ရီးရဲလ်မက်ဒရစ်ကို El Classico မှာ ဂိုးပြတ်နိုင်ခဲ့ပေမယ့် ၊ ဖလားရသေးတာ မဟုတ်ကြောင်း ဘာဆာ အသင်းသားတွေကို သတိပေးလိုက်တဲ့ ဇာဗီ

မနေ့ည က ကစားခဲ့တဲ့ စပိန် လာလီဂါရဲ့ လူအများအပြား စောင့်ကြည့်ခြင်းကို ရရှိခဲ့တဲ့ El Classico ရီးရဲလ်မက်ဒရစ် – ဘာစီလိုနာ ပွဲမှာ အမှတ်ပေးဇယားကို ပြတ်ပြတ်သားသား ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ နောက်ပိုင်း form ကောင်းနေတဲ့ ဘာစီလိုနာ အသင်းကို မထင်မှတ်ပဲ အိမ်ကွင်း ဘာနေဗျူးမှာ ၄ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ် ။

ဒီတကြိမ် El Classico မှာ ရီးရဲလ်မက်ဒရစ်ဖက်က အားထားရတဲ့ ပြင်သစ် လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ကာရင် ဘန်ဇီမာ တယောက် ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပြီး ၊ နည်းပြ ဖြစ်သူ ကာလို အန်ဆယ်လော့တီမှ ဘရာဇီး လူငယ် တောင်ပံ ကစားသမား ရိုဒရိုင်ဂိုကို False 9 ပုံစံ အထောင် ကစားစေခဲ့ပေမယ့် ၊ ဘယ်လိုမှ အလုပ်မဖြစ်ခဲ့ပါဘူး ။

ပထမပိုင်း အစောပိုင်း မိနစ်တွေမှာ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ အကြိတ်အနယ် ဖြစ်ခဲ့ပေမယ့် ၊ ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး ပီယာ အမ်းမရစ် အူဘားမီးယန်းရဲ့ ခေါင်းတိုက်ဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် ၊ အိမ်ရှင် ရီးရဲလ်မက်ဒရစ်တို့ ဘယ်လိုမှ နာလန်မထူနိုင်ခဲ့ပါဘူး ။

ထို့နောက် ဘာစီလိုနာဖက်မှ နောက်ခံလူ အရူဟို ၊ တောင်ပံ ကစားသမား ဖာရန် တောရက်စ်နဲ့ တိုက်စစ်မှူး အူဘာမီးယန်းကပဲ နောက်ထပ် တဂိုးစီ သွင်းယူခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်တို့ El Classico မှာ ၄ဂိုးပြတ်နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ရပါတယ် ။

ဒီရာသီမှာမှ ဘာစီလိုနာ နည်းပြသစ် ဖြစ်လာတဲ့ ကလပ် ဂန္တဝင် ကွင်းလယ်လူဟောင်း ဇာဗီ ဟာနန်ဒက်ဇ် အတွက်တော့ ဆရာအရင်း ပက်ဂွာဒီယိုလာရဲ့ ဘာစီလိုနာမှ ပထမဆုံး အဝေးကွင်း El Classico ၂ – ၆ ဂိုးပြတ်နိုင်ပွဲမျိုးကို ထပ်တူ ခြေရာလိုက်နင်းခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။

လောလောဆယ်မှာ ရီးရဲလ်မက်ဒရစ်ထက် တပွဲလျော့ ကစားထားပေမယ့် ၁၂မှတ် ပြတ်ကျန်နေပြီး ၊ အဆင့် ၃ နေရာမှာ ရပ်တည်နေတာကြောင့် ဇာဗီ ကတော့ ဘာဆာ အသင်းသားတွေကို El Classico မှာ ဂိုးပြတ် နိုင်ခဲ့ပေမယ့် ၊ ဘာဖလားမှ ရသေးတာ မဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ် ။

ဇာဗီ က ” ဒီလို ရလဒ်မျိုး ရရှိဖို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တာ မှန်ပေမယ့် ၊ သူတို့ အိမ်ကွင်းမှာ ဒီလောက်ကြီး အထိ ပြတ်ပြတ်သားသား အနိုင်ရဖို့ကို ကျွန်တော် မမျှော်မှန်းခဲ့မိပါဘူး ။ ပိုပြီး အပြန်အလှန် ဖွင့်ကစားမယ့် ပွဲတပွဲ အဖြစ် မျှော်မှန်းခဲ့တာပါ ။ ဒီနေဲ ရလဒ် အတွက် ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ် ။ ”

” ( ဂွာဒီယိုလာရဲ့ ၂-၆ ရလဒ်နဲ့ နှိုင်းယှဉ်မှု ) ဒီ မှတ်တမ်း ၂ခုကို နှိုင်းယှဉ်လို့ ရနိုင်ပါတယ် ။ ကျွန်တော်တို့ဟာလည်း ဒီနေ့ပွဲမှာ ပြိုင်ဖက်ထက် သွင်းဂိုး ၊ ကစားပုံ ရှုထောင့်အရ အဖက်ဖက်က အသာရခဲ့ပါတယ် ။ ဒီနေ့ နိုင်ပွဲကြောင့် ကျွန်တော်တို့ ပြုံးပျော်နိုင်ကြပါပြီ ။ ”

” ရှေ့ဆက်တော့ ကြိုးစားရဦးမှာပါ ။ ဒါက ဖလား မဟုတ်သေးပါဘူး ။ ကျွန်တော်တို့ အနေနဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချရပါမယ် ။ နိုင်ပွဲ အတွက် ဒီနေ့မှာ ကျွန်တော်တို့ အောင်ပွဲခံကြမှာပါ ။ ပြီးရင် အနားယူပြီး ၊ ဆီဗီးလားနဲ့ ပွဲအတွက် ပြင်ဆင်ရပါဦးမယ် ။ နောက်ထပ် ၃မှတ် ရဖို့ အတွက်ပေါ့ ။ ”

” ကျွန်တော် ကတော့ ဒီနေ့ နိုင်ပွဲက လာလီဂါ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ လုံလောက်မှု မရှိသေးဘူးလို့ ထင်နေဆဲပါ ။ ဒါပေမယ့် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ပြိုင်ဖက်ကို သင်ခန်းစာ ကောင်းကောင်း ပေးနိုင်ခဲ့တဲ့ သဘောပါပဲ ။ ကျွန်တော်တို့ ပထမ ပစ်မှတ်က ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ အာမခံချက် ရဖို့ပါ ။ ”

” ပြီးမှ ဘာတွေ ဆက်ဖြစ်မလဲ ကျွန်တော်တို့ စောင့်ကြည့်ပါမယ် ။ ဒီ နိုင်ပွဲက ကျွန်တော်တို့ရဲ့ ပရောဂျက်ကို အရှိန်အဟုန်မြှင့် တိုးတက်စေပါလိမ့်မယ် ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပန်းတိုင်တွေဆီ မရောက်သေးပါဘူး ။ ဒီအတွက် ကျွန်တော်တို့ ရှေ့ဆက် ကြိုးစားရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR