လီဗာပူး ကလွဲလို့ အခြား တစ်နေရာကို ပြောင်းရွှေ့ကစားဖို့ အိပ်မက်ထဲမှာတောင် မရှိဘူး လို့ ဆိုလိုက်တဲ့ ဖာဘင်ဟို

ဖာဘင်ဟို ကို လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ခံစစ် ကစားသမားတွေထဲက တစ်ယောက် အဖြစ် ပရိသတ်တွေ အားလုံးက အပြည့်အ၀ လက်ခံထားကြပါတယ်။

သူ့ရဲ့ ဘောလုံးလမ်းကြောင်း မှန်းဆနိုင်မှု ၊ ပွဲ အခြေအနေ သုံးသပ်ကောင်းမွန်မှု နဲ့ ကွင်းလယ် ကစားအားကို ထိန်းကျောင်း မောင်းနှင် နိုင်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ပိုပြီး အသိအမှတ် ပြုခံရလျှက် ရှိနေပါတယ်။

အဲဒီ လို ဖြစ်လာဖို့ အတွက် မမျှော်လင့်ပဲ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် တစ်ခုကြောင့်ပဲ ဖြစ်လာခဲ့တာပါ။ အဓိက ကူညီ လမ်းညွှန်ပေးခဲ့သူက မိုနာကို မှာ လက်တွဲခဲ့တဲ့ နည်းပြ‌ဟောင်းကြီး ဂျာဒင် ဖြစ်ကြောင်း အခုလို ရှင်းပြသွားခဲ့ ပါတယ်။

” မိုနာကို မှာ ကျနော့် ရဲ့ ပထမဆုံး ဘောလုံးရာသီ ပါ၀င် ကစားတော့ (2014-2015) ၊ ညာနောက်ခံလူ အဖြစ် အဓိက ကစားပေးနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲစဉ် တချို့မှာတော့ ဂျာဒင် က ကွင်းလယ် ခံစစ်နေရာကို ပြောင်းပြီး ကစားခိုင်းခဲ့ပါတယ်။

ရာသီအကြို ပြင်ဆင်မှုတွေ လုပ်တဲ့ အချိန် ကတည်းက အဲဒီနေရာမှာ ကစားဖူးလားဆိုပြီး သူက ထူးထူးဆန်းဆန်းမေးတာကို မှတ်မိတုန်းပါပဲ။ ကျနော်ကလဲ ကစားဖူးတဲ့ အကြောင်း ဖြေလိုက်တယ်လေ။ ဒါနဲ့ ခြေစမ်းပွဲ တစ်ခုမှာ နေရာပြောင်း ကစားခိုင်းတော့ ကျနော် က man of the Match ရတဲ့ အထိ ခြေစွမ်းပြနိုင်ခဲ့တာပါ။

2016-2017 ဘောလုံးရာသီ မစတင်မီ အချိန်မှာတော့ ဂျာဒင် က ကျနော့်ကို ခေါ်ပြီး အသင်းရဲ့ အခြေအနေ ကို ရှင်းပြပါတယ်။ ကျနော့် နေရာကို ကစားဖို့ ဆစ်ဒီဘီ ကို ခေါ်ထားပြီးပြီ ၊ ဒါကြောင့် ကွင်းလယ်ကို ပြောင်းပြီး ကစားဖို့ တောင်းဆိုလိုက်တာပါ။

ကျနော့် ရဲ့ လက်ရွေးစင် အသင်း အလားအလာရယ် ၊ ထိပ်တန်း ခံစစ်မှုး နည်းပါးနေတဲ့ အနေအထားရယ်ကြောင့် စိတ်ထဲမှာ နေရာ ပြောင်းကစားရတာ အဆိုးဘက်ကို ဦးတည်တဲ့ ဆုံးဖြတ်ချက်မျိုးပဲလို့ ထင်ခဲ့ပါတယ်။

အဲဒီ ဆုံးဖြတ်ချက် ချဖို့ တော်တော်ကို ခက်ခဲခဲ့တာပါ။ ကျနော် ဟာ ဘရာဇီး လက်ရွေးစင် အသင်းရဲ့ ညာနောက်ခံလူ နေရာမှာ ပုံမှန် ကစားခွင့်ရနေတာ ‌လူတိုင်းက သိပါတယ်။

ဒါကြောင့်မို့ အပြောင်းအလဲ လုပ်လိုက်ရတာ နဲ့ ပတ်သက်ပြီး ကျနော် က သိပ် အခဲမကျေပါဘူး။ ဒါပေမယ့် ဒီလို စိန်ခေါ်မျိုးကို လက်ခံနိုင်တယ် ဆိုတဲ့ ခံယူချက် နဲ့ လက်ခံလိုက်ပါတယ်။

အခုချိန် ပြန်စဉ်းစားတော့ အဲဒီ ဆုံးဖြတ်ချက်ဟာ ဘ၀ ကို အလှည့်အပြောင်း လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်မျိုးပဲဗျာ။ ဂျာဒင် ဟာ ကျနော့်ကို အများကြီး ကူညီပေးခဲ့တာပါ။ အဲဒီနှစ် ဘောလုံးရာသီ က ကျနော်တို့ဟာ လီဂူး၀မ်း ဖလားကို သိမ်းပိုက်နိုင်ခဲ့တဲ့ အပြင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အထိလဲ တက်လှမ်းနိုင်ခဲ့ပါတယ်။

ကျနော့် စွမ်းဆောင်ရည်ကလဲ ဘောလုံးသမားဘ၀ တစ်ခုမှ မရဖူးတဲ့ ပုံစံမျိုး ဖြစ်ပြီး ၊ နောက်ဆုံး လီဗာပူး ကိုတောင် ပြောင်းခွင့်ရခဲ့တယ်လေ” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

ဒီနှစ် ဘောလုံးရာသီမှာတော့ ဖာဘင်ဟို ဟာ လီဗာပူး ကစားသမား ဘ၀ အကောင်းဆုံး ပုံစံတွေ ဆက်တိုက် ရရှိနေသလို ၊ ပြိုင်ပွဲပေါင်းစုံ 6 ဂိုး သွင်းကာ ၊ 1 ကြိမ် ဂိုးဖန်တီးမှု လုပ်ပြထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူး ကစားသမား ဘ၀ စုစုပေါင်း ပွဲ 150 ပြည့်မြှောက်တဲ့ ပွဲစဉ်ကိုလဲ မကြာခင်ကပဲ ပါဝင် ကစားပေးထားနိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ –

” လီဗာပူး ဟာ ထူးခြားလွန်းတဲ့ နေရာ တစ်ခုပါ။ ဘောလုံး ကစားဖို့ အတွက် ဒီနေရာထက် ပိုပြီး ကောင်းမွန်တဲ့ နေရာ မရှိတော့ပါဘူး။ ကျနော့် အတွေးထဲမှာ ဒီကလပ် အတွက်ပဲ အပြည့်အ၀ အာရုံစိုက်ထားပါတယ်။

ကျနော့် ရဲ့ အခြေအနေဟာ နောက်ထပ် 4 နှစ် အတွင်းမှာ ဘာတွေ ဖြစ်သွားနိုင်မလဲ ဆိုတာ ကြိုပြီး မပြောတတ်ပေမယ့် ၊ လက်ရှိ အခိုက်အတန့်မှာတော့ လီဗာပူး အကြောင်းပဲ ခေါင်းထဲမှာ ရှိပါတယ်။ အခြားအသင်းတွေ ၊ အခြား နိုင်ငံတွေဆီ ပြောင်းရွှေ့ ကစားဖို့ ဆိုတာ လုံး၀ ကို မစိတ်ကူးဖူးတာပါ ဘာလို့လဲ ဆိုတော့ ဒီကလပ်မှာ သိပ်ကို ပျော်နေပါတယ်။ ထူးခြားတဲ့ နေရာ တစ်ခု ဖြစ်သလို ၊ အရေးအကြီးဆုံး ဖြစ်တဲ့ ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်နေတဲ့ နေရာမျိုးလေ။

ကျနော် က ကိုယ့်ရဲ့ ဘောလုံးသမားဘ၀ ကို ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ၊ ဆုဖလားတွေ ရနိုင်သလောက် ဆွတ်ခူးနိုင်အောင် တိုက်ပွဲဝင်မယ့် အသင်းမျိုးမှာ ဖြတ်သန်းချင်တာပါ။ ဒီအတွက် အကောင်းဆုံး နေရာက လီဗာပူးပါပဲ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM