ရီးရဲယ်မက်ဒရစ်ကို ရှုံးခဲ့တဲ့ ပွဲစဉ်မှာ ကြီးမားတဲ့ အမှားကို ကျူးလွန်ခဲ့တဲ့ ပီအက်ဂျီ ကစားသမားကို အပြင်းအထန် ဝေဖန်လိုက်တဲ့ ဖာဒီနန်

မန်ယူနိုက်တက် နောက်ခံလူဟောင်း ဖြစ်သူ ရီယိုဖာဒီနန်က မနေ့ညက ရီးရဲယ်မက်ဒရစ်ကို ရှုံးကကာ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာ ခဲ့ရတဲ့ ပွဲစဉ်မှာ ပဲရစ်စိန့်ဂျာမိန်း အသင်းရဲ့ ခံစစ်ကစားပုံဟာ တကယ့်ကို ဟာသ ဖြစ်တယ်လို့ ဆိုလိုက်ပြီး အထူးသဖြင့် ပီအက်ဂျီ နောက်ခံလူ မာကွင်ညိုကို ဝေဖန် ပြစ်တင်လိုက် ပါတယ်။

ဘာနေဗျူးမှာ အမ်ဘက်ပေရဲ့ ပထမပိုင်း သွင်းဂိုးကြောင့် ပထမအကျော့က ၁-၀ နဲ့ နိုင်ထားခဲ့တဲ့ ပီအက်ဂျီဟာ ကွာတားဖိုင်နယ်ကို တက်ရောက်ရန် အခြေအနေ ကောင်းနေခဲ့ပေမယ့်လည်း ပွဲပြီးဖို့ မိနစ် ၃၀ အလိုမှာတော့ လီဂူး၀မ်းကလပ်ဟာ ခံစစ်အမှားတွေ တောက်လျှောက် ကျူးလွန်ခဲ့ပြီး ကာရင်ဘန်ဖီးမားက ၁၇ မိနစ် အတွင်း ဟက်ထရစ် သွင်းယူကာ ပီအက်ဂျီကို ၁၆ သင်း အဆင့်ကနေ ထွက်ခွာစေခဲ့ ပါတယ်။

ပိုချက်တီနိုရဲ့ အသင်းအနေနဲ့ ရီးရဲယ်ရဲ့ comeback မှာ ဆိုးရွားတဲ့ အမှား ၂ ခုကို ကျူးလွန်ခဲ့တာ ဖြစ်ပြီး ဘန်ဇီးမားရဲ့ ပထမဂိုး နဲ့ တတိယဂိုး တို့မှာ ဂိုးသမား ဒွန်နာရွမ်းမား နဲ့ နောက်ခံလူ မာကွင်ညို တို့က အမှားတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူနိုက်တက် နောက်ခံလူဟောင်း ဖြစ်သူ ရီယိုဖာဒီနန် ကတော့ အဆိုပါ ပွဲအပြီးမှာ ပီအက်ဂျီရဲ့ ခံစစ် ကစားပုံကို ဝေဖန်ပြစ်တင်မှု လုပ်သွားခဲ့ ပါတယ်။

ဖာဒီနန်က “ဒီလိုမျိုး အတွေ့အကြုံ ရှိတဲ့ အသင်း တစ်သင်း အနေနဲ့ ဒီလို အမှားတွေ ကျူးလွန်ခဲ့တာဟာ တကယ့်ကို ဟာသ တစ်ခု ပါပဲ။ ဒုတိယဂိုး ပေးလိုက်ရပြီးနောက် ပွဲပြန်စပြီး နောက်ထပ် ၁၀ စက္ကန့်ခွဲ အကြာမှာပဲ နောက်တစ်ဂိုး ထပ်ပေးခဲ့ ရပါတယ်။ မာကွင်ညို…ကျွန်တော် သူ့ကို နောက်ခံလူ တစ်ဦး အနေနဲ့ တအားကို သဘောကျပါတယ်။ သူဟာ ပုံမှန်အားဖြင့် သူ့ရဲ့ ခံစစ် ကစားပုံနဲ့ ပက်သက်ပြီး ဝေဖန်မှုတွေ ခံရလေ့ မရှိတဲ့ ကစားသမားတွေ ထဲက တစ်ဦး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူ့အနေနဲ့ ဒီဘောလုံးကို ပြတ်ပြတ်သားသားပဲ အဝေးကို ကန်ကာ ရှင်းထုတ် ပစ်ခဲ့သင့်ပါတယ်။ ဒါ့အပြင် သူဟာ နောက်ထပ် မလိုအပ်တဲ့ ထောင့်ကန်ဘော ကိုတောင် ပေးခဲ့ပါသေးတယ်။ ဒီပွဲစဉ်မှာတော့ သူ့ရဲ့ ကစားပုံဟာ မယုံနိုင်လောက်အောင် ပါပဲ။” လို့ ဆိုခဲ့ပါတယ်။

လီဗာပူး နောက်ခံလူဟောင်း ဂျေမီကာရေဂါ ကလည်း ပီအက်ဂျီရဲ့ ခံစစ် ကစားပုံနဲ့ ပက်သက်ပြီး ဝေဖန်မှု လုပ်သွားခဲ့ကာ CBS Sports သို့ “အကယ်၍ ရီးရဲယ်မက်ဒရစ် အနေနဲ့ ယူ ၁၅ အသင်း ဒါမှမဟုတ် ကလေးအသင်းနဲ့ ကစားသွားမယ် ဆိုရင်တောင် ဒါမျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။” လို့ ဆိုခဲ့ပါတယ်။

နည်းပြပိုချက်တီနို ကတော့ သူ့အနေနဲ့ ဒီရလဒ် အတွက် ဘာမှ မရှင်းပြနိုင်အောင် ဖြစ်မိတယ်လို့ ဆိုလိုက်ပြီး သူတို့ အနည်းငယ် ပြိုကွဲခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။

ပိုချက်တီနိုက “နောက်တဆင့်ကို တက်ရောက်ဖို့ အတွက် အဆုံးအဖြတ်ဟာ ၁၀ မိနစ်အတွင်း ဖြစ်သွားခဲ့တာပါ။ ကျွန်တော်တို့ဟာ နှစ်ကျော့စလုံးမှာ အကောင်းဆုံး အသင်း ဖြစ်ခဲ့ပါတယ်။ ဘောလုံးဆိုတာ ပွဲအတွင်းက အခိုက်အတန့်တွေကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနည်းငယ် ပြိုကွဲသွားခဲ့တာတော့ အမှန်ပါပဲ။ ရှင်းပြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ကျွန်တော်တို့ အနေနဲ့ ဒီလိုမျိုး ချေပဂိုးကို ပေးလိုက်ရပြီ ဆိုရင် ပွဲဟာ အပြောင်းအလဲ ဖြစ်သွားပါပြီ။ ကွင်းထဲက atmosphere လည်း ဒီိလိုပါပဲ။ ပရိတ်သတ်တွေဟာ အသင်းကို carry လုပ်သွားခဲ့ပြီး အရာအားလုံးဟာ ပြောင်းလဲသွားခဲ့ပါတယ်။ ဒွန်နာရွမ်းမား အပေါ် ကျူးလွန်ခဲ့တဲ့ foul ကို VAR နဲ့ ပြန်မကြည့်ခဲ့တာဟာ မယုံနိုင်စရာပါပဲ။ ကျွန်တော့်ကတော့ ဒါဟာ ဘန်ဇီးမားရဲ့ ရှင်းလင်းတဲ့ Foul လို့ ထင်ပါတယ်။ ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် ဒါဟာ foul ဘောပါ။ ဘာကြောင့် သူတို့ အဲဒီအချိန်မှာ VAR ကို အသုံးမပြုသလဲဆိုတာ ကျွန်တော် နားမလည်နိုင်ပါဘူး။” လို့ ဆိုသွားပါတယ်။

SM