လီဗာပူးမှာ ကြီးမားတဲ့ ပြဿနာတွေ ကြုံတွေ့နေရတဲ့ ကစားသမား ၂ ဦးကို ပြောပြလိုက်တဲ့ အန်ဖီးနောက်ခံလူဟောင်း 

 

လီဗာပူး ကစားသမားဟောင်း ဖြစ်သူ မားကပ်စ်ဘာဘယ်က နာဘီကီတာ နဲ့ အေဗရာဟီမာကိုနာတေး တို့ဟာ အန်ဖီးကို ရောက်လာခဲ့ပြီး ကတည်းက ကြီးမားတဲ့ ပြသနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုလိုက် ပါတယ်။ ဂျာမန် လက်ရွေးစင်ဟောင်းက RB လိုက်ပ်ဇစ် အသင်းကနေ ထွက်ခွာလာခဲ့ပြီးနောက် ကစားသမား တော်တော်များများဟာ အခြား အသင်းတွေမှာ ရုန်းကန် နေရတာကို အံ့အားသင့်ဖွယ် မြင်တွေ့နေရတယ်လို့ ပြောသွားပါတယ်။

ကီတာဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က RB လိုက်ပ်ဇစ်မှ လီဗာပူးကို ပြောင်းရွေ့လာခဲ့သူ ဖြစ်ပေမယ့် အခုချိန်ထိ ကလော့ရဲ့ လက်အောက်မှာ ပွဲထွက် ကစားသမားနေရာကို အခိုင်အမာ ရယူထားနိုင်ခဲ့ခြင်း မရှိဘဲ အထူးသဖြင့် ဒဏ်ရာ ပြသနာတွေနဲ့ တောက်လျှောက် ရုန်းကန် နေရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂီနီယာ လက်ရွေးစင်ဟာ လီဗာပူးမှာ ကစားခဲ့တဲ့ ၄ နှစ်အတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း ၁၀၀ တော့ ပြည့်အောင် ကစားနိုင်ခဲ့ပါတယ်။

 

လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီက ခံစစ်ပိုင်း ပြသနာတွေကြောင့် နွေရာသီက ကိုနာတေးကို RB လိုက်ပ်ဇစ် ထံမှ စာချုပ်ဖျက်သိမ်းကြောင်း ပေါင် ၃၆ သန်းနဲ့ ခေါ်ယူကာ ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ ကိုနာတေးဟာ ဒီရာသီမှာ မာတစ် အထူး ခြေစွမ်းပြ ကစားနေတာကြောင့် လီဗာပူးမှာ ထင်သလောက် ပွဲကစားခွင့် မရထားခဲ့ပေမယ့်လည်း ၀င်ကစားခွင့် ရတဲ့ ပွဲတော်တော်များများမှာ ခြေစွမ်းပြနိုင်ခဲ့တာကို မြင်ခဲ့ရပါတယ်။

ဘာဘယ် ကတော့ လိုက်ပ်ဇစ် အသင်းရဲ့ ကိုယ်ပိုင် ကစားဟန်ကြောင့် ဒီကစားသမား ၂ ဦး အန်ဖီးမှာ နေရာရဖို့ ရုန်းကန်နေရတာဟာ အံ့အားသင့်ဖို့တော့ မရှိပါဘူးလို့ ပြောသွားပါတယ်။ ဒါ့အပြင် ဘာဘယ်က RB လိုက်ဇစ်ကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွေ့ခဲ့ပြီးနောက် ရုန်းကန်နေရတဲ့ အူပါမက်ကာနို နဲ့ ဆဘစ်ဆာ တို့ကိုလည်း ထည့်ပြောခဲ့ပါသေးတယ်။

 

ဘာဘယ်က “မကြာသေးမီက RB လိုက်ပ်ဇစ် အသင်း ကနေ ပြောင်းရွေ့ခဲ့တဲ့ ကစားသမားတွေရဲ့ အခြေအနေကို ကြည့်လိုက်ရင် ဒါဟာ တကယ့်ကို Amazing ပါပဲ။ လီဗာပူးကို ပြောင်းရွေ့ခဲ့တဲ့ ကီတာပဲ ဖြစ်ဖြစ် ကိုနာတေးပဲ ဖြစ်ဖြစ် ကြည့်လိုက်ပါ။ နှစ်ဦးစလုံးဟာ အဲဒီမှာ ကြီးမားတဲ့ ပြသနာတွေ ကြုံတွေ့ နေရပါတယ်။ ပြီးတော့ ဘိုင်ယန်ကို ပြောင်းရွေ့ခဲ့တဲ့ အူပါမက်ကာနိုလည်း ဒီအတိုင်း ပါပဲ။

မာဆယ်ဆဘစ်ဆာ ကိုလည်း ခင်ဗျားတို့ ကြည့်လိုက်ပါ။ ဘိုင်ယန်မြူးနစ်မှာ လက်ရှိ ကစားနေတဲ့ ဆဘစ်ဆာဟာ လိုက်ပ်ဇစ်က ဆဘစ်ဆာရဲ့ အမွှာ ညီအကိုလို့ ထင်စရာ ဖြစ်ပါတယ်။ တစ်ခါတစ်ခါ သူ ဘောလုံးတောင် ကစားဖူးရဲ့လား ဆိုပြီး တွေးမိပါတယ်။ ဒီကစားသမားတွေဟာ RB လိုက်ပ်ဇစ် ကနေ ထွက်ခွာလာခဲ့ပြီးနောက် အရမ်းကို ခက်ခဲတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။ ဘာလို့လဲဆိုတော့ လိုက်ဇစ်မှာ သူတို့ရဲ့ ကိုယ်ပိုင် ကစားဟန် ဆိုတာ ရှိနေလို့ပါပဲ။” လို့ သုံးသပ်လိုက် ပါတယ်။

 

ကီတာဟာ အန်ဖီးမှာ လာမည့် ၂၀၂၃ ခုနှစ်ထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပြီး ကလော့က ဂီနီယာ လက်ရွေးစင်ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ပြောဆိုရာမှာ အရာအားလုံး အိုကေတယ်လို့ ပြောခဲ့ပါတယ်။

လီဗာပူး နည်းပြက “နာဘီရဲ့ အနာဂတ်ဟာ အရမ်းကောင်းမှာပါ။ သူဟာ ကစားသမားကောင်း တစ်ဦး ဖြစ်နေတာကြောင့် ဒီလို ဖြစ်မယ်ဆိုတာ ကျွန်တော် သိနေပါတယ်။ နာဘီဟာ အသင်းနဲ့အတူ ပွဲ ၁၀၀ ပြည့်ခဲ့ပါပြီ။ ဒါဟာ အရမ်းကောင်းတဲ့ ကိန်းဂဏန်းပါ။ ဒါပေမယ့် ဒဏ်ရာပြသနာတွေကြောင့်သာ သူ ဒီပမာဏပဲ ရခဲ့တာပါ။ ပြန်လာချိန်မှာ သူရဲ့ ကစားဟန်ဟာ တကယ့်ကို ကောင်းလှပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။”

 

SM