေကျပြီး နောက်ပိုင်းမှာ လီဗာပူး က မန်စီးတီး ရဲ့နောက် 11 မှတ် အထိ ကွာဟသွားပါတယ်။ မှတ်မှတ်ရရ ပြောရရင် အဲဒီတုန်းက စတူဒီယိုခန်း ထဲမှာ ဂရေမီဆောင်းနက် က လီဗာပူး ဟာ ချန်ပီယံ လမ်းကြောင်းပေါ်မှာ ဆက်ရှိနေဆဲ ဖြစ်တယ်လို့ ပြောခဲ့သည့်တိုင်အောင် ၊ ကျနော် က မဖြစ်နိုင်တော့ဘူးလို့ ပြောခဲ့တာပါ။

မန်စီးတီး ရဲ့ ပုံစံက အဆိုးကြီး မဟုတ်ပါဘူး။ ရှုံးပွဲလဲ မရှိသလို ၊ အမှတ်တွေလဲ အများကြီး မလျှော့ခဲ့ဘူးလေ။ ဒါပေမယ့် ဒီနှစ်သင်း က အရမ်းကို ကောင်းလွန်းတော့ သရေပွဲ တစ်ပွဲ ဖြစ်လိုက်တာနဲ့တင် ၊ သူတို့ အကြားမှာ ရှုံးပွဲ တစ်ခုလိုကို သက်ရောက်မှု ကြီးမားခဲ့တာပါ။

ကျနော် လီဗာပူး ကို အာရုံမိတဲ့ အချက်က ဒီယက်ဇ် ကို ခေါ်ယူလိုက်တာဟာ တစ်ဦးချင်း ထူးခွျှန်ရုံတင် မဟုတ်ပဲ ၊ ရွေးချယ်စရာတွေပါ ပိုပြီး များသွားပါတယ်။ အရန်ခုံ ကနေ လူစားလဲလိုက်ပြီ ဆိုတာနဲ့ လီဗာပူး ရဲ့ကစားပုံ က ပိုပြီးပဲ ကောင်းမွန်လာပါတယ်။ ဒီ အနေအထားဟာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးခဲ့တဲ့ နှစ်ကထက် ပိုကောင်းသလို ၊ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ရာသီကထက်လဲ အများကြီး ပိုသာပါတယ်။

အခု ဆိုရင် ကွင်းထဲမှာ တစ်ယောက်ယောက်ကများ ခြေစွမ်းမပြနိုင်ဘူး ဆိုတာနဲ့ အရန်ခုံတန်းက လူစားလဲ ဝင်လာပြီး အဲဒီနေရာကို တိုးတက်မှုတွေ ရှိအောင် လုပ်ပြနိုင်ပါပြီ။ ဒါက တကယ်ကို အားရစရာ ကောင်းလွန်းတာပါ။ လီဗာပူးမှာ ဒီလို အင်အားမျိုး ပိုင်ဆိုင်ထားတယ် ဆိုတာ တစ်ခါမှကို မကြားခဲ့ဖူးပါဘူး” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

တစ်ချိန်တည်းမှာ ယူနိုက်တက် ကစားသမား ဂယ်ရီ နဗီးလ် ကလဲ ပွဲအပြီး သူ့ရဲ့ သုံးသပ်ချက်ကို အခုလို ချပြသွားခဲ့ ပါတယ်။

“ ဂန္တဝင် တွင်လောက်တဲ့ ချန်ပီယံ စွမ်းဆောင်ရည်မျိုး ကို ပြသသွားတာပါ။

ကိုယ့်အသင်းက ပထမပိုင်း စွမ်းဆောင်ရည် ကောင်းမွန်ခြင်း မရှိသည့်တိုင်အောင် ဒီလို အခက်ခဲတွေကို ကျော်ဖြတ်ပြနိုင်စွမ်းရှိရပါမယ်။ အခြား အသင်းက ပုံစံကောင်းတွေ ရနေတဲ့ အပြင် ၊ အိမ်ရှင် ပရိသတ် အကူအညီ နဲ့ တစ်ချိန်လုံး ဝန်းရံနေသည့်တိုင်အောင် ဒါကို ရင်ဆိုင်နိုင်စွမ်း ရှိရပါမယ်။

သူတို့ ဟာ အရေးပါတဲ့ သွင်းဂိုး 2 ဂိုး ကို မသွင်းယူမီ ၊ ဂိုး သမား ရဲ့ World class အဆင့်ရှိ ဂိုးပေါက် ကာကွယ်မှု တစ်ချို့ ရှိခဲ့ပါတယ်။ ကျနော် ကစားသမား ဘဝတုန်းကလဲ ရှမိုက်ကယ် ၊ ဗန်ဒါဆား တို့ ကြောင့် နိုင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပွဲတွေ အများကြီး ကြုံဖူးပါတယ်။ ရာသီ ကုန်တာနဲ့ ပရိသတ်တွေက အဲဒီ စွမ်းဆောင်ရည်တွေကို အများကြီး မမှတ်တော့မှာ မဟုတ်ပဲ မေ့ပစ်ကြတော့မှာပါ။ ဒါပေမယ့် သူတို့ဟာ တကယ် အရေးပါတဲ့ သူတွေပါ။ ကွင်းထဲက ကစားဖော်တွေ ကတော့ သူ့ရဲ့ ဂိုးပေါက် ကာကွယ်မှုတိုင်းကို လုံး၀ မမေ့သလို ၊ မန်နေဂျာတွေကလဲ မမေ့ပါဘူး။

အိုရီဂတ် ဆိုရင် အကောင်းဆုံး အခွင့်အရေး ရတာတောင် အလီဆွန် က ဆုံးဖြတ်ချက် မှန်မှန် နဲ့ ကာကွယ်ပြသွားတယ်လေ။

ဒါတွေ အားလုံးဟာ ချန်ပီယံ ဆုကို သိမ်းပိုက်ဖို့ အတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်တွေမျိုးတွေ ပိုင်ဆိုင်နေပြီ ဆိုတာ ဖော်ပြနေတာပါ။ ကစားသမား စာရင်း တောင့်တင်းမှု ၊ ဒီယက်ဇ် ရဲ့ ချက်ခြင်း ခြေစွမ်းပြနေမှု နဲ့ ဂျော်တာ ကလဲ လီဗာပူး ကစားသမား စတင် ကတည်းက နည်းနည်းလေးမှ စွမ်းဆောင်ရည် ကျသွားတာမျိုး မရှိပါဘူး။

ဆာလာ နဲ့ ဖာမီနို တို့ နှစ်ယောက် စလုံးက အရန်ခုံကနေ ထလာတော့ ပွဲရဲ့ အလှည့်အပြောင်းဟာ တော်တော်ကြီးကို ခြားနားသွားခဲ့ပါပြီ။ ဒါတွေဟာ ချန်ပီယံ ဖြစ်နိုင်လောက်တဲ့ စွမ်းဆောင်ရည်မျိုး ဆိုတာ မြင်ယောင်ကြည့်ရုံ နဲ့ ရပါတယ်” လို့ သုံးသပ်သွားခဲ့ပါတယ်။

SM