လိုင်လီသို့ ခရီးနှင်ဖို့ ကလပ်မှ လေယာဉ် တစီး စီစဉ်ထားကြောင်း ဖွင့်ဟရင်း ၊ ဘယ်သူမှ ဘာမှ မစီစဉ်ပေးရင် သူကိုယ်တိုင် 7 seater နဲ့ မောင်းပို့မှာ ဖြစ်ကြောင်း ပြောလိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယ အကျော့ ပွဲအဖြစ် လက်ရှိ ပြင်သစ် ချန်ပီယံ လိုင်လီ အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ဗြိတိန် အစိုးရမှ ချမှတ်ခဲ့တဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုကြောင့် ချဲလ်ဆီး ဟာ ဘဏ္ဍာရေး အရ အဖက်ဖက်က အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ် ။

ဒီအတွက်ကြောင့် လေယာဉ် ခရီးစဉ်နဲ့ လိုင်လီသို့ သွားဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ချဲလ်ဆီး ပရိသတ် အချို့က စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ် ။ ဗြိတိန် အစိုးရမှ ငွေကြေး သုံးစွဲမှုကို ကန့်သတ်လိုက်တာကြောင့် ချဲလ်ဆီး ဟာ ယင်း ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး အတိုင်းအတာ တရပ် အထိသာ အသုံးပြုခွင့် ရှိပါတော့တယ် ။

ကံကောင်းစွာနဲ့ ချဲလ်ဆီး ဟာ အဝေးကွင်းသို့ လာရောက် အားပေးဖို့ ပရိသတ်တွေကို sanctions မတိုင်မီ ၊ လက်မှတ်တွေကို ကြိုတင် ရောင်းချပြီးစီးခဲ့ပြီး ဖြစ်တာကြောင့် ၊ ကစားသမားတွေ အတွက် တနည်းတဖုံ အားတက်စရာ ဖြစ်စေပါတယ် ။

မနေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲအပြီး ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က လိုင်လီသို့ ခရီးနှင်ဖို့ အတွက် ကလပ်ဖက်မှ လေယာဉ် တစီး စီစဉ်ထားကြောင်း အသိပေးရင်း ၊ အကယ်၍ ကလပ်ဖက်မှ စီစဉ်ပေးဖို့ မတတ်နိုင်ရင် သူကိုယ်တိုင် အသင်းသားတွေကို 7 seater ကားနဲ့ ပြင်သစ်သို့ မောင်းပို့ပေးမှာ ဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ် ။

 

တူချယ် က ” ကျွန်တော် နောက်ဆုံး သိထားရသလောက်ကတော့ ဒီ ခရီးစဉ် အတွက် လေယာဉ် တစီး ရထားတယ် ဆိုတာပါပဲ ။ ဒီတော့ ကျွန်တော်တို့ လိုင်လီကို လေယာဉ်နဲ့ အသွားအပြန် လုပ်လို့ရပါလိမ့်မယ် ။ ဒီလိုမှ မရရင် ကျွန်တော်တို့ ရထားနဲ့ သွားပါမယ် ။ ဒါမှ ထပ်မရသေးရင် ဘတ်စ်နဲ့ သွားပါမယ် ။ ”

” ဘယ်လိုမှ မရရင် ကျွန်တော် ကိုယ်တိုင် အသင်းသားတွေကို 7 seater နဲ့ မောင်းပို့ပေးပါမယ် ။ လွန်ခဲ့တဲ့ အနှစ် ၂၀ ၊ ၃၀လောက်က ချန်ပီယံလိဂ်ပွဲတွေကို ကွင်းဘေးစည်းက ကြီးကြပ်ခွင့် ရတဲ့အခါ ၊ ဘာတွေ လုပ်ချင်စိတ်ရှိလဲလို့ မေးခဲ့ရင် ၊ ကျွန်တော် က ‘ ဘယ်အချိန် လာရမလဲ ၊ ဘယ်ကို လာရမလဲ ၊ ဒါက ဘာလို့ ပြောင်းလဲသင့်လဲ ‘ လို့ ပြောမိမှာပါ ။ ”

” ချဲလ်ဆီးရဲ့ ဘယ်ပွဲမဆို ကျွန်တော် ရှိနေမှာ ဖြစ်သလို ၊ အသင်းသားတွေလည်း ထိုနည်း၄င်းပါပဲ ။ ဟုတ်ပါတယ် ။ အဖွဲ့အစည်း ရှုထောင့်အရတော့ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေး ညှိနှိုင်းမှု အချို့ လုပ်နေကြဆဲပါ ။ ဒါပေမယ့် ဒါက ကျွန်တော့ အပေါ် ဘာတခုမှ လွှမ်းမိုးမထားပါဘူး ။ ”

” ဆိုလိုချင်တာ ဒါပါပဲ ။ ကျွန်တော်တို့မှာ ခရီးစဉ်တွေ စီစဉ်ပေးတဲ့ နေရာမှာ တော်တဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ် ။ အပိုင်းတိုင်း ကဏ္ဍတိုင်းမှာ တော်တဲ့သူတွေကို ကျွန်တော်တို့ ပိုင်ဆိုင်ထားပါတယ် ။ ဒီတော့ အရာရာတိုင်း ဟာ အခုအချိန် အထိ ပုံမှန်အတိုင်း လည်ပတ်နေဆဲပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က ပွဲပြင်ဆင်မှု အကြောင်းအရာနဲ့ ပတ်သက်ပြီး ” ကျွန်တော် ကတော့ ပွဲပြင်ဆင်တာထက်စာရင် လိုင်လီနဲ့ ပွဲအတွက် ခရီးစဉ် ပြင်ဆင်ရတဲ့ ပုဂ္ဂိုလ်တွေ အတွက် အခု အခြေအနေ က ပိုပြီး အခက်တွေ့စေတယ်လို့ ဆိုရမှာပါ ။ ဘာလို့လဲ ဆိုတော့ အခုတောင် ကျွန်တော်တို့ ဒီကို ရောက်လာဖို့ သူတို့ဖက်က အတော်လေး စီစဉ်ခဲ့ရလို့ပါ ။ ”

” အဆုံးမှာတော့ သတင်း အချက်အလက်တိုင်း ကျွန်တော့ဆီ ရောက်လာပြီး ၊ အခုအချိန် အထိ အရင်ကနဲ့ ဘာမှ ပြောင်းလဲသွားတာ မရှိသေးပါဘူး ။ ပုံမှန်အတိုင်း ကလပ် ဘုတ်အဖွဲ့ဝင်တွေနဲ့ meeting ထိုင်တယ် ၊ ပွဲအတွက် လေ့ကျင့် ပြင်ဆင်တယ် ၊ အသင်းသားတွေရဲ့ ဒဏ်ရာ ၊ ကြံ့ခိုင်မှု အခြေအနေ အကြောင်း ကလပ် ဆရာဝန်တွေနဲ့ စကားပြော ဆွေးနွေးပါတယ် ။ ”

” နောက်ပြီး ကျွန်တော်တို့ တဦးတယောက်ချင်းစီဟာ ပြင်းပြတဲ့ လိုချင်တပ်မက်မှု ရှိပါတယ် ။ ဒါကြောင့်လည်း ချဲလ်ဆီး အသင်း ဟာ စပါယ်ရှယ် ကလပ် ၊ ထိပ်တန်း ကလပ် တသင်း ဖြစ်နေတာပါ ။ ဒီအထဲမှာ ပေးဆပ်မှု ၊ တဦးအပေါ် တဦး အားပေး ထောက်ပံ့မှုတွေ အများကြီး ပါဝင်နေပါတယ် ။ ”

” အဆုံးမှာတော့ ဒါက အခြေခံ အုတ်မြစ် တရပ် ဖြစ်ပြီး ၊ ဒါဟာ ထိပ်တန်း ကလပ် တသင်း ဖြစ်ကြောင်း ဖော်ပြနေတဲ့ အရာလည်း ဖြစ်ကောင်းဖြစ်ပါတယ် ။ ဒါကို ကျွန်တော်တို့ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေတာပါ ။ ဘာမှတော့ ထူးထူးခြားခြား မပြောင်းလဲသွားပါဘူး ။ အကုန် အတူတူပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR