ရုရှ အပေါ်ချတဲ့ ဘောလုံးဆန်ရှင်များ ၊ ရိုနယ်ဒို နေရာအတွက် သန်း ၈၀ တန် တိုက်စစ်ပစ်မှတ် တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

 

ယူကရိန်း နိုင်ငံ ကို ရုရှ နိုင်ငံက ကျူးကျော် ဝင်ရောက်မှု နဲ့ ပတ်သက်ပြီး ဘောလုံး လောက ကလည်း ပြင်းထန်တဲ့ ဆန်ရှင်တွေ ချမှတ်ခဲ့ကြပါတယ် ။

ဥရောပ ဘောလုံး အဖွဲ့ချုပ် နဲ့ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် တို့ဟာ ရုရှ လက်ရွေးစင် ( အမျိုးသား + အမျိုးသမီး ) အသင်းတွေကို ကမ္ဘာ့ဖလား နဲ့ ယူရို ပြိုင်ပွဲတွေ ကနေ ကစ်ထုတ်လိုက်ကြသလို ရုရှ ကလပ်တွေ ကိုလည်း သက်ဆိုင်ရာ ပြိုင်ပွဲတွေ ကနေ ထုတ်ပယ်ကြောင်း ကြေညာ သွားခဲ့ ကြပါတယ် ။

 

ဥရောပ ဘောလုံးအဖွဲ့ချုပ် ဟာ သူတို့ရဲ့ အဓိက စပွန်ဆာ တခု ဖြစ်တဲ့ ရုရှ အခြေစိုက် ရေနံ အဖွဲ့အစည်းကြီး ဂပ်ဇ်ပရွမ် နဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီး ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် ၊ ယူရို ပြိုင်ပွဲတွေမှာ ဂပ်ဇ်ပရွမ် အမှတ်တံဆိပ်တွေ ကို ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ် ။

ရှော်ကေး အသင်းကလည်း ဂပ်ဇ်ပရွမ် နဲ့ စာချုပ်ကို ဖျက်သိမ်း လိုက်ကြောင်း ကြေညာ သွားခဲ့ ပါတယ် ။

ရုရှ လက်ရွေးစင် အသင်းကတော့ ဒီ ဆုံးဖြတ်ချက် အတွက် အယူခံ ဝင်သွားမယ်လို့ သိရပါတယ် ။

 

ရုရှ ကလပ် စပါးတပ် မော်စကို ကတော့ ယူရိုပါလိဂ် ကနေ ထုတ်ခံရမှု အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ၊ အားကစား ဟာ အခုလို အဆိုးရွားဆုံး အခြေအနေတွေမှာ ပေါင်းကူးတံတား အဖြစ် လုပ်ပေးနိုင်တဲ့ အရာ ဖြစ်ပြီး ဖယ်ရှားရမယ့် အရာမဟုတ်ကြောင်း ၊ လက်ရှိမှာတော့ ပြည်တွင်း ပွဲတွေကို အဓိက အာရုံစိုက် သွားမှာ ဖြစ်ပြီး အမြန်ဆုံး ငြိမ်းချမ်းဖို့ မျှော်လင့် ထားကြောင်း ထုတ်ပြန် သွားခဲ့ ပါတယ် ။

နိုင်ငံတကာ အိုလံပစ် ကော်မတီ ကလည်း ရုရှ ကိုယ်စားပြုမယ့် အားကစား သမား အားလုံးကို ပြိုင်ပွဲ ဝင်ခွင့် ပိတ်ပင်ဖို့ အထိ တောင်းဆိုထားတယ်လို့ ကြားသိရ ပါတယ် ။

ယူကရိန်း တင်းနစ်မယ် အလီနာ စဗီတိုလီနာ ကလည်း မွန်ထရီရယ် အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ သူမ နဲ့ ဆုံတွေ့ နေတဲ့ ရုရှ တင်းနစ်မယ် ပိုတာပိုဗာ နဲ့ ယှဉ်ပြိုင် ကစားသွားမှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး ရဲ့ အီတလီ နည်းပြကြီး အန်တိုနီယို ကွန်တီ ကလည်း စိတ်မနှံ့ ရူးမိုက်တဲ့ လူတွေ ကို ကမ္ဘာကြီး ဘယ်လောက် စည်းလုံးသလဲ ဆိုတာ ပြသလိုက်ကြပါလို့ ပြောဆိုပြီး ရုရှ ရဲ့ ကျူးကျော်မှု ကို ဝေဖန် ရှုံ့ချ သွားခဲ့ ပါတယ် ။

အီတလီ ရဲ့ ဂန္ထဝင် သက်တော်ရှည် ဂိုးသမားကြီး ဘူဖွန် ကတော့ လက်ရှိ ကစားနေတဲ့ ပါးမား အသင်းမှာ ၂၀၂၄ ခုနှစ် အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆို လိုက်ပြီလို့ သိရ ပါတယ် ။ ဒါကြောင့် ဘူဖွန် ဟာ ၄၆ နှစ် အထိ ဘောလုံး ဆက် ကစားနေတော့မှာပါ ။

မန်ချက်စတာ စီးတီး နည်းပြကြီး ပက် ဂွာဒီယိုလာ ဟာ ဒဏ်ရာ ကနေ သက်သာလာပြီး ပြန်ကစားဖို့ အားမွေး နေတဲ့ ဂျက် ဂရီလစ်ရှ် ကို ဘေးပတ်ဝန်းကျင် က ဝေဖန်သံတွေကို မေ့ထားပြီး ကိုယ့်ရဲ့ ကြံ့ခိုင်မှု နဲ့ ပုံစံ အပေါ်သာ အာရုံစိုက် ထားဖို့ အကြံပြု တိုက်တွန်း သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ခရစ္စတီယာနို ရိုနယ်ဒို အပိုင်စား ရယူထားတဲ့ အထောင်တိုက်စစ်မှူး နေရာကို လာမယ့် ရာသီမှာ အစားထိုးဖို့ ရှိနေပြီး နာပိုလီ ရဲ့ ၂၂ နှစ် အရွယ် တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟမ်း ကို ရည်ရွယ် နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ဆလီနာတီတာ အသင်းမှာ ကစားနေတဲ့ ပြင်သစ် တောင်ပံ ကစားသမားဟောင်းကြီး ဖရန့် ရီဘာရီ ဟာ ယမန်နေ့ က ကားမတော်တဆ ဖြစ်မှုကြောင့် ဆေးရုံကို အမြန်ပို့ဆောင် ကုသ ခဲ့ရတယ်လို့ သိရပါတယ် ။ ရီဘာရီ ဟာ ဆေးရုံမှာ ရက်အနည်းငယ်ကြာအောင် ကုသမှု ခံယူရနိုင်တယ်လို့ ကြားသိရ ပါတယ် ။

အိုင်ယက်စ် အသင်းဟာ လစ်လပ် သွားတဲ့ အားကစား ဒါရိုက်တာ နေရာ အတွက် ဘာစီလိုနာ အသင်းမှာ အားကစား အကြံပေး အဖြစ် လုပ်ကိုင် နေတဲ့ ဂျော်ဒီ ခရပ်ဖ် ကို ကမ်းလှမ်းဖို့ စဉ်းစား နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် ( FA ) ဟာ ခါရာဘောင် ဖလား ဖိုင်နယ် အပြီး အောင်ပွဲခံ ချိန်မှာ ကွင်းထဲ ကျလာတဲ့ မီးရှူး ( မီးခိုးပုံး ) ကို ကိုင်ပြီး အောင်ပွဲခံ ခဲ့တဲ့ လီဗာပူး လူငယ်လေး ဟာဗေး အီးလီးယော့ ရဲ့ လုပ်ရပ် အပေါ် ဖြေရှင်းချက် တောင်းခံ ခဲ့တယ်လို့ သိရ ပါတယ် ။

အဆိုပါ ပွဲမှာ ချဲလ်ဆီး ဂိုးသမား ကီပါ လွဲချော် ခဲ့တဲ့ ပင်နယ်တီ ဘောလုံး ကို ပွဲကြီးကြပ်သူတွေ ပြန်လည် မရရှိ ခဲ့ ပါဘူး ။

ပွဲကြည့်စင်ပေါ် ကို ရောက်သွားခဲ့တဲ့ အဆိုပါ ဘောလုံးကို လီဗာပူး ပရိသတ် တဦးက ဖမ်းမိ ခဲ့ပြီး ခါရာဘောင် ဖလား ဖိုင်နယ် အမှတ်တရ အဖြစ် နေအိမ်ကို ယူဆောင် သွားနိုင်ခဲ့တယ်လို့ သတင်း ကြားသိရ ပါတယ် ။

လိဒ် ယူနိုက်တက် အသင်းဟာ ထုတ်ပယ်လိုက်တဲ့ နည်းပြ မာဆယ်လို ဘီယေဆာ ရဲ့ နေရာမှာ အမေရိကန် လူမျိုး ဂျက်စ် မာ့စ်ချ် ကို နည်းပြသစ် အဖြစ် အစားထိုး ခန့်အပ်ကြောင်း ယမန်နေ့က ကြေညာ သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR