လက်စတာ နဲ့ ပွဲက MOTM ဆုရှင် အိုဒီဂတ် ရဲ့ခြေစွမ်းကို အာတီတာ ဘယ်လို ချီးကျူး ခဲ့သလဲ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ်(၂၉) မှာ အာဆင်နယ် အသင်းဟာ လက်စတာ စီးတီးအသင်းကို ၂ ဂိုးပြတ် အနိုင် ရသွားခဲ့ပြီး အမှတ်ပေး ဇယား အဆင့် ၄ နေရာကို ပြန်လည် ရောက်ရှိ လာခဲ့ပါတယ် ။

အာဆင်နယ် အသင်း အတွက် ဂိုးတွေကိုတော့ ကွင်းလယ်လူ ပါတေး နဲ့ အသင်း ခေါင်းဆောင် တိုက်စစ်မှူး လာကာဇက် တို့က သွင်းယူ ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ လက်စတာ နဲ့ ပွဲမှာ အာဆင်နယ် အတွက် အထူး ခြေစွမ်းပြခဲ့ကြသူတွေကတော့ ပါတေး နဲ့ အိုဒီဂတ် တို့ပဲ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီကမှ အာဆင်နယ် အသင်းကို အပြီးသတ် ရောက်ရှိ လာခဲ့တဲ့ အိုဒီဂတ် ဟာ လက်စတာနဲ့ ပွဲမှာ Sky Sports က ရွေးချယ်တဲ့ Man of the Match ဖြစ်ခဲ့ပါတယ် ။ အိုဒီဂတ် ဟာ MOTM နဲ့ ထိုက်တန်အောင်လည်း တစ်ပွဲလုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အခွင့်အရေး ဖန်တီးမှု ၆ ကြိမ် နဲ့ Chance created အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ် ။

လက်စတာ စီးတီး တစ်သင်းလုံး ပေါင်းမှ အခွင့်အရေး ၃ ကြိမ်သာ ဖန်တီးနိုင်ခဲ့ချိန်မှာ အိုဒီဂတ် ဟာ ပြိုင်ဘက်အသင်းထက် နှစ်ဆ အခွင့်အရေး ဖန်တီး နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် အိုဒီဂတ် ဟာ ဘောလုံးယှဉ်လှရာမှာ အသာရမှု ၅ ကြိမ် ၊ ဘောလုံး ပြန်လည် ရယူနိုင်မှု ၃ ကြိမ် လုပ်နိုင် ခဲ့ပါတယ် ။

ပွဲအပြီးမှာတော့ အာဆင်နယ် နည်းပြ အာတီတာ က အိုဒီဂတ် ရဲ့ ခြေစွမ်း အပေါ် ” ဒီကနေ့ ပွဲမှာလည်း အိုဒီဂတ် က ဘက်ပေါင်းစုံ ကနေ ဘယ်လိုကြည့်ကြည့် လက်ဖျားခါရလောက်အောင် ကစားနိုင် ခဲ့ပါတယ် ။ ”

” ခံစစ်ကို ဆင်းကူရမယ့် အချိန် ၊ တိုက်စစ်ဆင်ရမယ့် အချိန် ၊ နောက်တန်း အထိ ဆင်းရမယ့် အချိန် ၊ကစားကွက် တည်ဆောက်နေတဲ့ အချိန် ၊ ပြိုင်ဘက် ဂိုးဧရိယာထဲမှာ တိုက်စစ်ဆင်နေတဲ့ အချိန်တိုင်းမှာ သူ ရှိနေခဲ့ပြီး အကောင်းဆုံး ကစား နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ပွဲအပေါ် နားလည်နိုင်စွမ်း နဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းက ကျွန်တော်တို့ လိုအပ်နေတဲ့ အတိုင်းပါပဲ ။ ”

” သူ အသင်းကို ရောက်ပြီးနောက်ပိုင်းမှာ ခြေစွမ်းပိုင်း ပိုမို မြင့်တက် ကောင်းမွန် လာပါတယ် ။ ကွင်းအတွင်းမှာ သူက ရင့်ကျက်မှု ရှိရှိ တာဝန်ယူစိတ် အပြည့် နဲ့ ကစားတတ်သူပါ ၊ သူက တခြား ကစားသမားတွေကို ပိုကောင်းလာအောင် လုပ်ပေးနိုင်သူလို့ ထင်ပါတယ် ။ ”

အာဆင်နယ် အသင်း အိုဒီဂတ် ကို ဈေးသက်သက်သာသာနဲ့ ရလိုက်တယ်လို့ ထင်သလား ဆိုတဲ့ မေးခွန်းကိုလည်း အာတီတာ က ” ကျွန်တော် မသိပါဘူး ၊ အဲ့ဒီလို ပြောဖို့ အနည်းငယ် စောနေပါသေးတယ် ။ ဒါပေမယ့် ကျွန်တော်တို့က အသင်း နဲ့ အံဝင် ကိုက်ညီမယ့် ကစားသမားမျိုးကိုပဲ အလိုရှိတာပါ ။ ”

” သူ့မှာ ကျွန်တော်တို့ လိုချင်တဲ့ အရည်အသွေး ၊ အသင်းကို ကိုယ်စားပြု ကစားနိုင်လောက်တဲ့ စံတန်ဖိုး ရှိပါတယ် ။ ကျွန်တော်တို့ကတော့ သူနဲ့ ပတ်သက်ပြီး အားရကျေနပ် ပျော်ရွှင်မိတာ အမှန်ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM