ရှုံးပြီးပြုတ်တဲ့ အိမ်ရှင်တွေ ၊ အေဘရာမိုဗစ်ချ် ဝယ်မယ့် အသင်းသစ် ၊ အာဆင်နယ်မပျော်လောက်တဲ့ ဒဏ်ရာသတင်းတို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းဆင့် ဒုတိယ အကျော့ ပွဲစဉ်တွေမှာ မန်ချက်စတာ ယူနိုက်တက် နဲ့ အိုင်ယက်စ် တို့ဟာ အိမ်ကွင်းတွေမှာ အသီးသီး ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ကြရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ အက်သလက်တီကို မက်ဒရစ် ကို အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ ၁-၀ နဲ့ ရှုံးနိမ့် ခဲ့ကာ နှစ်ကျော့ပေါင်း ရလဒ် ၁-၂ နဲ့ ပြိုင်ပွဲကနေ ထွက်ခွာ ခဲ့ရ ပါတယ် ။

အိုင်ယက်စ် ဟာလည်း ပထမ အကျော့ တုန်းက ၂ ဂိုးစီ သရေကျ ခဲ့တဲ့ ဘင်ဖီကာ ကို အိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။

ဘရိုက်တန် နဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့တဲ့ လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလာ ဟာ ကြားရက်မှာ ကစားရမယ့် အာဆင်နယ် နဲ့ ပရီးမီးယားလိဂ် ပွဲကျန် ကို ပါဝင် ကစားနိုင်ဖို့ အဆင်သင့် ဖြစ်နေလိမ့်မယ်လို့ နည်းပြကြီး ဂျာဂင် ကလော့ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ရုရှ လက်ရွေးစင် အသင်းခေါင်းဆောင် အာတမ် ယူဘာ ဟာ ယူကရိန်း ကို ကျုးကျော်မှု နဲ့ ပတ်သက်ပြီး ရုရှ ကို ဝေဖန် ခဲ့သလို လက်ရွေးစင် အသင်း အတွက်လည်း ကစားပေးမှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ယူကရိန်း နည်းပြဟောင်း ရှက်ဗ်ချန်ကို ဟာ လန်ဒန် မှာ ရှိတဲ့ သူ့ရဲ့ နေအိမ်ဆီကို ယူကရိန်း က စစ်ဘေးရှောင် ကလေးငယ် ၁၅၀ ကို ခေါ်ယူ စောင့်ရှောက်ပေးဖို့ စီစဉ် နေပြီလို့ သတင်း ကြားသိရ ပါတယ် ။

ချဲလ်ဆီးကို ရောင်းထုတ် ရတော့မယ့် ရုရှ ဘီလီယံနာ ရိုမန် အေဘရာမိုဗစ်ချ် ဟာ ရုရှ ကလပ် CSKA Moscow အသင်းကို ဝယ်ယူဖို့ အတွက် စဉ်းစား နေပုံရှိတယ်လို့ ရုရှ ဘောလုံး အေးဂျင့် တယောက် က ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

ဘီဘီစီ သတင်းဌာနက အေဘရာမိုဗစ်ချ် ဟာ ပူတင် ရဲ့ ငွေကြေး ရှာဖွေပေးသူ တယောက် ဖြစ်ကြောင်းနဲ့ ရုရှ တင့်ကားတွေ ထုတ်လုပ်မှုမှာ ပါဝင် ပတ်သက် နေကြောင်း မှတ်တမ်း ဗီဒီယိုဖိုင် ကို ထုတ်ပြ အပြီးမှာတော့ မိုဗစ်ချ် ပိုင်ဆိုင်တဲ့ ပေါင် ၁ ဘီလီယံ တန် ဇိမ်ခံ ရွက်လှေကြီးဟာ နိုင်ငံတကာ ရေပိုင်နက်ထဲ ကို ခုတ်မောင်း ရှောင်တမ်း သွားခဲ့ပါတယ် ။

ဒါ့အပြင် ပေါင် သန်း ၅၀ နီးပါး တန်ကြေး ရှိတဲ့ ကိုယ်ပိုင် ဂျက်လေယာဉ် ဟာလည်း ရုရှ နိုင်ငံ မော်စကို ကို ပျံသန်း ထွက်ခွာ သွားခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ဒိန်းမတ် အသင်း ကတော့ နှလုံး ခုန်စက် တပ်ပြီး ဘရန့်ဖိုဒ့် မှာ ဘောလုံး ပြန်ကစား နေပြီ ဖြစ်တဲ့ ကွင်းလယ်လူ ခရစ်ရှန် အဲရစ်ဆင် ကို လာမယ့် နိုင်ငံ တကာ ပွဲစဉ်တွေ အတွက် ဆင့်ခေါ် ခဲ့တယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်းဟာ အေစီမီလန် နဲ့ နွေရာသီမှာ စာချုပ်ကုန်မယ့် အိုင်ဗရီကိုစ့် ကွင်းလယ်လူ ဖရန့် ကတ်ဆီ ကို အလွတ် နဲ့ ခေါ်ယူ နိုင်ဖို့ ဆွေးနွေး နေတယ်လို့ သိရ ပါတယ် ။ ဘာဆာ ဟာ ကတ်ဆီ အတွက် တနှစ် လုပ်ခ ယူရို ၆.၅ သန်း ( အသားတင် ) ပေးချေဖို့ ကမ်းလှမ်း ထားပြီး အပိုဆုကြေး ယူရို ၅ သန်းလည်း ပါရှိမယ် လို့ သိရ ပါတယ် ။

ဘာစီလိုနာ ဟာ ချဲလ်ဆီး ကနေ စာချုပ်ပြည့်လို့ ထွက်ခွာမယ့် ဒိန်းမတ် ခံစစ်မှူး ခရစ်ရှန်ဆန် ကို ခေါ်ယူဖို့လည်း သဘောတူညီမှု ရယူ ထားနိုင်ခဲ့ပြီလို့ သိရ ပါတယ် ။

ဘာစီလိုနာ ကနေ နွေရာသီမှာ ရောင်းထုတ် သွားဖို့ ရှိနေတဲ့ နယ်သာလန် တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်း ကိုတော့ ပရီးမီးယားလိဂ် ကလပ် အချို့ က ချိတ်ဆက်မှု ပြုလုပ် ထားတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဘရိုက်တန် လူငယ် အသင်းမှာ ကစားနေတဲ့ ၂၀၀၄ ခုနှစ်ဖွား ကြယ်ပွင့် ကစားသမားလေး တိုဘီ ကော်လ်ယာ ကို ခေါ်ယူဖို့ သဘောတူညီမှု ရယူ နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ကော်လ်ယာ ဟာ အင်္ဂလန် လူငယ် အသင်း ခေါင်းဆောင် တယောက် ဖြစ်ပြီး ယူနိုက်တက် နဲ့ ၃ နှစ်ခွဲ စာချုပ် ချုပ်ဆို သွားမယ်လို့ သိရ ပါတယ် ။

အီဒီဆင် ကာဗာနီ ဟာ ရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာမယ့် စိတ်ကူး ကို ပြောင်းလဲဖို့ အစီအစဉ် မရှိဘဲ လာလီဂါ ကို ပထမဦးစားပေး အဖြစ် သတ်မှတ် ထားတယ်လို့ ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန် ဟာ PSG ခံစစ်မှူး မာကွင်ဟိုစ့် နဲ့ ဘာစီလိုနာ ကနေ စာချုပ်ပြည့်လို့ ထွက်လာတော့မယ့် လူငယ် ခံစစ်သမားလေး ရော်နယ် အာရူဟို တို့ကို ခေါ်ယူကာ ယိုင်နဲ့ပြီး ခြေမမှန်တဲ့ ယူနိုက်တက် ခံစစ်ကြောင်းကို အားဖြည့်သင့်တယ်လို့ အကြံပြု တိုက်တွန်း သွားခဲ့ ပါတယ် ။

ယူနိုက်တက် ရဲ့ နောက်ထပ် ခံစစ်မှူးဟောင်း တယောက် ဖြစ်တဲ့ ဂယ်ရီ နဗီးလ် ကတော့ အိုးထရက်ဖိုဒ့် ကွင်းကြီးကို ဖြိုချပြီး အသစ်ပြန်လည် တည်ဆောက်မယ့် အစီအစဉ် ကို ကြိုဆို ထောက်ခံ သွားခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ် အသင်းတွေ ထဲမှာ တော့တင်ဟမ် ဟော့စပါး ရဲ့ အိမ်ကွင်းဟာ အဆင့်အမြင့်ဆုံး ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ ရွှေ့ပြောင်း ထားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကိုတော့ လာမယ့် ဧပြီလ ၁၉ ရက်နေ့မှာ ပြန်လည် ကစားသွားဖို့ စီစဉ် လိုက်တယ်လို့ သိရှိရ ပါတယ် ။

 

SPORTS MYANMAR