လိုင်လီကို အနိုင်ရခဲ့အပြီး သတင်းစာ ရှင်းလင်းပွဲမှာ မထင်မှတ်ထားတဲ့ မေးခွန်းနဲ့ ဆီးကြိုခံလိုက်ရတာကြောင့် သတင်းထောက်ကို ပြန်ခနဲ့လိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယ အကျော့ အဖြစ် ပြင်သစ်မြေမှာ အိမ်ရှင် လိုင်လီ အသင်းကို ပင်နယ်တီမှတဆင့် ဦးဆောင်ဂိုး အရင် ခွင့်ပြုပေးခဲ့ရပေမယ့် ၊ ပထမပိုင်း နာကျင်အချိန်ပိုက ခရစ်တီယန် ပူလီဆစ်ရဲ့ သွင်းဂိုး ၊ ပွဲချိန် ၇၁ မိနစ်က အက်ဇ်ပီလီကွီတာရဲ့ သွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး ၊ ၂ကျော့ပေါင်း ၄ – ၁ နဲ့ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ရက်သတ္တပတ် တပတ် ကျော်ကျော်က ဗြိတိန် အစိုးရမှ ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုတွေကြောင့် ချဲလ်ဆီး ဟာ လက်ရှိမှာ ပရိသတ်တွေ အတွက် လက်မှတ် အသစ် လုံးဝ ရောင်းချခွင့် မရှိတော့ပေမယ့် ၊ မနေ့ည က ပွဲအထိ လက်မှတ်တွေကို ကြိုတင် ရောင်းချလို့ ပြီးခဲ့ပါတယ် ။

Sanctions တွေ အရ အသင်းပိုင်ရှင် အသစ် အတည်ပြု မဖြစ်ခင် အထိ ချဲလ်ဆီး အသင်း ဟာ လာမယ့် စနေနေ့ညမှာ ကစားမယ့် မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲကနေ စပြီး တရာသီစာ လက်မှတ် ကြိုဝယ်ထားတဲ့ ပရိသတ် အနည်းငယ်နဲ့သာ ကစားရဖို့ ရှိနေပါတယ် ။

ဒီ ပုံစံအရဆိုရင် ချဲလ်ဆီး ဟာ လာမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ပရိသတ် အစုံအလင်နဲ့ ကစားရမှာ မဟုတ်ကြောင်းကို မနေ့က ပွဲအပြီး သတင်းထောက် တဦးမှ ဆီးကြို မေးမြန်းခဲ့ရာ ၊ ချဲလ်ဆီး နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် က အခုလိုပဲ ပြန်ခနဲ့လိုက်ပါတယ် ။

တူချယ် က ” ကျွန်တော့ရဲ့ လှပတဲ့ ညနေခင်းကို ဖျက်ဆီးလိုက်တဲ့ အတွက် ခင်ဗျားကို ကျေးဇူးပါပဲ ။ ကျွန်တော် ဟာ ဒီနေ့ နိုင်ပွဲအတွက် စိတ်ကြည်လင်နေခဲ့တာပါ ။ ဒီအကြောင်း ကျွန်တော်တို့ ပြောနိုင်ပြီလား ? အတည်ပြုရော ဖြစ်ပြီးပြီလား ? ” လို့ တုန့်ပြန်ခဲ့ပါတယ် ။

ယင်းသတင်းထောက်မှ အတည်ပြုပြီးကြောင်း ဖြေကြားခဲ့ရာ တူချယ် က ” ဒါဆို ဒီအတည်ပြုချက်ကို အတည်ပြုမယ့် တကယ့် အတည်ပြုချက်ကို ကျွန်တော်တို့ ဆက်စောင့်ကြရအောင်ပါ ။ ဒီနေ့ အတွက်တော့ ချန်ပီယံလိဂ်ရဲ့ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့တာကြောင့် ကျွန်တော် အရမ်း ဝမ်းသာ ပျော်ရွှင်နေပါတယ် ။ ”

” ရှေ့မှာ ကျော်ဖြတ်ရမယ့် အတားအဆီးတွေ အများကြီး ရှိနေပါသေးတယ် ။ ဒီနေ့ပွဲ ရလဒ်နဲ့ စွမ်းဆောင်ရည် အတွက် အသင်းသားတွေရဲ့ ကိုယ်စား ကျွန်တော် ဝမ်းသာ ဂုဏ်ယူနေပါတယ် ။ ခုနက အကြောင်းအရာကိုတော့ တကယ် အတည်ပြုဖြစ်ဖို့ကို ကျွန်တော်တို့ ဆက်လက် နားစွင့်ကြတာပေါ့ ။ ”

” နောက် ၃ရက် အကြာမှာ ကျွန်တော်တို့ မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေဖလားပွဲ ကစားရပါဦးမယ် ။ ဒါပြီးရင် နိုင်ငံတကာ ပွဲကာလ ရောက်လာမှာပါ ။ ဒါတွေ အားလုံး ပြီးမှ သင့်လျော်တဲ့ အဖြေ တခုခု ကျွန်တော် ပြန်ပေးပါမယ် ။ အခုတော့ ပရိသတ်တွေဟာ ကွင်းပြင်ပမှာ ရှိနေပြီး ၊ အခုလို သူတို့နဲ့ အတူ ရှိနေရတာ အရမ်းကောင်းပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီး အသင်း ဟာ တမြန်နေ့က မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေ ဖလား ကွာတားဖိုင်နယ် ပွဲကို ကွင်းပိတ် ကစားပေးဖို့ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်ထံ တောင်းဆိုခဲ့ကြောင်း statement ထုတ်ပြန်ခဲ့ပေမယ့် ၊ ဒါဟာ ပြင်းထန်တဲ့ တောင်းဆိုမှု ဖြစ်တာကြောင့် သိပ်မကြာခင်မှာပဲ ထိုတောင်းဆိုမှုကို ချက်ချင်း ပြန်ရုတ်သိမ်းခဲ့ပါတယ် ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး တူချယ် က ” ဒါကို ကျွန်တော် တာဝန်မခံခဲ့ပါဘူး ။ ဒါက အသင်းနဲ့သာ အပြည့်အဝ သက်ဆိုင်ပါတယ် ။ ကျွန်တော့ကို ပြန်ပြီး ဖြေရှင်းခွင့်ပြုပါ ။ ကျွန်တော်တို့ဟာ ပရိသတ်တွေ ရှေ့မှောက်မှာ ကစားရတာကို ကြိုက်နှစ်သက်ကြပါတယ် ။ ”

” ကျွန်တော်တို့ကြောင့် တခြား ပြိုင်ဖက် ပရိသတ်တွေကို ထိခိုက် နစ်နာစေတာမျိုး မဖြစ်သင့်ဘူးလို့ ကျွန်တော် ထင်ပါတယ် ။ ဒီတော့ တောင်းဆိုမှုကို ပြန်ရုတ်သိမ်းခဲ့တာပါ ။ ဒါက မှန်ကန်တဲ့ လုပ်ရပ် ဖြစ်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ဒီ တောင်းဆိုမှုက ကိုယ့်ဖက်ကိုချည်း ကြည့်တဲ့ သဘော သက်ရောက်ခဲ့လို့ပါ ။ ”

” အမှန်တော့ ဒီလို ဆိုလိုရင်းမျိုး မဖြစ်စေချင်ခဲ့ပါဘူး ။ ဒီလို လုပ်လိုက်တာလည်း ပြဿနာကို အကောင်းဆုံး ကိုင်တွယ် ဖြေရှင်းတဲ့ နည်းလမ်း တခု ဖြစ်မသွားခဲ့ပါဘူး ။ ကျွန်တော်နဲ့ အသင်းသားတွေဟာ ဒီ ဆုံးဖြတ်ချက်မှာ လုံးဝ မပတ်သက်ခဲ့ပါဘူး ။ တောင်းဆိုမှုကို ပြန်ရုတ်သိမ်းခဲ့တဲ့ အတွက်လည်း ကျွန်တော် ပျော်ရွှင် ဝမ်းသာမိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR