လာမယ့် ရာသီမှာ လူစားလဲမှု 5 ယောက် အထိ တိုးမြှင့် ခွင့်ပြုတော့မယ့် ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ဟာ လာမယ့် ဘောလုံးရာသီမှာ လူစားလဲခွင့် 5 ယောက် အထိ တိုးမြှင့်ပေးသွားမယ့် အကြောင်းကို မနက်ဖြန်မှာ တရားဝင် အတည်ပြုမှာ ဖြစ်ကြောင်း Times သတင်းစာက ဒီညနေပိုင်းမှာ တရားဝင် ဖော်ပြလိုက်ပါတယ်။

မနက်ဖြန်မှာ ပြုလုပ်မယ့် Premier League Stakeholder များ အစည်းဝေးပွဲမှာ အဲဒီ ကိစ္စကို နောက်တစ်ကြိမ် ပြန်လည် ဆွေးနွေးကြမှာ ဖြစ်ကာ ၊ အတည်ပြုနိုင်လောက်တဲ့ ထောက်ခံမဲ အရေအတွက် အခိုင်အမာ ရရှိထားပြီးပြီလို့ သတင်းစာ က ဆိုပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ကိုဗစ် ကိစ္စရပ်တွေကြောင့် ရပ်ထားခဲ့ပြီး 2020 ခုနှစ် ဇွန်လ ၊ ပြန်လည် စတင်ချိန်မှာ လူစားလဲ ကစားခွင့်ကို 5 ယောက် အထိ ခွင့်ပြုခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ ပုံမှန် 3 ယောက် ကိုသာ ပြန်လည် ပြောင်းလဲခဲ့ပါတယ်။

အခြား ဥရောပ ထိပ်သီး လိဂ်ပြိုင်ပွဲတွေ အပါအဝင် ချန်ပီယံလိဂ် လို ပြိုင်ပွဲမျိုးမှာတောင် လူစားလဲခွင့် 5 ယောက် အထိ ခွင့်ပြု ထားချိန်မှာ ၊ ဘောလုံး ဘိုးအေလို့ တင်စားတဲ့ အင်္ဂလန် လို နေရာက ပရီးမီးယားလိဂ် လို နေရာမျိုးမှာ အချိန်ထိ လူစားလဲခွင့် 3 ယောက်သာ ပေးထားတာ တော်တော်လေးကို ထူးဆန်းလွန်းပါတယ်။

ဒီကိစ္စအပေါ် ပြီးခဲ့တဲ့ ကာလ တစ်ခုအတွင်း အကြိတ်အနယ် ဆွေးနွေးကြဖူးပြီး ၊ အသင်းကြီးတွေ ကို မျက်နှသာ ပေးတဲ့ ပြောင်းလဲမှုမျိုးလို့ စွပ်စွဲကာ အသင်းငယ်တွေက ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြဖူပါတယ်။ သို့သော် 3 ရက် 1 ပွဲ နှုန်း ဆက်တိုက် ကစားနေရတဲ့ အသင်းကြီးက ကစားသမားတွေ အတွက်တော့ ကလပ်အသင်း ပွဲစဉ် ကစားလိုက် ၊ နိုင်ငံ့ လက်ရွေးစင် အသင်းဆီ ပြေးလိုက် နဲ့ ဘောလုံး ရာသီ တစ်ခုအတွင်း လုံး၀ ကို နားရက် မရှိတာပါ။

ဒါကြောင့်လဲ ထိပ်တန်း ဘောလုံးသမား အများစု က “ဘောလုံးသမားတွေ ရဲ့ ကျန်းမာရေး ရှုထောင့် ကို ရှေ့တန်းတင် စဉ်းစားပေးကြဖို့” အသံထွက် တောင်းဆိုလာခဲ့ကြပါတယ်။ အထူးဖြင့် ဘောလုံး အဖွဲ့ချုပ်တွေက ဝင်ငွေ လမ်းကြောင်းတွေ ပိုမို ရှာဖွေနိုင်ဖို့ အတွက် ပြိုင်ပွဲသစ်တွေ တီထွင် ဖန်တီးလာကြချိန်မျိုးမှာ ၊ ဘောလုံးသမားတွေ အတွက်လဲ တစ်နှစ် ထက် တစ်နှစ် ကစားပေးရတဲ့ ပွဲစဉ်က ပိုပိုပြီး များလာနေပါတယ်။

PFA ဥက္ကဌ Maheta Molango ကတော့ 5 ယောက် လူစားလဲခွင့် ပေးမယ့် စည်းမျဉ်းကို ထောက်ခံမှု အပြည့်ရှိကြောင်း အခုလိုပဲ မှတ်ချက် ပေးလိုက်ပါတယ်။

“ ကျနော်တို့ က ဒီကိစ္စအပေါ် ထောက်ခံပေးပြီးသားပါ။ ဒါကို ပရီးမီးယားလိဂ် တာဝန်ရှိသူတွေ ကိုလဲ အတိအလင်း ပြောထားပြီးပါပြီ။ ဒီလို အချိန်မျိုးမှာ သူသာတယ် ၊ ကိုယ်သာတယ် ဆိုတာမျိုးတောင် မမြင်သင့်တော့ပါဘူး ဘာလို့လဲ ဆိုတော့ လေ့လာ ဆန်းစစ်မှုတွေ အရ ဒီအကြောင်းအရင်း ဟာ “ပြိုင်ဆိုင်မှု ကွာခြားသွားနိုင်တယ်” ဆိုတဲ့ အမြင်နဲ့ ဘာမှကို မဆိုင်တာပါ။ ဒါဟာ ဘောလုံးသမားတွေ ရဲ့ ကျန်းမာရေး သီးသန့်အတွက်ပါပဲ။

ကျနော့်တို့ ကစားသမားတွေ ဟာ ဘောလုံးပွဲတွေ အများကြီး ဆက်တိုက် ကစားပေးနေရချိန်မှာ သူတို့ အတွက် သင့်တော်တဲ့ အနားယူမှုတွေ ရရှိဖို့လဲ သိပ်ကို အရေးကြီးပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

5 ယောက် လူစားလဲခွင့် ပေးဖို့ အတွက် အတက်ကြွဆုံး တောင်းဆိုခဲ့သူက လီဗာပူး နည်းပြ ယာဂန် ကလော့ပ် ဖြစ်ပြီး ၊ ဒီ ခေါင်းစဉ် အပေါ် ဆန့်ကျင်ခဲ့တဲ့ ဘန်လေ နည်းပြ ရှောင်ဒိုက် နဲ့တောင် စကားလုံး အချင်းများမှုတွေ အပြန်အလှန် ဖြစ်ခဲ့ပါသေးတယ်။

“ ကျနော် တို့ ဆိုရင် တနင်္ဂနွေ ၊ ဗုဒ္ဒဟူး ၊ ပြီးရင် စနေ ၊ အင်္ဂါ ဆိုတဲ့ ပုံစံမျိုး နဲ့ ဆက်တိုက် ကစားနေရတာပါ။ ပွဲစဉ် ဇယား အရ ကြည့်မယ် ဆိုရင် တော်တော်ကို ဆိုးဝါးလွန်းပါတယ်။

ဒါကို အပြောင်းလဲတွေ လုပ်ခွင့် ရှိမယ် ဆိုရင် လုပ်ကို လုပ်ကြရမှာပါ။ အဲဒီလို လုပ်ချင်တဲ ဆန္ဒမျိုး မရှိရင်လဲ ဘယ်တတ်နိုင်မလဲ။ ဒါပေမယ့် လူစားလဲခွင့် 5 ယောက် ပေးမယ့် ခေါင်းစဉ် ကိုတော့ မဖြစ်မနေ ပြန်ပြီး ဆွေးနွေးဖို့ လိုပါတယ်” လို့ ကလော့ပ် က မတ်လ အစောပိုင်းမှာ ထပ်မံ ပြောဆိုခဲ့ဖူးပါတယ်။

နိုင်ငံတကာ ဘောလုံး ဥပဒေတွေ ထုတ်ပြန် ပြဌာန်းတဲ့ IFAB ကလဲ လူစား လဲခွင့် 5 ယောက် ကို တရားဝင် စာအုပ်မှာ ပြန်ဌာန်းပေးဖို့ အတွက် ထောက်ခံချက် အပြည့်အ၀ ပေးပြီးပြီ ဖြစ်ပါတယ်။

SM