ရောမဒါဘီအတွက် စမောလင်းနဲ့ အလောင်းအစား တစ်ခု လုပ်ခဲ့ရာမှာ အနိုင်ရခဲ့တယ်လို့ ထုတ်ဖော်လိုက်တဲ့ ရိုးမား တိုက်စစ်မှုး အေဗရာဟမ်

ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ရောမဒါဘီ ပွဲစဉ်မှာ ခါးသီးမြို့ခံပြိုင်ဘက် လာဇီယို အသင်းကို ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ဂျိုဆေးမော်ရင်ညိုရဲ့ အသင်း အတွက် ဂိုးတွေကိုတော့ တမ်မီအေဗရာဟမ် (၂ ဂိုး) နဲ့ ပယ်လီဂရီနီ တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ချဲလ်ဆီး တိုက်စစ်မှုးဟောင်း အေဗရာဟမ် အတွက် ဒီရာသီ ရိုးမား အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၂၃ ဂိုးမြောက် ဖြစ်ခဲ့ပြီး စီးရီးအေမှာ ၁၅ ဂိုး သွင်းယူထားခဲ့ပြီး ဖြစ်ပါတယ်။

ရိုးမားဟာ ပြီးခဲ့တဲ့ နွေရာသီ အေဗရာဟမ်ကို ချဲလ်ဆီး ထံကနေ ပေါင် ၃၄ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ဒါဟာ စီးရီးအေ ကလပ်အတွက် အရမ်းကို ကောင်းတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။ အေဗရာဟမ်ဟာ ရောမဒါဘီမှာ ပွဲချိန် ၁ မိနစ် မပြည့်မီမှာပဲ ထောင့်ကန်ဘောကနေ လာဇီယို ဂိုးသမား အတွက်အချက်မှားကာ ပြန်လည် လျှံထွက်လာခဲ့တဲ့ ဘောလုံးကို အနီးကပ် ပိတ်သွင်းခဲ့ပြီး ဦးဆောင်ဂိုး ရယူပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ပွဲချိန် မိနစ် ၂၀ ကျော်မှာ အေဗရာဟမ်ဟာ ကားစ်ဒေါ့ရဲ့ ဖြတ်တင်ဘောကို Volley ကန်ချက်နဲ့ ပိတ်သွင်းယူခဲ့ကာ နောက်ထပ် ဦးဆောင်ဂိုး ထပ်ရစေခဲ့ပါတယ်။ တတိယဂိုး ကိုတော့ ပယ်လီဂရီနီက ပထမပိုင်းမပြီးခင် ဖရီးကစ်ကနေ လှပစွာ ကန်သွင်းယူခဲ့တာ ဖြစ်ပြီး ရိုးမားဟာ ဒီရလဒ်ကို ပွဲပြီးတဲ့အထိ ထိန်းကာ ဒါဘီနိုင်ပွဲ ရယူခဲ့ပါတယ်။ ဒီပွဲစဉ် အပြီးမှာ အေဗရာဟမ်က ရောမဒါဘီအတွက် အသင်းဖော်ဖြစ်သူ စမောလင်း ၊ ကားစ်ဒေါ့ တို့နဲ့ အလောင်းအစား တစ်ခုလုပ်ခဲ့ရာမှာ သူ အနိုင်ရခဲ့တဲ့ အတွက် လက်ရှိအချိန်မှာ အသင်းဖော်တွေဆီက အားကစားဖိနပ်သစ် တစ်စုံကို ရတော့မှာ ဖြစ်တယ်လို့ ထုတ်ဖော်သွားပါတယ်။

အေဗရာဟမ်က “ဒီပွဲစဉ် မတိုင်မီ ရက်အနည်းငယ် အလိုက ကျွန်တော် ၊ ကားစ်ဒေါ့ နဲ့ ခရစ်စမောလင်း တို့ဟာ အလောင်းအစားလေး တစ်ခု လုပ်ဖို့ အတွက် သဘောတူညီခဲ့ကြ ပါတယ်။ သူတို့က အကယ်၍ ကျွန်တော် လာဇီယိုနဲ့ ပွဲမှာ ၂ ဂိုး သွင်းနိုင်ခဲ့မယ် ဆိုရင် အားကစားဖိနပ်ကို ၀ယ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ အကယ်၍ ကျွန်တော် ဂိုးမသွင်းနိုင်ခဲ့ဘူး ဆိုရင် ကျွန်တော့်ဘက်က သူတို့ကို အားကစားဖိနပ်တွေ ၀ယ်ပေးရမှာပါ။ ကျွန်တော် ဒါဘီပွဲစဉ်မှာ ၂ ဂိုး သွင်းနိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်မိပါတယ်။ ဒ့ါကြောင့် ကျွန်တော့် အခု brand new အားကစားဖိနပ် ၂ စုံကို ရတော့မှာ ဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ဒါဘီပွဲစဉ်မှာ ၂ ဂိုးသွင်းကာ ခြေစွမ်းပြ ကစားခဲ့ပေမယ့်လည်း မော်ရင်ညို ကတော့ အေဗရာဟမ်ရဲ့ ခြေစွမ်း အပေါ် အားရကျေနပ်မှု မရှိ ဖြစ်နေဆဲ ဖြစ်ပါတယ်။

ပွဲအပြီးမှာ မော်ရင်ညိုက “အေဗရာဟမ်ဟာ တအားကို ကောင်းတယ်လို့ ခင်ဗျားတို့ ပြောနေပေမယ့် ကျွန်တော်ကတော့ သဘောမတူပါဘူး။ သူဒီထက် ပိုကောင်းအောင် ကစားနိုင်ပါတယ်။ ကျွန်တော် သူ့အပေါ် အများကြီး တောင်းဆိုခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် သူ့ရဲ့ အလားအလာကို သိနေလို့ပါ။ သူ့ရဲ့ သွင်းဂိုးတွေကိုပဲ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး။ သူ့အနေနဲ့ ပွဲတိုင်းမှာ ဒီလို ခံယူချက်နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။” လို့ ပြောသွားပါတယ်။

အေဗရာဟမ်ဟာ ဒီပွဲစဉ် အပြီးမှာ ရိုးမားဂန္တ၀င် ဂါဘရီရယ်ဘားတစ်တူတာရဲ့ ပွဲဦးထွက် ရာသီ သွင်းဂိုးအများဆုံး စံချိန်ကို ၂ ဂိုး အသာနဲ့ ချိုးဖျက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

SM