လည်မျိုကို ဓါးထောက်လုယက် ခံခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား . . . မန်ချက်စတာ ဟာ မလုံခြုံတော့ဘူးလား

မန်ချက်စတာ ယူနိုက်တက် လူငယ် ကစားသမားလေး တာဟစ်ချောင် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ တုန်းက နေအိမ်မှာ အိပ်နေစဉ် အတွင်း လုယက် ခံခဲ့ရတယ် လို့ သတင်း ပေါ်ထွက် လာခဲ့ ပါတယ် ။

လုယက် သူတွေဟာ တာဟစ်ချောင် ရဲ့ လည်ပင်းကို ဓါးထောက် ခြိမ်းခြောက် ခဲ့တာ ဖြစ်ပြီး ဒီကိစ္စ ဟာ မန်ချက်စတာ ကလပ် အသင်း ကစားသမားတွေ နဲ့ ပရိသတ်တွေ ကို စိုးရိမ် ပူပင်မှုတွေ ဖြစ်စေခဲ့ ပါတယ် ။

အသက် ၂၂ နှစ် ရှိတဲ့ တာဟစ်ချောင် ဟာ ဘာမင်ဂမ် စီးတီး ကို အငှားထွက် ကစားရင်း ဒဏ်ရာ ရခဲ့တာကြောင့် အငှားစာချုပ် ကို ၄ လ စောပြီး ဖျက်သိမ်းကာ ဆေးပြန်ကု နေသူ ဖြစ်ပါတယ် ။

ဒါကြောင့် နေအိမ် ဖောက်ထွင်း လုယက် ခံရချိန်မှာ တာဟစ်ချောင် ကိုယ်တိုင် အိမ်မှာ ရှိနေခဲ့ပြီး ထိတ်လန့် ခြောက်ခြားစရာ အတွေ့ အကြုံကို ခံစား ခဲ့ရ ပါတယ် ။

ဗြိတိန် အခြေစိုက် The Sun သတင်းစာ ရဲ့ ဖော်ပြချက် အရ မျက်နှာဖုံးစွပ် ထားသူ ၃ ဦးဟာ တာဟစ်ချောင် ရဲ့ နေအိမ်ကို ဇန်နဝါရီ ၁၆ ရက်နေ့ နံနက် ၃ နာရီ အချိန်ခန့်က ဖောက်ထွင်း ဝင်ရောက်ခဲ့ပြီး အိပ်စက် နေတဲ့ တာဟစ်ချောင် ရဲ့ လည်မျိုကို ဓါးထောက် နှိုးခဲ့တယ်လို့ သိရ ပါတယ် ။

အဲ့ဒိ နောက်မှာတော့ ဖောက်ထွင်းသူတွေ ဟာ လက်ဝတ် ရတနာတွေ နဲ့ တန်ဖိုးကြီး နာရီတွေ ကို ယူဆောင် သွားခဲ့ပြီး ယူနိုက်တက် လူငယ်လေး ရဲ့ လုံခြုံရေး စနစ် ညံ့ဖျင်းမှု ကိုပါ လှောင်ပြောင် သွားခဲ့တယ်လို့ သိရှိရ ပါတယ် ။

မန်ချက်စတာ ဒေသ တဝိုက်မှာ လုယက် ဖောက်ထွင်းမှုတွေ များပြား လာပြီး တာဟစ်ချောင် ရဲ့ ကိစ္စ ဟာ ခရစ္စမတ် ပြီးကတည်းက အခုချိန် အကြားမှာ မန်ချက်စတာ ယူနိုက်တက် နဲ့ မန်စီးတီး ကစားသမားတွေ ဖောက်ထွင်း လုယက် ခံရကြောင်း ကြားသိရတဲ့ ပဉ္စမမြောက် သတင်း ဖြစ်လာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ဗစ်တာ လင်ဒီလော့ဖ် ရဲ့ နေအိမ်ဟာ ဇန်နဝါရီ ၁၉ ရက်နေ့ တုန်းက ဖောက်ထွင်း လုယက် ခံခဲ့ရပြီး ၃ ရက် အကြာမှာတော့ တာဟစ်ချောင် ရဲ့ နေအိမ် ထပ်မံ ဖောက်ထွင်း ခံခဲ့ ရတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် နယ်သာလန် သားလေး ရဲ့ သတင်းကတော့ အခုမှ ပေါ်ထွက် လာခဲ့တာပါ ။

လင်ဒီလော့ဖ် ဟာ အဆိုပါ အချိန်တုန်းက လန်ဒန် မှာ ဘရန့်ဖိုဒ့် အသင်းနဲ့ ပွဲကစားနေတာ ဖြစ်ပြီး ဇနီးသည် နဲ့ မိသားစုဝင်တွေ ကတော့ နေအိမ်မှာ ရှိနေခဲ့ ကြပါတယ် ။

ဂျက်ဆီ လင်ဂတ် နဲ့ မန်စီးတီး နောက်ခံလူ ကန်ဆယ်လို တို့ဟာလည်း နေအိမ် ဖောက်ထွင်း လုယက်သူတွေ ရဲ့ ဒဏ်ကို ရင်ဆိုင် ခဲ့ကြရ ပါတယ် ။

နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ လုယက်မှု ကတော့ မန်ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ရဲ့ နေအိမ်မှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် နဲ့ အက်သလက်တီကို မက်ဒရစ် တို့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယ အကျော့ ကစားနေစဉ်မှာ ဖြစ်ပွား ခဲ့တာပဲ ဖြစ်ပါတယ် ။

“မနေ့က ကျွန်တော်တို့ မိသားစု ရဲ့ ဘဝမှာ အဆိုးရွားဆုံး အိပ်မက်မက်တဲ့ နေ့ပါပဲ ။ ကျွန်တော့ ကလေးတွေ အိပ်စက်နေတဲ့ အချိန်မှာ မျက်နှာဖုံးစွပ် လူတွေက အိမ်ထဲကို ချိုးဖောက် ဝင်လာခဲ့ ပါတယ် ။

သူတို့ အိမ်ထဲမှာ ၅ မိနစ်လောက်တောင် မကြာခဲ့ ပါဘူး ။ ဒါပေမယ့် အရာအားလုံးထက် ပိုပြီး တန်ဖိုး ရှိတဲ့ အရာကို ကျွန်တော်တို့ ဆီကနေ လုယူ သွားခဲ့ပါတယ် ။

အဲ့ဒါက ဘေးကင်းလုံခြုံ စိတ်ချရမှုပါပဲ”

“ဒီဖြစ်ရပ်က ( ယူနိုက်တက် – အေတီကိုပွဲ ) နောက်ဆုံး မိနစ်တွေမှာ ဖြစ်ခဲ့တာပါ ။ ကျွန်တော့ ကလေးတွေ ဘေးကင်းရဲ့လား ၊ ဘာအန္တရာယ် ဖြစ်ခဲ့သလဲ ဆိုတာကို သေချာ မသိရဘဲ ကျွန်တော် နဲ့ ဇနီး တို့ဟာ အိမ်ကို အသောနှင် ခဲ့ရ ပါတယ် ။

ဖခင် တယောက် အတွက်ကတော့ ဒီဟာလောက် ဆိုးတဲ့ ခံစားချက်မျိုး ကမ္ဘာပေါ်မှာ မရှိနိုင်တော့ ပါဘူး ။

ကိုယ့် သားသမီးတွေကို မကာကွယ်နိုင်လိုက်ဘူး ဆိုတာ ခံစားချက် ဟာ ကျွန်တော့ အတွက် အရမ်းကို ဆိုးရွား ခဲ့ပါတယ်” လို့ ပေါ့ဘာ က သူ့ရဲ့ ဆိုရှယ်မီဒီယာ ထက်မှာ ဖောက်ထွင်း လုယက် ခံရမှု အကြောင်းကို ရေးသား သွားခဲ့ ပါတယ် ။

ပေါ့ဘာ ဟာ နွေရာသီမှာ မန်ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး အခြား တသင်း တသင်းကို ပြောင်းရွှေ့ ကစားဖို့ စိတ်ကူးထားပြီလို့ သိရ ပါတယ် ။

ဒီလို စဉ်းစားတဲ့ နေရာမှာ ကစားသမား ဘ၀ အောင်မြင်နိုင်ချေ တွေ အပြင် သူ ပြောခဲ့တဲ့ ဘေးကင်း လုံခြုံ စိတ်ချရမှု ဆိုတဲ့ အရာကလည်း အရေးကြီး နေမှာ အသေအချာပါပဲ ။

 

SPORTS MYANMAR