ရှန်ကလေ ရဲ့ Boot Room လိုမျိုး ၊ သူ့မှာလဲ ကိုယ်ပိုင် Boot Room ရှိထားတယ်လို့ ဝင့်ကြွားလိုက်တဲ့ ကလော့ပ်

လီဗာပူး သမိုင်းမှာ Boot Room ဆိုတဲ့ ဝေါဟာရ နဲ့ ဥရောပ တစ်ခွင့်လုံး အထိ ခြောက်ခြားစေခဲ့ဖူးသလို ၊ အောင်မြင်မှုတွေ အားလုံးရဲ့ အခြေတည် နေရာ ဌာန တစ်ခုလို့ ပြောရင်လဲ မှားမယ် မထင်ပါဘူး။

တကယ်တော့ Boot Room ဆိုတာ အန်ဖီးလ် ကွင်းကြီးထဲမှာ ရှိတဲ့ အခန်းငယ်လေး တစ်ခုကို မှည့်ခေါ်ထားတဲ့ နာမည် ဖြစ်ပါတယ်။ ဒီအခန်းကျဉ်းလေးထဲမှာ လီဗာပူး နည်းပြ အဖွဲ့ဝင်တွေ အစည်းအဝေးလုပ်တယ် ၊ လက်ဖက်ရည်သောက်ရင်း ကစားကွက် နည်းစနစ် အကြောင်းတွေ ၊ ပြိုင်ဘက် ရဲ့ ကစားကွက် အကြောင်းတွေ လေ့လာရင်း စကားစမြည်ပြောခဲ့ကြလေ့ရှိပါတယ်။

ဒီနေရာလေး ကို စတင် ပြောင်းလဲ ခေါ်ဝေါ် သတ်မှတ်ခဲ့သူက လီဗာပူး ရဲ့ အုတ်မြစ်ချ ဖခင်ကြီး ဘီရှန်ကလီ ဖြစ်ပြီး ၊ သူ့ရဲ့ လက်ထောက် နည်းပြတွေ ဖြစ်တဲ့ ဘော့ ပေစလေ ၊ ဂျိုး ဖာဂန် ၊ နည်းပြ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ရူဘင် ဘန်းနက် ၊ တွမ်ဆောင်းဒါး ၊ ရော်နီ မော်ဂန် ၊ နောက်ပိုင်း ကင်နီ ဒဲလ်ဂလစ်ရှ် တို့ ဟာ အဲဒီ အခန်းကျဉ်းလေးထဲမှာ နေ့စဉ် စုဝေး လုပ်ဆောင်ရင်း ဥရောပ ရဲ့ အောင်မြင်ဆုံး ကလပ် တစ်ခုအဖြစ် စုစည်းတည်ဆောက်ခဲ့ကြပါတယ်။

ဒုတိယတန်း ကနေ ဆွဲခေါ်ပြီး ၊ ပထမတန်း ချန်ပီယံ ၊ ယူရို ပါလိဂ် ချန်ပီယံ ဖလားတွေ သိမ်းပိုက်နိုင်တဲ့ အထိ ဦးဆောင်မောင်းနှင်ခဲ့တဲ့ ဘီရှန်ကလီ ဟာ သူ့ရဲ့ နေရာကို ဆက်ခံထိန်းကျောင်း နိုင်ဖို့ အတွက် အစောကြီး ကတည်းက “ဘောလုံးဆိုင်ရာ မူဝါဒတွေ” ကို တိတိကျကျ တည်ဆောက်ကာ ချမှတ်ခဲ့ပါတယ်။ သူ အနားယူသွားချိန်မှာ လက်ထောက်နည်းပြ ဘော့ပေစလေ က ဆက်ခံပြီး ၊ ပေစလေ အနားယူချိန်မှာတော့ အခြား နည်းပြ အဖွဲ့ဝင် ဖြစ်တဲ့ ဂျိုး ဖာဂန် က ထပ်မံ အမွေခံခဲ့ပါတယ်။ ဂျိုးဖာဂန် ပြီးနောက် ကင်နီ ဒဲလ်ဂရှစ် လက်ထက် အထိပါ အောင်မြင်မှုတွေက လုံး၀ ပြတ်တောက်မှု မရှိခဲ့ပါဘူး။

အဲဒီ အထဲမှာ အတောက်ပဆုံး ဖြစ်ခဲ့သူက ဘော့ပ် ပေစလေ ဖြစ်ပြီး ချန်ပီယံလိဂ် ဖလားကို တစ်ဦးတည်း 3 ကြိမ် အထိ ဆွတ်ခူးပေးခဲ့သလို ၊ ယူရိုပါလိဂ် ဖလား ၊ ဥရောပ စူပါ ဖလားတွေ အပြင် ၊ ပထမတန်း ဖလားကိုလဲ 6 ကြိမ် အထိ သိမ်းပိုက်ခဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့် Boot Room လို့ ပြောလိုက်ရင် ဥရောပ တစ်ခွင်လုံးက လေးစားမှု အပြည့်နဲ့ အသိအမှတ်ပြုထားကြတာ ဖြစ်ပါတယ်။

လက်ရှိ နည်းပြ ယာဂန် ကလော့ပ် ကိုလဲ မီဒီယာ သမား အများစုက ရှန်ကလေ လက်သစ်လို့ တင်စားထားကြသလို ၊ လီဗာပူး နဲ့ လမ်းခွဲသွားတဲ့ အချိန်ရောက်ရင် Boot Room က အစဉ်အလာ အတိုင်း သူ့ရဲ့ နောက်မှာ လက်ထောက် နည်းပြတွေက ဆက်ပြီး အမွေခံကြဦးမလား ဆိုတာ သိချင်နေကြပါတယ်။

ဂျာမန်သားကြီး ကိုယ်တိုင်ကတော့ သူတို့ဟာ Boot Room အသစ်ကို အန်ဖီးလ်ကွင်းကြီးထဲမှာ ဖန်တီးထားပြီးပြီ ဖြစ်တဲ့ အကြောင်းကို အခုလို ပြောပြသွားခဲ့ ပါတယ်။

“ 100% အရိုးသားဆုံး ပြောရမယ် ဆိုရင် ဒဏ္ဍာရီလာ Boot Room ထဲ က 2 ယောက်ရဲ့ နာမည်ကိုတော့ လီဗာပူး ကို မရောက်ခင် ကတည်းက သိထားခဲ့ပါတယ်။ သူတို့က ဘီရှန်ကလီ နဲ့ ဘော့ ပေစလေ ပါ။

ရော်နီ မော်ဂန် နဲ့ ကျန်တဲ့ အဖွဲ့ဝင်တွေ အကြောင်းကိုတော့ နောက်ပိုင်းမှ သိခဲ့တာပါ။ ဒါမျိုး ဖြစ်သင့်ရဲ့လား မသိပေမယ့် ၊ ကျနော်ကတော့ အမှန်တိုင်း ပြောပြတာ ဖြစ်ပါတယ်။ Boot Room နဲ့ ပတ်သက် သမျှ ပြောဆိုနေကြဆဲ ဖြစ်တဲ့ အကြောင်းအရာတိုင်းကို ကျနော်က တန်ဖိုးထား နှစ်သက်ပါတယ်။

ကျနော် လီဗာပူး ကို ရောက်လာတော့ အန်ဖီးလ် ကွင်းကြီးထဲကို ပထမ ဆုံး လိုက်ပြကြပါတယ်။ ပြီးတော့ အဝတ်လဲခန်း ကို ပြပါတယ်။ အဲဒီ အချိန်က ပွဲကြည့်စဉ်ဟောင်းထဲမှာပဲ ရှိပြီး ၊ အရမ်းကျဉ်းလွန်းနေတော့ သိပ်ပြီး သဘောမကျခဲ့ပါဘူး။ နောက်တော့ အောက်ထပ် ကို ဆင်းသွားပြီး အခန်းကျဉ်းလေး တစ်ခုကို လိုက်ပြကြပါတယ်။

သူတို့ပြောတာက “ဒါက ခင်ဗျားတို့ နေရမယ့် Boot Room” တဲ့လေ။ အဲဒီ အချိန်မှာတော့ “သြော်…ဒါလား” လို့ ပြန်ပြောမိလိုက်ပါသေးတယ်။ အသင်းက လူတွေကတော့ ကျနော့်ကို အကြောင်းစုံ ရှင်းပြကြတော့ပါ။ အခန်းလေးက မန်နေဂျာ နဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေ အတွက်ပဲ သီးသန့်လုပ်ထားတာ ဆိုတော့ အရက်ဆိုင် ကျဉ်းကျဉ်းလေး တစ်ခုလိုပါပဲ။

အဲဒီနောက် Main Stand အသစ်ကြီး အစားထိုး ဆောက်လိုက်တော့ ကျနော်တို့မှာလဲ ကိုယ်ပိုင် Boot Room သစ် ရှိလာခဲ့ပါပြီ။ အတွင်းပိုင်း အပြင်ဆင်ကိုတော့ ကျနော့် ဇနီး Ulla က စိတ်တိုင်းကျ မွမ်းမံထားတာပါ။ ကျနော့် အတွက်တော့ လီဗာပူး မှာ ရှိတဲ့ အကောင်းဆုံး Pub လေး တစ်ခုပါပဲ။

ပွဲပြီးပြီ ဆိုတာ နဲ့ ကျနော်တို့ နည်းပြ အဖွဲ့ဝင်တွေ အားလုံး အဲဒီကို သွားကြတယ် ၊ ကျနော့် သူငယ်ချင်းတွေ ၊ သူတို့ မိသားစု ဝင်တွေလဲ လာကြပါတယ်။ ကျနော်တို့ အတွက်တော့ စိတ်ချလက်ချ နေလို့ရတဲ့ သီးသန့် နေရာလေး တစ်ခုပေါ့ဗျာ” လို့ ရှင်းပြသွားခဲ့ ပါတယ်။

SM