ရှုံးပွဲမရှိမှတ်တမ်းကျိုးပျက်သွားခဲ့ပေမယ့်လည်း ကွာတားဖိုင်နယ်ကို တက်သွားခဲ့တဲ့…လီဗာပူး ၀-၁ အင်တာမီလန် ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူးဟာ ယနေ့မနက်အစောပိုင်းက အင်တာမီလန်ကို အန်ဖီးမှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့ကာ ၂၀၂၂ ခုနှစ်အတွင်း ပထမဦးဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပေမယ့်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်ကို နှစ်ကျော့ပေါင်း ၂-၁ နဲ့ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့…

၁~ဂိုးရှေ့မှာ ကံမကောင်းခဲ့တဲ့ လီဗာပူး

လီဗာပူး အသင်းဟာ ဒီညမှာတော့ ဂိုးရှေ့မှာ ကံခေခဲ့တယ်လို့ ပြောနိုင်ပါတယ်။ မာတစ်ရဲ့ ခေါင်းတိုက်ချက် တိုက်ထိ ထွက်သွားခဲ့သလို ဗန်ဒိုက်ရဲ့ ခေါင်းတိုက်ချက်ကိုလည်း ဒီဗရားက အံ့ဖွယ် ရှင်းထုတ်ခဲ့တာကြောင့် လီဗာပူးတို့ ဦးဆောင်ဂိုး မရခဲ့တာပါ။ ဒါ့အပြင် မာတီနက်ဇ်ရဲ့ သွင်းဂိုးမတိုင်မီ ဆာလားရဲ့ ပိတ်သွင်းမှုဟာ တိုင်ထိထွက်ခဲ့သလို အင်တာတို့ ၁-၀ နဲ့ ဦးဆောင်နေချိန်မှာ ဆာလားရဲ့ volley ကန်ချက်လည်း ထပ်မံတိုင်ထိထွက်ခဲ့ပြန်ပါတယ်။

ပွဲပြီးခါနီးမှာ လူစား၀င် ကစားသမား ဖြစ်တဲ့ လူး၀စ်ဒီယက် အနေနဲ့ အပိုင်ကန်သွင်းမှု လုပ်ခဲ့ပေမယ့်လည်း အင်တာနောက်ခံလူတွေ အကောင်းဆုံး ဖျက်ထုတ် သွားခဲ့တာကြောင့် လီဗာပူးတို့ အန်ဖီးမှာ ထူးထူးဆန်းဆန်း သွင်းဂိုး မရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးဟာ နောက်တဆင့်ကို တက်ရောက်နို်င်အောင် စွမ်းဆောင်ခဲ့တာကြောင့် ဒီရှုံးပွဲဟာ ပြသနာတော့ မရှိခဲ့ပါဘူး။

၂~ဗီလိန်ဖြစ်သွားခဲ့တဲ့ ဆန်းချက်

အလက်ဆစ်ဆန်းချက်ဟာ အင်္ဂလန်မှာ ကျင်လည်ခဲ့တဲ့ ၆ နှစ်တာကာလအတွင်း အန်ဖီးမှာ တစ်ဂိုးမှ မသွင်းနိုင်ခဲ့သလို တစ်ပွဲမှလည်း အနိုင်မရခဲ့တာကြောင့် ဒီမှတ်တမ်းဆိုးကို ချေဖျက်ဖို့အတွက် အားခဲပြီး ရောက်လာခဲ့ပါတယ်။ မန်ယူနိုက်တက် ကစားသမားဟောင်း ဖြစ်နေတာကြောင့် အန်ဖီးပရိတ်သတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပြီး ပထမပိုင်းမှာ တီယာဂိုကို ဆိုးရွားတဲ့ challenge လုပ်ခဲ့ပေမယ့်လည်း ကံကောင်းစွာနဲ့ တိုက်ရိုက်အနီကတ် မထိခဲ့ဘဲ အဝါကတ်သာ ပြသခံခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ မာတီနက်ရဲ့ ဂိုးကြောင့် အင်တာတို့ နောက်တဆင့် တက်ရေး မျှော်လင့်ချက် ပြန်လည် ရှင်သန်လာခဲ့ပေမယ့်လည်း ဆန်းချက်ဟာ မိနစ်ပိုင်းအတွင်းမှာပဲ ဖာဘင်ညိုကို ဖျက်ထုတ်ပုံကြမ်းခဲ့တာကြောင့် နောက်တစ်ဝါ ထပ်ထိခဲ့ပြီး ထုတ်ပယ်ခံခဲ့ရကာ အင်တာရဲ့ နောက်တဆင့်တက်ရေး မျှော်လင့်ချက်က ချက်ချင်းမှေးမှိန်သွားခဲ့ပါတယ်။ ဆန်းချက်ဟာ သူကစားခဲ့တဲ့ ပွဲချိန် ၆၃ မိနစ်မှာ အပြင်းအထန် ကြိုးစားကာ ချိတ်ဆက် ကစားသွားခဲ့ပေမယ့်လည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပရီးမီးယားလိဂ်ခံစစ်တွေကို ဒုက္ခပေးခဲ့တဲ့ ကစားသမားမျိုးတော့ မဟုတ်တော့ပါဘူး။

၃~ဆောက်ဂိတ်ကို မက်ဆေ့ခ်ျပေးခဲ့တဲ့ ထရန့်

ဂါရက်ဆောက်ဂိတ်ဟာ လာမည့်တစ်ပတ်မှာ မတ်လ နိုင်ငံတကာပွဲစဉ်တွေအတွက် အင်္ဂလန်လူစာရင်းကို ကြေငြာတော့မှာ ဖြစ်ပါတယ်။ အလက်ဇန်းဒါးအာနိုးဟာ ဒီပွဲစဉ်မှာ သူ့ရဲ့ ခံစစ်ကစားပုံနဲ့ ပက်သက်ပြီး ဝေဖန်မှုတွေ အပေါ် ကောင်းစွာ တုန့်ပြန်နိုင်ခဲ့ပြီး ခံစစ်ကစားပုံကောင်းကို ပြသခဲ့ပါတယ်။ မန်နေဂျာ ယာဂန်ကလော့ ကလည်း ထရန့်နဲ့ပက်သက်ပြီး ဒီလို မှတ်ချက်တွေ အပေါ် ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တုန့်ပြန်ခဲ့ပြီး ခံစစ်သာ မကစားနိုင်ဘူးဆိုရင် သူ့အသင်းမှာ ကစားခွင့်ရမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

လီဗာပူးဟာ အင်တာကို ဂိုးပေးခဲ့ရပေမယ့်လည်း ထရန့်ကတော့ တိုက်စစ်မှာကော ခံစစ်မှာပါ အကောင်းဆုံး ကစားပုံကို ပြသခဲ့ပါတယ်။ ပထမပိုင်းမှာ အင်တာရဲ့ ထိုးဖောက်မှု ၂ ကြိမ်လောက်မှာ ဆိုရင် ထရန့်ရဲ့ နေရာယူ ကစားပုံဟာ ပြိုင်ဘက်ရဲ့ ထိုးစစ်ကို ချေဖျက်သွားခဲ့ပြီး တိုက်စစ်ပိုင်းမှာလည်း အကောင်းဆုံး ပံ့ပိုးမှုတွေ လုပ်နိုင်ခဲ့ပါတယ်။ ထရန့်အနေနဲ့ အင်္ဂလန်မှာ နေရာရဖို့အတွက် ရိစ်ဂျိမ်းနဲ့ အဓိက ပြိုင်ဆိုင်သွားရဖို့ ရှိနေပေမယ့် လက်၇ှိ form အရ လီဗာပူး ကစားသမားကို ဖယ်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

၄~မှတ်တမ်းကောင်း ကျိုးပျက်သွားခဲ့တဲ့ တီယာဂို + ဖာဘင်ညို

တီယာဂိုဟာ ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ အခါ လီဗာပူးအတွက် ဘယ်လောက်ကောင်းတဲ့ လက်နက်တစ်ခုလဲ ဆိုတာကို ဒီပွဲမှာ ပြသခဲ့ပါတယ်။ အင်တာရဲ့ Press တွေကို တိကျပြီး ထိုးထွင်းမြင်နိုင်တဲ့ pass တွေနဲ့ ချေဖျက်ခဲ့တဲ့ အပြင် ဘောလုံးမရှိတဲ့ အချိန်မှာလည်း အတက်နိုင်ဆုံး pressing လုပ်ကာ အင်တာရဲ့ တန်ပြန်တိုက်စစ် တစ်ချို့ကို ကောင်းစွာ တားဆီးပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဂျိုတာအတွက် တီယာဂို ဖန်တီးလိုက်တဲ့ ဘောလုံးဟာ ဂိုးပိုက်နဲ့ မိတ်ဆက်တော့မယ်လို့ ထင်မှတ်ခဲ့ကြပြီး ဟန်ဒါနိုဗစ် အနေနဲ့ ဒါကို ကောင်းစွာ ရှင်းထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဆာလားဟာ အံ့အားသင့်ဖွယ် ဂိုးတိုင်ထိအောင် ကန်သွင်းယူခဲ့လို့သာ ဂိုးမရခဲ့တာပါ။ စပိန် ကွင်းလယ်လူရဲ့ စွမ်းဆောင်မှုဟာ လီဗာပူးတို့ ဂိုးရဖို့ ထိုက်တန်ခဲ့ပြီး မိနစ် ၆၀ ကျော်လောက်မှာတော့ ဒဏ်ရာကနေ ပြန်လာခါစဖြစ်တဲ့ တီယာဂိုကို ဟန်ဒါဆန်နဲ့ လူစားလဲခဲ့ပါတယ်။ လီဗာပူးတို့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပေမယ့်လည်း တီယာဂို+ဖာဘင်ညို တို့ အတူတကွာ ပွဲထွက်တဲ့အခါတိုင်း လီဗာပူးတို့ ရှုံးပွဲမရှိခဲ့တဲ့ မှတ်တမ်းဟာ ၁၉ ပွဲမတိုင်မီမှာပဲ ပျက်စီးသွားခဲ့ပါတယ်။

၅~သမိုင်းတစ်ခုဖန်တီးဖို့ နီးစပ်လာခဲ့တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ သူတို့ရဲ့ ရှေ့က ဆူးငြောင့်တွေ အားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီး ဒီရှုံးပွဲကို သင်ခန်းစာယူကာ သူတို့ ဘာတွေ ပြင်ဆင်ဖို့ လိုအပ်သလဲဆိုတာ အကဲဖြတ်သွားရမှာ ဖြစ်ပါတယ်။ လီဗာပူးဟာ ကာရာဘောင်ဖလားကို သိမ်းပိုက်ထားပြီး ဖြစ်ပြီး ချန်ပီယံလိဂ် နဲ့ အက်ဖ်အေတို့မှာ ကွာတားကို တက်ရောက်နိုင်ခဲ့သလို ပရီးမီးယားလိဂ် title race ကလည်း အဆုံးထိ ယှဉ်ပြိုင်သွားရဖို့ များနေပါတယ်။

အင်တာဟာ အီတလီ ချန်ပီယံအနေနဲ့ အန်ဖီးကို လာရောက်ခဲ့တာ ဖြစ်ပြီး လီဗာပူးနဲ့သာ မတွေ့ဆုံခဲ့ဘူးဆိုရင် ဥရောပပြိုင်ပွဲမှာ ဆက်လက် ရှင်သန်နေအုံးမယ့် ခြေစွမ်း ရှိနေတဲ့အသင်းပါ။ ဖလား ၄ လုံး အိမ်မက်ကို ဘယ်သူမှ အကောင်အထည် မဖော်ဖူးခဲ့ပေမယ့် လီဗာပူးဟာ မတ်လအထိ ဖလား ၄ လုံး လမ်းကြောင်းမှာ ရှိနေဆဲ ဖြစ်တာကြောင့် လက်ကျန်ရာသီဟာ the Reds တို့အတွက် ရင်ခုန်စရာပဲ ဖြစ်ပါတယ်။

SM