ရီးရဲယ်မက်ဒရစ်ကို ငြင်းပယ်ရန် ဆာလားအား တိုက်တွန်းလိုက်ပြီး လီဗာပူးမှာ သူတောင်းဆိုတဲ့ လစာရမှာ မဟုတ်တဲ့ အကြောင်းရင်းကို ပြောပြလိုက်တဲ့ ဒူ့ဖ်

လီဗာပူး တိုက်စစ်မှုးဟောင်း ဖြစ်သူ အယ်ဟာဂျီဒူ့ဖ်က မိုဟာမက်ဆာလားကို ရီးရဲယ်မက်ဒရစ် အသင်းကို ငြင်းပယ်ကာ လီဗာပူးနဲ့ စာချုပ်သစ် ချုပ်ဆိုသွားရန် တိုက်တွန်း သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒူ့ဖ်က ဆာလား အနေနဲ့ လီဗာပူးမှာ သူနဲ့ ထိုက်တန်တဲ့ deal ကို ရနိုင်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပြီး အကြောင်းရင်းကတော့ ဆာလားဟာ အာဖရိက လူမျိုး ဖြစ်နေတာကြောင့်လို့ ထုံးစံအတိုင်း အငြင်းပွားဖွယ် ပြောသွားခဲ့ ပါတယ်။

အီဂျစ်လက်ရွေးစင်ဟာ လာမည့် ၂၀၂၃ ခုနှစ်မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ကစားသမား နဲ့ ကလပ် တို့ဟာ လက်ရှိ အချိန်ထိ စာချုပ်သစ်နဲ့ ပက်သက်ပြီး ညှိနှိုင်းမရ ဖြစ်နေတာကြောင့် စာချုပ်သစ် ချုပ်ဆိုရခြင်းတော့ မရှိသေးပါဘူး။ ဆာလားရဲ့ မရေမရာ ဖြစ်နေတဲ့ အနာဂတ်ကြောင့် ၎င်းကို ဥရောပရဲ့ ထိပ်တန်း အသင်းကြီးတွေ ဖြစ်ကြတဲ့ ရီးရဲယ်မက်ဒရစ် ဘာစီလိုနာ ပီအက်ဂျီ နဲ့ ဂျူဗင်တပ် တို့က စောင့်ကြည့်လျက် ရှိနေကြပါတယ်။

ဒူ့ဖ်က “လီဗာပူး အနေနဲ့ ဆာလားရဲ့ တောင်းဆိုမှုကို လက်ခံသွားရမယ် ဆိုတာ အသိသာကြီးပါ။ အကယ်၍ ကျွန်တော်သာ ဆာလား ဆိုရင် လီဗာပူးမှာ ဆက်နေမှာ ဖြစ်ပါတယ်။ သူဟာ အဲဒီမှာ ကောင်းမွန်တဲ့ လစာကို ဆက်ရနေအုံးမှာ ဖြစ်တဲ့အပြင် မာနေးနဲ့ အတူ ကလပ်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် ဆုဖလားတွေကို အများကြီး ဆွတ်ခူးနိုင်ပါလိမ့်မယ်။ သူဟာ အခုဆိုရင် အသက် ၃၀ ရှိနေပါပြီ။ ကျွန်တော် သူ့ကို လီဗာပူးနဲ့ အတူ နောက်ထပ် ၄ နှစ်လောက် ကစားသွားဖို့ အတွက် တောင်းဆိုသွားချင်ပါတယ်။ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွေ့ခဲ့မယ် ဆိုရင် သူ့အနေနဲ့ နောက်တစ်ကြိမ် အသစ်တဖန် ပြန်လည် စတင်သွားရမှာ ဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းများအရ ဆာလားဟာ လီဗာပူး အသင်းထံ တစ်ပတ် ပေါင် ၄ သိန်း တောင်းဆိုထားခဲ့တယ်လို့ သိရပြီး ဒါဟာ ကလပ်ရဲ့ သမိုင်းမှာ လစာ အမြင့်ဆုံး ကစားသမား အဖြစ် မှတ်တမ်း၀င်သွားမှာ ဖြစ်ပြီး လီဗာပူးရဲ့ wage structure ကလည်း ပျက်စီးသွားမှာ ဖြစ်ပါတယ်။ လီဗာပူး အတွက် ပွဲပေါင်း ၈၀ ကစားပေးခဲ့ကာ ဆီနီဂေါ လက်ရွေးစင်က ဥရောပ နဲ့ အာဖရိက ကစားသမားတွေကို တန်းတူလို့ လူတွေက မမြင်ရဘူးလို့ ဆိုသွားခဲ့ပါတယ်။

ဒူ့ဖ်က “ဆာလား အနေနဲ့ သူဟာ အာဖရိကလူမျိုး ဆိုတာကို သဘောပေါက်ထားရမှာပါ။ ဒါ့ကြောင့် သူ့ကို ဥရောပ လူမျိုးတွေလိုမျိုး ဆက်ဆံမှာတော့ မဟုတ်ပါဘူး။ သူတို့ဟာ ဆာလားကို အခြားသူတွေလိုမျိုး အကောင်းဆုံး စာချုပ်ကို ပေးသွားမှာ မဟုတ်ပါဘူး။ ကျွန်တော် လီဗာပူး မှာတုန်းကလည်း ဒီလိုမျိုး ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ ကျွန်တော့်ကို လက်ရွေးစင် အသင်းနဲ့ မပူးပေါင်းဖို့ ပြောခဲ့ကြပါတယ်။” လို့ ပြောလိုက်ပါတယ်။

SM