ရုရှား Company ထံ ရုပ်သံ ထုတ်လွှင့်ခ မူပိုင်ခွင့် ရောင်းချထားမှုကို ဖျက်သိမ်းတော့မယ့် ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် နဲ့ EFL တို့ ဟာ သူတို့ရဲ့ ဘောလုံး ပွဲစဉ်တွေကို ရုရှားမြေပေါ်မှာ ထုတ်လွှင့် ပြသခြင်း မရှိဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ပြိုင်ပွဲ အတွက် အကြံပေး ခန့်အပ်ထားတဲ့ ရှေ့နေတွေဟာ လက်ကျန် ရှိနေတဲ့ 3 လ တာ စာချုပ်သက်တမ်းကို ဖျက်သိမ်းဖို့ လုပ်ဆောင်နေကြပါပြီ။ ပရီးမီးယားလိဂ် နဲ့ ရုရှား မီဒီယာ လုပ်ငန်း Rambler Media တို့အကြား တစ်နှစ် မူပိုင်ခွင့် ပေါင် 6 သန်း နဲ့ စာချုပ် ချုပ်ဆိုထားခဲ့ကြတာ ဖြစ်ပါတယ်။

ရုရှား ဟာ ယူကရိန်း ကို ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီးနောက်ပိုင်း ၊ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေ ကလဲ သူတို့ နဲ့ အကြား ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ပြန်လည် စစ်ဆေး သုံးသပ်မှုတွေ လုပ်ဆောင်နေကြောင်း တရားဝင် ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ သို့သော် ဒီတစ်ပတ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ရုရှားနိုင်ငံထဲမှာ ပြသနေတဲ့ ပုံရိပ်တွေ ထွက်ပေါ်လာပြီးနောက် ၊ လွှတ်တော် ကိုယ်စားလှယ်တွေက ဆက်တိုက် ဖိအားပေးလာခဲ့ကာ ၊ အခုလို စာချုပ် ဖျက်သိမ်းတော့မယ့် အဆင့်မျိုး အထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဟာ ဒီတစ်ပတ် ကျင်းပခဲ့တဲ့ ပွဲစဉ်တွေမှာ ယူကရိန်း နဲ့ အတူ ရပ်တည်တဲ့ အကြောင်း ပုံစံမျိုး သုံးကာ ထုတ်ဖော် ပြသခဲ့ပါတယ်။ ပွဲမစတင်မီ ယူကရိန်း ပြည်သူတွေ နဲ့ ရပ်တည်ကြောင်း ၊ ရုပ်သံထုတ်လွှင့်ချိန်မှာလဲ ယူကရိန်း နိုင်ငံရဲ့ အလံပဲ ထင်ပေါ်နေအောင် ၊ အဲဒီက ကာလတွေကိုပဲ အဓိကထား သုံးစွဲခဲ့တာပါ။

ရုရှား နိုင်ငံအတွင်းမှာတော့ ပွဲ မစတင်မီ ယူကရိန်း နဲ့ အတူတူ ရပ်တည်ကြောင်း ပြသတဲ့ အစီအစဉ်တွေ ထုတ်လွှင့်ပြသခြင်း မရှိပဲ ၊ ပွဲစမှပဲ ပြသခဲ့တယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာ FA ဖလား တာဝန်ရှိသူတွေ ကလဲ သူတို့ရဲ့ ပွဲစဉ်တွေကို ရုရှား နိုင်ငံအတွင်း ပြသခြင်း မရှိဖို့ လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

Rambler ဟာ ရုရှား နိုင်ငံပိုင် လုပ်ငန်း ဖြစ်တဲ့ Sberbank ပိုင် Company ခွဲ တစ်ခု ဖြစ်ပြီး ၊ မနေ့ကပဲ ဗြိတိန် ရဲ့ Sanction စာရင်းမှာ ထည့်သွင်းခံလိုက်ရတာ ဖြစ်ပါတယ်။ နိုင်ငံကြားရေးရာ ဝန်ကြီး ဌာန အတွင်းရေးမှုး Liz Truss က ရုရှား ဘဏ်လုပ်ငန်းတွေ နဲ့ ဆက်စပ်နေတဲ့ အရာအားလုံးကို Freeze လုပ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ကတိပေးသွားခဲ့ ပါတယ်။

Digital, Culture, Media & Sport Select Committee အဖွဲ့မှာ ပါဝင်နေတဲ့ လွှတ်တော် ကိုယ်စားလှယ် Clive Efford နဲ့ All-Party Parliamentary Group ဥက္ကဌ အဖြစ် ဆောင်ရွက်နေတဲ့ လွှတ်တော် ကိုယ်စားလှယ် Chris Bryant တို့က ဘောလုံး နဲ့ ဆက်စပ်နေတဲ့ ရုပ်သံ ထုတ်လွှင့်မှု စာချုပ်တွေ အားလုံးကို အမြန်ဆုံး ရပ်ဆိုင်းပေးဖို့ တောင်းဆိုထားပါတယ်။

တချိန်တည်းမှာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ ကလဲ ရုရှား အပေါ် နောက်ထပ် တိုးမြှင့် အရေးယူမှုတွေ လုပ်ဆောင်တဲ့ အနေနဲ့ ရုရှား လိဂ်မှာ ကစားနေတဲ့ ကစားသမားတွေကို အပြောင်းအရွှေ့ လုပ်ဆောင်ခွင့် မပေးဖို့ စဉ်းစားလျှက် ရှိနေပါတယ်။ အဲဒီ အနေအထားမှာ လက်ရှိ ရုရှား လိဂ် မှာ ပါဝင် ကစားနေသော်လဲ ယူကရိန်း ကျူးကျော်စစ်ကို ဆန့်ကျင်နေတဲ့ ဘောလုံးသမားတွေ မထိခိုက်အောင် သေချာ စိစစ် လုပ်ဆောင်သင့်တယ်လို့ ကလပ် အသင်း တစ်ချို့ က FIFpro ကနေ တဆင့် အကြံပြုထားပါတယ်။

ခရက်စ်နိုဒါ အသင်းဟာ ကျူးကျော် နဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောဆိုမှုတွေ လုပ်ဆောင်ခဲ့တဲ့ သူတို့ ကစားသမား 8 ယောက် ကို သီးသန့် လေ့ကျင့်ခန်းတွေပဲ လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့သလို ၊ ဇင်းနစ် မှာ ကစားနေတဲ့ ယူကရိန်း ကစားသမား Yaroslav Rakitskyi ကလဲ သူ့ရဲ့ စာချုပ်ကို ဖျက်သိမ်းသွားခဲ့ ပါတယ်။

တရုတ် က ရုပ်သံ ထုတ်လွှင့်သူ ဖြစ်တဲ့ iQiyi Sports ကလဲ ဒီတစ်မှတ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ အားလုံးကို ထုတ်လွှင့်ပြသခြင်း မရှိပဲ ၊ ရပ်ဆိုင်သွားခဲ့ပါတယ်။

ဘိုင်ယန် မြူးနစ် က နာမည်ကျော် ပိုလန် ဘောလုံးသမားကြီး လီဝန်ဒေါ့စကီး ကတော့ တရုတ် လုပ်ငန်း Huawei နဲ့ တစ်နှစ် ပေါင် 4.14 တန် စပွန်ဆာ စာချုပ်တစ်ရပ်ကို တစ်ဖက်သတ် ဖျက်သိမ်းသွားခဲ့ပါတယ်။ လီဝန်ဒေါ့စကီး ရဲ့ အကြံပေးတွေက Huawei ဟာ ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှား ကို နည်းပညာတွေ ထောက်ပံ့နေတဲ့ အတွက် အခုလို လုပ်ဆောင်တာ ဖြစ်တယ်လို့ ရှင်းပြသွားခဲ့ ပါတယ်။

SM