လိုင်လီနဲ့ မရင်ဆိုင်မီ ချဲလ်ဆီး wing-back တွေရဲ့ နောက်ဆုံးရ ကြံ့ခိုင်မှု အခြေအနေ အကြောင်း ပြောပြလာတဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနက်ဖြန်ညမှာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယ အကျော့ ပွဲအဖြစ် လက်ရှိ ပြင်သစ် ချန်ပီယံ လိုင်လီ အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ နောက်ဆုံး ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ ချဲလ်ဆီး ဟာ wing-back တဦးတယောက်မှ မပါပဲ ကစားခဲ့ရပါတယ် ။

စပိန် ဝါရင့် နောက်ခံလူ ၂ဦးထဲက ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆို ဟာ ပြီးခဲ့တဲ့ အပတ် အတွင်း ကိုဗစ် ပေါ့စတစ် ဖြစ်ခဲ့လို့ ၊ နယူးကာဆယ်နဲ့ ပွဲကို လွဲချော်ခဲ့သလို ၊ ညာနောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ ဟာလည်း အစာအိမ် ဝေဒနာကြောင့် ပြီးခဲ့တဲ့ အပတ် ကြားရက်က ကစားခဲ့တဲ့ နောဝှစ်ခ်ျနဲ့ ပွဲရဲ့ ပထမပိုင်း ပြီးကတည်းက နားခဲ့ရပါတယ် ။

အားထားရတဲ့ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ဟာလည်း ဘန်လေကို ၄ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ အသေးစား ဒဏ်ရာ ထပ်ရခဲ့လို့ ၊ တပတ် ကြာကြာ အနားယူခဲ့ရပြီး ၊ လိုင်လီနဲ့ ပွဲကိုလည်း ပါဝင်ဖို့ မသေချာသေးပါဘူး ။

ဒူးအရွတ် ခွဲစိတ်ထားတဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ဟာလည်း ပြီးခဲ့တဲ့ တပတ်ခန့်ကမှ အပေါ့စား တဦးချင်း လေ့ကျင့်မှုတွေ ပြန်လည် စတင်ထားနိုင်ခဲ့ပေမယ့် ၊ အပြည့်အဝ ပြန်ကောင်းဖို့ လက်ကျန် ရာသီ ပြီးဆုံးတဲ့ အထိ ဆက်နားရဦးမှာ ဖြစ်ပါတယ် ။

ယနေ့ညနေက ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ယင်း wing-back ၄ဦးရဲ့ နောက်ဆုံးရ အခြေအနေနဲ့ ပတ်သက်ပြီး ” မားကို့စ်နဲ့ အက်ဇ်ပီတို့ မနက်ဖြန်ပွဲကို ပါဝင်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ရိစ်နဲ့ ကော်လမ် ( အိုဒွိုင်း ) တို့ကိုတော့ ဒီနေ့ ထရိန်နင်မှာ ထည့်သွင်း လေ့ကျင့်ဖို့ ကြိုးစားကြည့်မှာပါ ။ ”

” ဒီတော့ သူတို့ကို နောက်နေ့ပွဲမှာ သုံးမသုံးက ထရိန်နင်ပြီးမှ ဆုံးဖြတ်ရမှာပါ ။ ခင်ဗျားတို့ သိကြတဲ့ အတိုင်း သူတို့ ၂ယောက်လုံး အရှေ့ရက်တွေက ထရိန်နင်တွေမှာ မပါထားတာကြောင့် ၊ လိုင်လီနဲ့ ပွဲမှာ အရဲစွန့်သုံးဖို့ တန်မတန် ဆက်လက် စောင့်ကြည့်ကြတာပေါ့ ။ အတော်တော့ ဆုံးဖြတ်ရ ခက်ပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပထမ အကျော့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားခဲ့စဉ်က လိုင်လီ အသင်းကို ၂ – ၀ နဲ့ အနိုင်ရခဲ့လို့ ၊ အဝေးကွင်းမှာ မရှုံးအောင် ကစားရုံနဲ့ ချဲလ်ဆီးတို့ ကွာတားဖိုင်နယ် တက်မှာ ဖြစ်ပေမယ့် ၊ sanctions ကိစ္စတွေ ၊ အနာဂတ် မရေရာမှု အတွေးတွေကြောင့် အသင်းသားတွေဟာ ဒီပွဲကို အပြည့်အဝ အာရုံစိုက်ဖို့ အနည်းနဲ့ အများ အခက်အခဲတွေ ရှိလာနိုင်ပါတယ် ။

တူချယ် ကတော့ အပြင်မှာ အခက်အခဲ ပေါင်းစုံ ရင်ဆိုင်နေရပေမယ့် ၄င်းတို့ဟာ ကစားရမယ့် ပွဲအပေါ်မှာ အာရုံ အပြည့်စိုက်ထားကြောင်းကို ” အကုန် အေးဆေးပါပဲ ။ နောဝှစ်ခ်ျ ၊ နယူးကာဆယ် တို့လို ကစားပုံ စတိုင်လ် မတူတဲ့ ၂သင်းနဲ့ ရင်ဆိုင်ရတာလောက် အခက်အခဲ ကျော်လွှားခွင့် ရမယ့် အခွင့်အရေးကောင်းမျိုး ကျွန်တော်တို့ ထပ်မရနိုင်တော့ပါဘူး ။ ”

” နောဝှစ်ခ်ျနဲ့ ပွဲမှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ စကေး ပြည့်ဝတဲ့ ကစားဟန်ကို အသုံးချပြီး ၊ ပွဲကို အဓိက ထိန်းချုပ် ကစားသွားခဲ့ပါတယ် ။ နယူးကာဆယ်နဲ့ ပွဲမှာတော့ ကြံ့ခိုင်မှု ၊ စိတ်ဓာတ်ပိုင်း ၊ ခံနိုင်ရည် ၊ ခံစစ်ပိုင်း ၊ တည်ငြိမ်မှု အရ မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ ။ ဒါတွေ အားလုံးကို ကျွန်တော်တို့ ကျော်ဖြတ်နိုင်ခဲ့ပါတယ် ။ ”

” ဒီတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ နည်းပြ အားလုံးထဲမှာမှ ကျွန်တော် ဟာ ဒီလို ပွဲမျိုး နိုင်ရတာ ပိုပြီး ပျော်ရွှင်တယ်လို့ ဆိုနိုင်ပါတယ် ။ တသင်းလုံးကို ကျွန်တော့ဖက်က ဒီလို စွမ်းဆောင်ရည်မျိုး ပြသဖို့ လှုံ့ဆော်နိုင်ခဲ့ပါတယ် ။ မနက်ဖြန် ပွဲအတွက်လည်း ကျွန်တော် ဒီအတိုင်း ဆက်လက် တွန်းအားပေးသွားမှာပါ ။ ”

” အပြင်က အကြောင်းအရာတွေကို မေ့ပြီး ၊ ပွဲအကြောင်းနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အာရုံနှစ်ထားဖို့ ခွင့်ပြုထားတယ် ဆိုတာ ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး ။ ဒီပုံစံ အတိုင်း ကျွန်တော်တို့ဟာ နေ့စဉ် လေ့ကျင့်နေပါတယ် ။ အဓိက က အသင်းရဲ့ ကိုယ်စား တာဝန်ယူနိုင်မှု ဖြစ်ပါတယ် ။ ဒီ ကလပ်မှာ ဝန်ထမ်းပေါင်း ရာနဲ့ချီ ရှိနေပြီး သူတို့ အားလုံး အတွက် ကျွန်တော်တို့က ကိုယ်စားပြု ဦးဆောင်ပေးနိုင်ရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR