လက်စတာ စီးတီး နဲ့ ပွဲမတိုင်မှီ စမစ်ရို ၊ တိုမီယာစုတို့ရဲ့ ကြံ့ခိုင်မှု အခြေအနေ နဲ့ ပတ်သက်ပြီး ပြောကြားလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ အာတီတာ က လူငယ် ကွင်းလယ်လူ စမစ်ရို ဟာ သက်သာနေပြီ ဖြစ်ပြီး ဒီတစ်ပတ် လက်စတာ စီးတီး နဲ့ ပွဲ လူစာရင်းမှာ ပါဝင် နိုင်ဖွယ် ရှိနေကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

အင်္ဂလန် ကွင်းလယ်လူ စမစ်ရို ဟာ ကိုဗစ်ပိုး ကူးစက် ခံခဲ့ရတာကြောင့် အာဆင်နယ် အသင်း နောက်ဆုံး ကစားခဲ့တဲ့ ဝက်ဖိုဒ့် အသင်းကို ၂-၃ နဲ့ အနိုင် ရတဲ့ ပွဲမှာ ပါဝင် ကစားနိုင်ခဲ့ခြင်း မရှိပါဘူး ။

လက်စတာ နဲ့ ပွဲမတိုင်မှီ အာဆင်နယ် အသင်းပရိသတ်တွေ အတွက် သတင်းကောင်း အနေနဲ့ စမစ်ရို ဟာ အသင်း အတွက် ပြန်ကစားပေးနိုင်တော့မှာ ဖြစ်ကြောင်း နည်းပြ မီခေးလ် က အတည်ပြု ပြောကြား လိုက်ပါတယ် ။

” အခု လက်ရှိ အချိန်မှာတော့ အမ်မလီ က အသင်းအတွက် ပါဝင် ကစားပေးနိုင်မယ့် အနေအထားမှာ ရှိနေပါတယ် ။ သူ ကိုဗစ် ကို ရင်ဆိုင် ကျော်ဖြတ် ခဲ့ရပြီး အခုတော့ သက်သာ​နေပါပြီ ၊ သူ အသင်းနဲ့အတူ လေ့ကျင့်ခန်း နှစ်ကြိမ်လောက်လည်း ဆင်းပြီးပါပြီ ။ ”

” သူ အသင်း နဲ့ rhythm ပြန်မိလို့ အရင်တုန်းက ခြေစွမ်းမျိုး ပြန်လည် ရရှိလာဖို့ မျှော်လင့်ပါတယ် ၊ ဘာကြောင့်လဲဆိုတော့ သူက အသင်း အတွက် အရမ်း အရေးပါတဲ့ ကစားသမား ဖြစ်တာကြောင့်ပါ ၊ ကျွန်တော်တို့ သူ့ကို လိုအပ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အင်္ဂလန် လူငယ် ကြယ်ပွင့် စမစ်ရို ဟာ ဒီရာသီ အာဆင်နယ် အသင်း ရဲ့ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၉ ဂိုး အထိ သွင်းယူ ထားနိုင်သလို ခါရာဘောင်း ဖလားပွဲမှာလည်း သွင်းဂိုး တစ်ဂိုး သွင်းယူ ပေးထားပါတယ် ။

စမစ်ရို ပြန်ကစားနိုင်မှာ ဖြစ်ပေမယ့် ညာနောက်ခံလူ တိုမီယာစု ကတော့ အာဆင်နယ် အတွက် ပြန်လည် ကစားပေးနိုင်ဖို့ မသေချာသေးပါဘူး ။ ဂျပန် လက်ရွေးစင် နောက်ခံလူ တိုမီယာစု ဟာ ခြေသလုံး ဒဏ်ရာကြောင့် အာဆင်နယ် အသင်းရဲ့ ပွဲတွေကို လွဲချော်နေရတာ ဖြစ်ပါတယ် ။

” တိုမီယာစု နဲ့ ပတ်သက်ပြီး ပြောရရင် ကျွန်တော်တို့ သူ့ရဲ့ဒဏ်ရာ အခြေအနေကို စမ်းသပ် စစ်ဆေး ရပါဦးမယ် ။ သူ့ရဲ့ ဒဏ်ရာကို ကာကွယ်ဖို့ အချိန် အချို့ ယူနေတာ ဖြစ်ပါတယ် ၊ သူ ဒဏ်ရာ ပြဿနာ လုံးဝ မရှိတော့ဘဲ အကောင်းဆုံး ခြေစွမ်း ပြသ နိုင်အောင် အချိန်ယူ စောင့်ဆိုင်း နေတာပါ ၊ သူ အသင်းအတွက် အမြန်ဆုံး ကစားနိုင်ပြီး အထောက်အကူ ပြုနိုင်ဖို့ စိတ်အချရဆုံး နည်းလမ်းတွေနဲ့ လုပ်ဆောင်နေပါတယ် ။ ” လို့ အာတီတာ က လက်စတာ နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ် ။

SM