လီဗာပူးတို့ အင်တာကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း ဖာဘင်ညို လှည့်ဖျားမှုလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့ အာဆင်၀င်းဂါးကို တုန့်ပြန်လိုက်တဲ့ ယာဂန်ကလော့

အာဆင်နယ် မန်နေဂျာဟောင်း ဖြစ်သူ အာဆင်၀င်းဂါးက လီဗာပူးတို့ အင်တာမီလန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း ဖာဘင်ညိုဟာ အလက်ဆစ်ဆန်းချက်ကို ထုတ်ပယ်ခံရအောင် လှည့်ဖျားမှု လုပ်ခဲ့တယ်လို့ စွပ်စွဲသွားခဲ့ပါတယ်။ လီဗာပူးဟာ ပထမအကျော့က အင်တာကို ဆန်စီယိုမှာ ၂-၀ နဲ့ နိုင်ထားခဲ့တာကြောင့် ဒီပွဲစဉ်မှာ မာတီနက်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ကွာတားဖိုင်နယ်ကိုတော့ တက်ရောက်သွား ခဲ့ပါတယ်။

မိနစ် ၆၀ ပတ်၀န်းကျင်မှာ မာတီနက်က ဦးဆောင်ဂိုး သွင်းယူလိုက်တာကြောင့် အင်တာတို့ ပထမအကျော့က ရလဒ်ကို ပြန်လည် ချေဖျက်နိုင်ဖို့ မျှော်လင့်ချက် ရှင်သန်လာခဲ့ပေမယ့်လည်း မိနစ်ပိုင်းအတွင်းမှာပဲ ဖာဘင်ညိုကို ဖျက်ထုတ်ပုံ ကြမ်းခဲ့တဲ့ ဆန်းချက်ဟာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး မျှော်လင့်ချက် ပြန်လည် မှေးမှိန်သွားခဲ့ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာတော့ လီဗာပူးဟာ ပွဲကို ထိန်းကစားသွားခဲ့ကာ နှစ်ကျော့ပေါင်း ၂-၁ နဲ့ ကွာတားကို တက်လှမ်းနိုင်ခဲ့ပါတယ်။

 

ဆန်းချက်ဟာ ပထမပိုင်းမှာကတည်းက တီယာဂိုကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့ပေမယ့်လည်း ကံကောင်းစွာနဲ့ အနီကတ် မထိခဲ့တာ ဖြစ်ပါတယ်။ ဆန်းချက်ရဲ့ မန်နေဂျာဟောင်း ဖြစ်သူ အာဆင်၀င်းဂါး ကတော့ ဖာဘင်ညိုဟာ သူ့တပည့်ဟောင်းကို ထုတ်ပယ်ခံရအောင် လိုတာထက် ပိုတဲ့ အမူအရာတွေ လုပ်ခဲ့ပြီး လှည့်ဖျားခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

၀င်းဂါးက “ဖာဘင်ညိုဟာ ဒီအဖြစ်အပျက်မှာ လှည့်ဖျားမှု နဲ့ ပါးနပ်မှုကြားမှာ ကစားသွားခဲ့တာပါ။ ဖာဘင်ညိုဟာ ဒီ foul ဘောမှာ အပြင်းအထန် ဒဏ်ရာရဟန်ဆောင်ခဲ့တာ ဖြစ်ပြီး ဒီကိစ္စကို အပြင်းထန်ဆုံး ဖြစ်အောင် လုပ်သွားခဲ့ပါတယ်။ သူ့အနေနဲ့ နာကျင်မှု ရကောင်း ရနိုင်ပါတယ်။ သူ့ကို ဆန်းချက်က ထိခဲ့ပါတယ်။ ဒါဟာ လုံး၀မထိဘဲ လိမ်ညာခဲ့တဲ့ foul ဘောလို့တော့ ပြောလို့ မရနိုင်ပါဘူး။ ဒါပေမယ့် သူ ဒီထက် ပိုပြီး မြန်မြန် ထနိုင်ခဲ့သင့်ပါတယ်။

ဒါဟာ ကိုယ့်ရဲ့ ကစားသမား ဖြစ်နေခဲ့မယ် ဆိုရင်တော့ ဒါဟာ လိမ္မာပါးနပ်တာလို့ ခင်ဗျား ပြောမှာပါ။ ကိုယ်ဟာ လုံး၀ ကြားလူ ဖြစ်နေမယ်ဆိုရင်…ကျွန်တော်တို့လို လူမျိုးတွေပေါ့။ သူ့အနေနဲ့ ဒီလောက် မပြင်းထန်ပြသင့်ဘူးလို့ ဆိုသွားမှာပါ။ ဒါပေမယ့် ဆန်းချက်ဟာ ဖာဘင်ညိုရဲ့ ခြေထောက်ကို ကောင်းကောင်း ထိခဲ့ပါတယ်။ ဒါဟာ လိမ်ညာ ဟန်ဆောင်တာလို့တော့ ပြောလို့မရပါဘူး။ ဒါပေမယ့် ဆန်းချက်ဟာ သူ့ကို နာကျင်လိုစိတ် မရှိခဲ့ပါဘူး။ သူဟာ ဘောလုံးကို အရင်ထိခဲ့တာပါ။” လို့ ဆိုခဲ့ပါတယ်။

မန်ယူနိုက်တက် နောက်ခံလူဟောင်း ဖာဒီနန်ကလည်း “ကျွန်တော်ကတော့ ဆန်းချက်ဟာ ဘောလုံး အရင်ထိခဲ့တယ်လို့ ထင်ပါတယ်။ သူ ဘောလုံးကို ရယူဖို့ မကြိုးစားသင့်ဘူးလား ဆိုပြီး မေးခွန်းထုတ်ကြမှာပါ? ဒါဟာ ဆန်းချက် အနေနဲ့ ဒိုင်လူကြီးကို ဒီလိုမျိုး ဆုံးဖြတ်ချက်ချဖို့ အခွင့်အရေး ပေးခဲ့တာ ကတော့ မိုက်မဲလှပါတယ်။ ဒါပေမယ့် သူ့ကို ဒီအဖြစ်အပျက်မှာ အဝါကတ် ပြသခဲ့တာဟာ အနည်းငယ် ပြင်းထန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ foul တော့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါကို အဝါကတ်ပြသတာ အနည်းငယ် ပြင်းထန်တယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

လီဗာပူး မန်နေဂျာ ယာဂန်ကလော့ ကတော့ ဆန်းချက်ကို နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဆိုလိုက်ပြီး ချီလီလက်ရွေးစင် အနေနဲ့ ပထမပိုင်းမှာကတည်းက တီယာဂိုကို challenge လုပ်ခဲ့မှု အတွက် အနီကတ်ထိခဲ့သင့်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

ကလော့က “ကျွန်တော်တို့ ဘာကြောင့် ဒီကိစ္စကို ဆွေးနွေးနေရသလဲ ဆိုတာ နားမလည်နိုင်လောက်အောင် ပါပဲ။ အကယ်၍ ခင်ဗျားက ဘောလုံး ကစားတယ် ဆိုရင် ဘောလုံးကိုပဲ ရအောင် လုပ်နိုင်ပါတယ်။ အကယ်၍ ခင်ဗျားရဲ့ ဘောလုံးရယူရန် ကြိုးပမ်းမှုက ပြိုင်ဘက်ကို အန္တရာယ်ဖြစ်တဲ့ အခြေအနေကို ရောက်ခဲ့မယ်ဆိုရင် ခင်ဗျား ဘောလုံးကို မရယူနိုင်တာပါပဲ။ ဒါပါပဲ။

အကယ်၍ ဖာဘင်ညိုသာ သူ့လိုပုံစံမျိုးနဲ့ ၀င်ခဲ့မယ်ဆိုရင် သူ့ရဲ့ ရှည်လျားတဲ့ ခြေထောက်ကြောင့် နှစ်ယောက်စလုံး ဒဏ်ရာရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဖာဘင်ညိုဟာ ဆန်းချက်ဟာ ဒီလို မ၀င်ခဲ့ဘူးဆိုရင် သူဘောလုံးကို ရနိုင်မယ်ဆိုတာ သိနေတာကြောင့် ဒီလိုမျိုး judge လုပ်နိုင်ခဲ့တာပါ။ ဒါပေမယ့် ဒီနေရာမှာ ဆန်းချက်ဟာ လျှောထိုးပြီး ၀င်ခဲ့ပါတယ်။ သူဘောလုံးကို ထိကောင်းထိမှာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူဟာ ဒီအရှိန်ကို မရပ်တန့်နိုင်ခဲ့ဘဲ ဖာဘင်ညိုကို ကောင်းကောင်း ထိခိုက်စေခဲ့ပါတယ်။

သူဟာ ပထမပိုင်းမှာကတည်းက တီယာဂိုကို foul လုပ်ခဲ့မှု အတွက် အနီကတ် မထိခဲ့တာဟာ အတော်လေး ကံကောင်းပါတယ်။ သူ့ရဲ့ ခြေထောက်ဟာ ဒူးခေါင်းအထိ မြင့်တက်နေခဲ့ပြီး ဒီလိုမျိုး ပုံစံပါပဲ။ အပြင်းအထန် အားထုတ် ကစားတာဟာ ကောင်းပါတယ်။ တကယ့်ကို ကောင်းပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အရာတွေကို ဦးတည်စေခဲ့တယ် ဆိုရင်တော့ ဒါဟာ အကူအညီ မဖြစ်စေပါဘူး။” လို့ တုန့်ပြန်လိုက်ပါတယ်။

SM