ရောမဒါဘီ ဂိုးပြတ်နိုင်ပွဲမှာ စံချိန်သစ် ရခဲ့တဲ့ အေဘရာဟမ်နဲ့ ပတ်သက်ပြီး ၊ အင်တာဗျူးသူရဲ့ ယူဆချက် အပေါ် ကန့်ကွက်ခဲ့တဲ့ မော်ရင်ဟို

မနေ့ည က ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၃၀ ရဲ့ ရောမဒါဘီပွဲမှာ အိမ်ရှင် ရိုးမား အသင်းဟာ လာဇီယို အသင်းကို ပထမပိုင်းက သွင်းဂိုးတွေနဲ့ အတူ သက်တောင့်သက်သာ ၃ – ၀ နဲ့ အနိုင်ရခဲ့ပါတယ် ။ ဒီ နိုင်ပွဲကြောင့် ၄င်းတို့ဟာ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ အတွက် လက်ကျန် မျှော်လင့်ချက် အနည်းငယ် ဆက်လက် ရှင်သန်နေဆဲ ဖြစ်ပါတယ် ။

ရိုးမား အတွက် သွင်းဂိုးတွေကို တိုက်စစ်မှူး တမ်မီ အေဘရာဟမ် က၂ဂိုး ၊ အသင်းခေါင်းဆောင် ဖြစ်တဲ့ ကွင်းလယ်လူ လိုရန်ဇို ပယ်လီဂရီနီ က တိုက်ရိုက် ဖရီးကစ်မှတဆင့် တဂိုး သွင်းယူပေးခဲ့ပါတယ် ။ အေဘရာဟမ် အတွက် ဒုတိယပိုင်းမှာ ဟက်ထရစ် ရနိုင်မယ့် အပိုင် အခွင့်အရေး တကြိမ် အကြောင်းဖန်ခဲ့ပေမယ့် ၊ လာဇီယို ဂိုးသမား စထရာကော့ရှာကို မကျော်လွန်နိုင်ခဲ့ပါဘူး ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ ချဲလ်ဆီးကနေ ပေါင် ၃၅သန်းနဲ့ ပြောင်းရွှေ့လာတဲ့ အေဘရာဟမ် ဟာ သူ့ရဲ့ ရိုးမားက ပထမဆုံး ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၂၃ဂိုး အထိ ရရှိထားပြီး ၊ ဒီရာသီ ရိုးမားရဲ့ Top scorer အဖြစ် ရပ်တည်နေပါတယ် ။

ဒါ့အပြင် မနေ့ည က သွင်းဂိုး ၂ဂိုးကြောင့် ၄င်းဟာ အရင် ရိုးမား အသင်းရဲ့ တိုက်စစ်မှူးဟောင်း ၂ဦး ဖြစ်တဲ့ ဂါဘရီရယ် ဘက်တစ္စတူတာနဲ့ ဗင်ချန်ဆို မွန်တဲလားတို့ တင်ရှိထားတဲ့ ကလပ်သို့ စရောက်ရောက်ချင်း ရာသီ ဂိုးအများဆုံး ( ၂၁ ဂိုး ) သွင်းယူနိုင်တဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံးရာသီက ချဲလ်ဆီး အသင်းမှာ တတိယ ဦးစားပေး တိုက်စစ်မှူး အဆင့်သာ ရှိခဲ့တဲ့ အေဘရာဟမ် အတွက် ရိုးမားကို ပြောင်းရွှေ့လာတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ဆိုရမှာ ဖြစ်ကာ ၊ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလား အတွက် အင်္ဂလန် လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံရဖို့လည်း အလားအလာ များနေပါတယ် ။

မနေ့က ပွဲအပြီး DAZN ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အင်တာဗျူးသူမှ အေဘရာဟမ် က အံ့သြဖွယ် ခြေစွမ်းပြခဲ့တယ် မဟုတ်လားလို့ မေးမြန်းခဲ့ရာ ၊ ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုမှ ထိုယူဆချက်ကို သဘောတူညီခဲ့ခြင်း မရှိပဲ ၊ အခုလို တုန့်ပြန် ပြောဆိုခဲ့ပါတယ် ။

မော်ရင်ဟို က ” အေဘရာဟမ် ဒီနေ့ပွဲမှာ အံ့သြဖွယ် ခြေစွမ်းပြခဲ့တယ်လို့ ခင်ဗျားပြောတာကို ကျွန်တော် ကန့်ကွက်ပါတယ် ။ သူ ဒီထက် ပိုပြီး လုပ်နိုင်စွမ်း ရှိပါသေးတယ် ။ သူ့ရဲ့ အလားအလာကို ကျွန်တော် သိတဲ့ အတွက် သူ့ဆီကနေ အခုထက် ပိုပြီး တောင်းဆိုနေတာ ဖြစ်ပါတယ် ။ ”

” ဒါက သွင်းဂိုးတွေနဲ့ ပတ်သက်လို့ ပြောနေတာ မဟုတ်ပါဘူး ။ ဒီနေ့ပွဲမှာ သူလုပ်ခဲ့တဲ့ ဖိအားပေး ကစားပုံ ၊ ခံစစ် အတွက် ကူညီပေးပုံ ၊ တိုက်ပွဲဝင်ပုံတွေကို ဗွီတက်ဆီနဲ့ ကွန်းဖရန့်လိဂ် ပွဲမှာ တစက်မှ မမြင်ခဲ့ရပါဘူး ။ တမ်မီ အနေနဲ့ ဒီလို ဦးတည်ချက်မျိုးနဲ့ ပွဲတိုင်း ကစားနိုင်ဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး မော်ရင်ဟို က မနေ့ည က နိုင်ပွဲနဲ့ Top 4 ဝင်ခွင့် အကြောင်းနဲ့ ပတ်သက်ပြီး ” ကြီးကျယ်တဲ့ စွမ်းဆောင်ရည်ပါ ။ အရာရာတိုင်းက ကျွန်တော်တို့ လေ့ကျင့် ပြင်ဆင်ခဲ့တဲ့ အတိုင်း ဖြစ်လာတာကြောင့် ၊ ဒီနေ့ နိုင်ပွဲက စပါယ်ရှယ် ဖြစ်ခဲ့ပါတယ် ။ လာဇီယို ဟာ ဒုတိယပိုင်းမှာ ဂုဏ်သိက္ခာ အတွက် ပြန်ပြီး တိုက်ပွဲဝင်ခဲ့ပေမယ့် ၊ ကျွန်တော်တို့ဖက်က ပွဲအပေါ် ထိန်းချုပ်မှု လုံးဝ မလျော့ကျခဲ့ပါဘူး ။ ”

” ဒီအတွက်ကြောင့် ကျွန်တော့ ကောင်လေးတွေကို ချီးကျူးလိုပါတယ် ။ ထိပ်ဆုံး ၄နေရာ အတွက် တိုက်ပွဲဝင်နေကြတဲ့ အပေါ်က ကလပ် ၄သင်းလုံး ခြေချော်ဖို့ ကျွန်တော် မမြင်မိပါဘူး ။ အဆင့် ၅ နဲ့ ၈ အထိ ရပ်တည်မှု အတွက် ၄သင်းလောက် ပြိုင်ဆိုင်နေရပါတယ် ။ ကျွန်တော်တို့ အသင်း ၊ အတ္တလန္တာ ၊ ဖီအိုရင်တီးနားနဲ့ လာဇီယိုတို့ပါ ။ ”

” ဒီ ၄သင်းလုံးဟာ မတူညီတဲ့ တိုးတက်မှု အလားအလာ ကိုယ်စီ ပိုင်ဆိုင်ထားကြပါတယ် ။ အဆင့် ၅နဲ့ ၈ အကြားမှာ ကွာဟမှု တခု ရှိပါတယ် ။ ဒီတော့ ကျွန်တော်တို့ ဒီရာသီကို ရပ်တည်မှု မြင့်မြင့်မားမားနဲ့ အဆုံးသတ်ချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR