လီဗာပူးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဆာလားကို မန်စီးတီးတို့ မခေါ်သင့်တဲ့ အကြောင်းရင်းတွေကို ရှင်းပြလိုက်တဲ့ ဒန်နီးမေးလ်

မန်ချက်စတာစီးတီး နောက်ခံလူဟောင်းက အကယ်၍ မိုဟာမက်ဆာလား လီဗာပူး အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မယ် ဆိုရင်တောင် သူ့ရဲ့ အသင်းဟောင်း အနေနဲ့ အီဂျစ်စတားကို ဘာကြောင့် ခေါ်ယူဖို့ မကြိုးစားသင့်ဘူးလဲ ဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။ အီဂျစ်လက်ရွေးစင်ဟာ လီဗာပူးနဲ့ လာမည့် ၂၀၂၃ မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ် ချုပ်ဆိုရခြင်း မရှိသေးပါဘူး။

ဆာလားနဲ့ လီဗာပူး တို့ဟာ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးလာခဲ့တာ ကြာနေပြီ ဖြစ်ပေမယ့်လည်း ကလပ်ဘက်က ကစားသမားရဲ့ လစာ တောင်းဆိုမှုကို မလိုက်လျောနိုင်တာကြောင့် ဆွေးနွေးမှုတွေ ရပ်တန့်နေခဲ့ပါတယ်။ ဆာလားဟာ ဒီရာသီမှာလည်း လီဗာပူး အသင်းအတွက် အကောင်းဆုံး ကစားပေးလျက် ရှိနေပြီး ပြိုင်ပွဲစုံမှာ ကလပ်အတွက် ၂၈ ဂိုး သွင်းယူထားခဲ့ပြီး ဖြစ်ကာ ပရီးမီးယားလိဂ်မှာလည်း သွင်းဂိုး ၂၀ နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

ဒါဟာ လီဗာပူးကို ရောက်လာပြီးနောက် ဆာလား အနေနဲ့ ၅ ရာသီ ဆက်တိုက် အနည်းဆုံး သွင်းဂိုး ၂၀ ရယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ရာသီတိုင်း အကောင်းဆုံး ဂိုးသွင်းစွမ်းရည်ကို ပြသလျက် ရှိနေပေမယ့်လည်း မန်စီးတီး နောက်ခံလူဟောင်း ဒန်နီမေးလ်က ဆာလားဟာ မန်စီးတီးမှာ ပုံမှန် နေရာရနိုင်တဲ့ အရည်အသွေး ရှိနေပေမယ့်လည်း ဂွာဒီယိုလာ အနေနဲ့ ဆာလားကို လိုချင်မှာ မဟုတ်ဘူးလို့ သုံးသပ်ခဲ့ပါတယ်။

မေးလ်က “သူဟာ မန်စီးတီး အတွက် အသက်အရွယ်ပိုင်းမှာကော profile ပိုင်းမှာကော မှန်ကန်တဲ့ ကစားသမား မဟုတ်ပါဘူး။ ဒီနေရာတွေမှာ စီးတီးဟာ အရမ်းကောင်းတဲ့ အရည်အသွေးမြင့် ကစားသမားတွေ ရှိနေပြီးသား ဖြစ်ပါတယ်။ ဆာလား အနေနဲ့ မန်စီးတီးကို ပြောင်းလာခဲ့မယ် ဆိုရင် နေရာ ရနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကို နေရာပေးလိုက်မယ် ဆိုရင် အခြား အရည်အသွေးမြင့် ကစားသမား တစ်ဦးက အရန်ခုံမှာ ထိုင်သွားရမှာပါ။ သူ့ကို ဘယ်နေရာ ပေးသွားမှာလဲ?

ဆာလားဟာ ထူးချွန်တဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ စီးတီးတို့ လိုအပ်နေတဲ့ ကစားသမားလား? ဖိုဒန် ဂရီလစ်ခ်ျ မာရက်ဇ် ဆေးလ်ဗား စတားလင်း စတဲ့ တောင်ပံ တိုက်စစ် ကစားသမားတွေကို ကြည့်လိုက်ပါ။ သူတို့ဟာ တောင်ပံ တိုက်စစ်နေရာတွေ အတွက် ရွေးချယ်စရာတွေ အများကြီး ရှိနေပြီးသားပါ။” လို့ ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး မေးလ်က သူ့ကစားသမားရဲ့ လစာကို တက်နိုင်သမျှ အမြင့်ဆုံးရအောင် ကြိုးပမ်းနေတဲ့ ဆာလားရဲ့ အေးဂျင့်ကိုလည်း ဝေဖန်သွားခဲ့ပါတယ်။

အင်္ဂလန် နောက်ခံလူဟောင်းက “ဒါဟာ သူ့အေးဂျင့်က တက်နိုင်သမျှ စျေးကိုင်နေတာလား ဆိုပြီး သိချင်မိပါတယ်။ မိုဆာလား အနေနဲ့ လီဗာပူးမှာ ဆက်မနေတော့ဘူးဆိုရင် ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့ မဖြစ်နိုင်သလောက်ပါပဲ။

အေးဂျင့်ဘက်က ‘အကယ်၍ ခင်ဗျားတို့ သူ့ကို စာချုပ်မချုပ်ခဲ့ဘူးဆိုရင် သူဟာ ခင်ဗျားတို့ရဲ့ ပြိုင်ဘက် တစ်သင်းကို သွားမှာပဲ’ ဆိုတဲ့ ပုံစံမျိုးပါပဲ။ ကျွန်တော်ကတော့ သူ့ရဲ့ အေးဂျင့်ဟာ ဒီနေရာမှာ အနည်းငယ် မာယာများနေတယ်လို့ ထင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM