ရိုမန် အေဘရာမိုဗစ်ချ် နဲ့ ပတ်သက်ပြီး အလွန်အကျူးဝေဖန်ပြစ်တင်ခြင်းမပြုဖို့ တိုက်တွန်းခဲ့တဲ့ ရပ်ဖ်ရန်းနစ်

မန်ချက်စတာ ယူနိုက်တက် နည်းပြ ရပ်ဖ်ရန်းနစ် က ချဲလ်ဆီး အသင်း ပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ် နဲ့ ပတ်သက်ပြီး ဝေဖန် ပြစ်တင် ပြောဆိုမှုတွေကို ပြုလုပ် ရာမှာ သေချာ စဉ်းစားပြီး ဂရုတစိုက် ပြောဆိုသင့် တယ်လို့ မှတ်ချက် ပြုသွားခဲ့ ပါတယ် ။

ဒါ့အပြင် ရန်းနစ် က ချဲလ်ဆီး ဟာ ရုရှ ရေနံ သူဌေးတွေ ပါဝင် ပတ်သက်မှု ရှိတဲ့ တခုတည်းသော ပရီးမီးယားလိဂ် အသင်း မဟုတ်ကြောင်း နဲ့ အခြားသော အသင်းတွေလည်း ရှိနေ သေးကြောင်း အဆိုပါ အသင်းရဲ့ ပရိသတ်တွေ ကို သွယ်ဝိုက် သတိပေး စကား ဆိုသွားခဲ့ ပါတယ် ။

ချဲလ်ဆီး ဟာ အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ် အပေါ် ဆန်ရှင် ချမှတ်မှု ရဲ့ အကျိုးဆက်တွေကို ဆက်တိုက် ခံစား နေရပြီး အသင်းကို အလျှင်အမြန် ရောင်းထုတ်ဖို့ ကြိုးစား နေရပါတယ် ။

လတ်တလော မှာ အသင်းရဲ့ ဂျာစီ စပွန်ဆာ Three ရဲ့ ဆိုင်ငံ့ထားမှု ၊ ဘဏ်အကောင့် နဲ့ ခရတ်ဒစ်ကတ်တွေ ပိတ်ခံရမှု အပါအဝင် များစွာသော ပိတ်ဆို့မှု တွေကို ချဲလ်ဆီးတို့ ရင်ဆိုင် နေရပါတယ် ။

ဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းကတော့ အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ် ဟာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲ နေတဲ့ ရုရှ သမ္မတ ဗလာဒီမာပူတင် ရဲ့ အမာခံ ခရိုနီ တဦး ဖြစ်နေတာကြောင့် ဖြစ်ပြီး အေဘရာမိုဗစ်ချ် ကိုလည်း ဗြိတိန် အတွင်းမှာ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆို နေကြပါတယ် ။

ဥရောပ နဲ့ အမေရိက တို့ဟာ ယူကရိန်း ကျုးကျော်စစ်ကြောင့် ရုရှ သူကြွယ်များစွာကို ဆန်ရှင် ချမှတ် ခဲ့ပြီး အဲ့ဒိ အထဲမှာ အေဘရာမိုဗစ်ချ် လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။

တော့တင်ဟမ် ဟော့စပါး နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ရန်းနစ် က ရုရှ သူကြွယ်တွေ ရဲ့ ပရီးမီးယားလိဂ် ကလပ်တွေ မှာ ပါဝင်ပတ်သတ် နေမှုကို ထုတ်ဖော်ပြောဆိုခဲ့ သလို တဦး တယောက်ကို အပြစ်တင် ပြောဆိုတဲ့ နေရာမှာ သေချာ ဂရုစိုက်ပြီး ထိန်းထိန်းသိမ်းသိမ်း ပြောဆို သင့်ကြောင်း မှတ်ချက် ပေးသွားခဲ့ ပါတယ် ။

“ကျွန်တော် ကတော့ ငြိမ်းချမ်းတဲ့ အဖြေတခုကို သူတို့ အမြန်ဆုံး ရှာတွေ့ နိုင်စေဖို့ပဲ ဆုတောင်း ပေးချင်ပါတယ် ။ ချဲလ်ဆီး မှာ ဘာတွေ ဖြစ်နေတယ် ဆိုတာကို ဆွေးနွေးရလောက်အောင် လုံလောက်တဲ့ သတင်း အချက် အလက်တွေ ကျွန်တော့မှာ ရှိမနေ ပါဘူး ။

ဒါကြောင့် အခု ဒီကိစ္စကို ကျွန်တော် ဘာမှ မှတ်ချက်ပေးစရာ မရှိပါဘူး”

“ဒါပေမယ့် ဒီအခန်းထဲ ( သတင်းစာရှင်းလင်းပွဲ ) က လူတွေပဲ ဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ်ပါ . . . တစုံတယောက် ကို ပြစ်တင် ဝေဖန်တော့မယ်ဆိုရင် သေချာလေး စဉ်းစားဖို့ ပြောချင် ပါတယ် ။

လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် တုန်းက အခုအခြေအနေမျိုး ဖြစ်လာမယ်လို့ ဘယ်သူမှ ကြိုပြီး မခန့်မှန်း နိုင်ခဲ့ကြပါဘူး ။ နောက် ၃-၄ ပတ်လောက်မှာ ဘာတွေ ဖြစ်နေမယ် ဆိုတာလည်း ဘယ်သူမှ မသိပါဘူး ။

ဒါကြောင့် စကားတွေကို ထိန်းထိန်း သိမ်းသိမ်း ပြောစေချင်ပါတယ်”

“ရိုမန် အေဘရာမိုဗစ်ချ် က ပိုင်ရှင်ပါ ။ ဒါပေမယ့် အာဆင်နယ် နဲ့ အဲဗာတန် တို့မှာလည်း ရုရှ တွေ ပါဝင် ပတ်သက်မှု ရှိတာပါပဲ ။ ချဲလ်ဆီး တသင်းတည်းမှ မဟုတ်ပါဘူး ။ အဲ့ဒိ အသင်းတွေ မှာလည်း ရုရှ ရေနံ သူဌေးတွေ ရဲ့ ရှယ်ယာတွေ ၊ ရင်းနှီးမြှပ်နှံမှုတွေ ရှိခဲ့ ပါတယ်” လို့ ရန်းနစ် က ပြောဆိုခဲ့ ပါတယ် ။

မိုဗစ်ချ် လိုပဲ ဆန်ရှင် ပိတ်ဆို့ ခံခဲ့ရတဲ့ ရုရှ ဘီလီယံနာ အူစမန်နော့ဗ် ဟာ အာဆင်နယ် ရဲ့ ရှယ်ယာ ၃၀% ကို ၂၀၁၈ တုန်းက လက်ရှိ အသင်းပိုင်ရှင် ဖြစ်လာတဲ့ စတန် ကရွန်ကီ ထံ ရောင်းချ ခဲ့ဖူးပါတယ် ။

အူစမန်နော့ဗ် ဟာ လက်ရှိမှာ အဲဗာတန် အသင်း နဲ့ စီးပွားရေး ဆိုင်ရာ ချိတ်ဆက် လုပ်ဆောင်မှုတွေ ရှိနေပြီး ဆန်ရှင် ပိတ်ဆို့ ခံရအပြီးမှာတော့ အဲဗာတန် ဟာ အူစမန်နော့ဗ် နဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်း ထားခဲ့ ပါတယ် ။

ရပ်ဖ်ရန်းနစ် ဟာ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်ကြီး Dietrich Mateschitz ပိုင်ဆိုင်တဲ့ ရက်ဘူး အဖွဲ့အစည်း အောက်မှာ နှစ်ပေါင်းများစွာ လုပ်ကိုင် ခဲ့ပြီး ဂျာမနီ နဲ့ သြစတြီးယား က ရက်ဘူးပိုင် အသင်းတွေကို စီမံ ခန့်ခွဲ လာခဲ့ဖူးသူ ဖြစ်တာကြောင့် ခရိုနီတွေ ၊ ဘီလီယံနာတွေ ရဲ့ အနေအထား နဲ့ လမ်းစဉ်တွေကို ကောင်းစွာ သိရှိ နားလည်ထားသူ တယောက် ဖြစ်တယ်လို့ ခန့်မှန်း ရမှာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီကနေ့ ညမှာ တော့တင်ဟမ် ဟော့စပါး အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပြီး ချဲလ်ဆီး ကတော့ နယူးကာဆယ် နဲ့ ကစားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR