ရိုနယ်ဒို နဲ့ အတူ ကမ္ဘာ့ဖလား လက်မှတ်ရခဲ့ကြသူများ ၊ မက်ဆီ ကို ပြန်မခေါ်တဲ့ ဘာဆာ ၊ ယူနိုက်ကတ် ကို ထပ်ငြင်းတဲ့ နည်းပြ တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-off ပွဲစဉ်တွေ အပြီးမှာတော့ ပေါ်တူဂီ ၊ ပိုလန် ၊ ဆီနီဂေါ ၊ ဂါနာ ၊ မော်ရိုကို ၊ တူနီးရှား နဲ့ ကင်မရွန်း တို့ ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ကို ဝင်ရောက် လာခဲ့ကြပါတယ် ။

ပေါ်တူဂီ ဟာ မြောက်မက်ဆီဒိုးနီးယား ကို ၂-၀ နဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလား ဝင်ခွင့် ရခဲ့တာ ဖြစ်ပြီး ပိုလန် ကတော့ ဆွီဒင် အသင်းကို ၂-၀ နဲ့ အနိုင် ကစားခဲ့တာပဲ ဖြစ်ပါတယ် ။

အာဖရိက ခြေစစ်ပွဲတွေမှာတော့ ဂါနာ ဟာ အဝေးကွင်းမှာ နိုင်ဂျီးရီးယား နဲ့ ၁ ဂိုးစီ သရေ ကစားခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၁-၁ ဖြစ်ချိန်မှာ အဝေးဂိုး နဲ့ ကမ္ဘာ့ဖလား ဝင်ခွင့်ကို ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အာဖရိက ချန်ပီယံ ဆီနီဂေါ ဟာလည်း ပထမအကျော့ တုန်းက ၁-၀ နဲ့ ရှုံးထားတဲ့ အီဂျစ် ကို အိမ်ကွင်းမှာ ၁-၀ နဲ့ ပြန် အနိုင် ကစားပြီး နှစ်ကျော့ပေါင်း ရလဒ် သရေကျနေတာကြောင့် အချိန်ပို ၊ ပင်နယ်တီ အဆုံးအဖြတ် အထိ သွားခဲ့ပြီး ၃-၁ နဲ့ အနိုင် ရကာ ကမ္ဘာ့ဖလား ပြိုင်ပွဲဆီ အရောက် လှမ်း နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အာရှ ဇုန် ခြေစစ်ပွဲတွေ မှာတော့ ယူအေအီး နဲ့ သြစတြေးလျ တို့ ဟာ အင်တာကွန်တီနင်တယ် Play-off ရဲ့ အာရှဇုန် ဝင်ခွင့် နေရာ အတွက် ရင်ဆိုင် ကစားကာ အဆုံးအဖြတ် ခံယူ ကြရတော့မယ်လို့ သိရှိရ ပါတယ် ။

ယူကရိန်း ကျူးကျော်စစ်ကြောင့် ဖီဖာ နဲ့ UEFA တို့ ကနေ ဖယ်ရှား ခံခဲ့ရတဲ့ ရုရှ လက်ရွေးစင် အသင်းနဲ့ ပြည်တွင်း ကလပ် အသင်းတွေဟာ အာရှ တိုက် ကို ဒေသ ပြောင်းလဲဖို့ အတွက် စဉ်းစား နေကြတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ ဟာ အသင်းရဲ့ အနာဂါတ် အစီအစဉ်တွေ နဲ့ ပတ်သက်ပြီး အင်တာဗျူး ပြောဆိုခဲ့ရာမှာ လီယွန်နယ် မက်ဆီ ကို အသင်းထံ ပြန်ခေါ်ဖို့ စိတ်ကူး မရှိသေးကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် ကွင်းလယ်လူသစ် တယောက် နဲ့ ခံစစ်မှူးသစ် တယောက် တို့ကို နွေရာသီ အတွက် ကြိုတင် စာချုပ် ထားနိုင်ခဲ့ပြီလို့ လာပေါ်တာက ပြောဆိုခဲ့ ပါတယ် ။ အမည်ထည့်ပြောခြင်း မရှိခဲ့ပေမယ့် အေစီ ရဲ့ ဖရန့် ကတ်ဆီ နဲ့ ချဲလ်ဆီး ရဲ့ ခရစ်ရှန်ဆန် တို့ ဖြစ်တယ်ဆိုတဲ့ သတင်းတွေကတော့ အခိုင်အမာ ပေါ်ထွက်နေခဲ့ ပါတယ် ။

လိဒ် ယူနိုက်တက် တောင်ပံ ကစားသမား ရာဖင်ညာ ကို ခေါ်ယူလိုတာကိုလည်း လာပေါ်တာက အတည်ပြု ပေးခဲ့ပြီး ရာဖင်ညာ ရဲ့ အေးဂျင့် ဒေကို နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေကြောင်းလည်း ပြောဆိုခဲ့ ပါတယ် ။

လူငယ် ကစားသမား ၂ ယောက် ဖြစ်ကြတဲ့ ဂါဗီ နဲ့ အာရူဟို တို့ဟာလည်း အသင်းမှာ ဆက်နေလို ကြပြီး စာချုပ်သစ် ကိစ္စ အတွက် ဆွေးနွေး ညှိနှိုင်း နေကြပါတယ်လို့ လာပေါ်တာက ထည့်သွင်းပြောဆို သွားခဲ့ ပါတယ် ။

ဒါတွေ အပြင် ဘာစီလိုနာ ဟာ ဝုဗ် ကနေ အငှား ခေါ်ယူထားတဲ့ အာဒမာ ထရာအိုရေး ရဲ့ အနေအထားကို နှစ်သက် သဘောကျ နေတာကြောင့် ဝုဗ် အသင်းဆီ ဘာစီလိုနာ ကနေ အငှား စေလွှတ် ထားတဲ့ ထရင်ကာအို နဲ့ တိုက်ရိုက် အလဲအထပ် ပြုလုပ် ဖို့ စိတ်ကူး နေပါတယ်လို့လည်း လာပေါ်တာ က ပြောဆို သွားခဲ့ ပါတယ် ။

ဝက်စ်ဟမ်း တိုက်စစ်မှူးဟောင်း ကာတန်ကိုးလ် က ဒီကလန် ရိုက်စ် ဟာ နွေရာသီမှာ အသင်းပြောင်းမှာ မဟုတ်ဘဲ ဝက်စ်ဟမ်း မှာသာ ဆက်ရှိနေမှာ ဖြစ်ကြောင်း နဲ့ ဝက်စ်ဟမ်း ဟာ သူ့အတွက် အသင့်တော်ဆုံး နေရာ ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ယူဗင်တပ် ဟာ မန်ယူနိုက်တက် နဲ့ နွေရာသီမှာ လမ်းခွဲဖွယ် ရှိတဲ့ ပေါလ် ပေါ့ဘာ ကို ခေါ်ယူ လိုပေမယ့် ပြင်သစ်သား ကို တနှစ် ယူရို ၁၀ သန်းထက် ပိုပြီး မပေးချေ နိုင်ဘူးလို့ သိရှိရ ပါတယ် ။

ဆီဗီးလား နည်းပြ လိုပီတီဂွီ က သူဟာ ဆီဗီးလ် မှာပဲ ဆက်ရှိဖို့ ဆန္ဒ ရှိနေကြောင်း ပြတ်ပြတ်သားသား ပြောဆိုရင်း မန်ယူနိုက်တက် နည်းပြသစ် အဖြစ် သတင်းထွက်နေမှုတွေကို အဆုံးသတ် ပေးသွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ အဲရစ် တန်ဟတ် အပြီးမှာ ပိုချက်တီနို ကို အင်တာဗျူး ပြုလုပ် ခဲ့တယ်လို့ ကြားသိရပါတယ် ။

ကမ္ဘာ့ဖလား အပြီးမှာ လက်ရွေးစင် အသင်းကနေ နားတော့မယ့် အာဂျင်တီးနား ဝါရင့် ကစားသမားကြီး ဒီမာရီယာ ရဲ့ ဖခင် ဖြစ်သူက သူ့သား ဟာ တနေ့မှာ ငယ်ဘ၀ အသင်းဟောင်း ရိုဆာရီယို စင်ထရယ် ကို ပြန်လာ ကစားသွားမှာ ဖြစ်တယ်လို့ အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။

အီတလီ အသင်း ကမ္ဘာ့ဖလား ဝင်ခွင့် မရရှိခဲ့ အပြီးမှာတော့ ဝါရင့် ခံစစ်မှူးကြီး ချီယာလီနီ ဟာ လက်ရွေးစင် အဖြစ်ကနေ အနားယူဖို့ စဉ်းစားနေပြီး ဇွန်လ ၁ ရက်နေ့မှာ အာဂျင်တီးနား နဲ့ ကစားမယ့် Finalissima 2022 အပြီးမှာ အနားယူကြောင်း ကြေညာသွားဖွယ် ရှိတယ်လို့ သိရှိရ ပါတယ် ။

မေဂျာလိဂ် ကလပ် ပိုင်ရှင် ဒေးဗစ် ဘက်ခမ်း ဟာ ဘာစီလိုနာ ဝါရင့်တွေ ဖြစ်တဲ့ ဂျော်ဒီ အယ်လ်ဘာ ၊ ဆာဂျီယို ဘက်စကွက် နဲ့ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက် တို့ကို သူ့ရဲ့ အင်တာ မိုင်ယာမီ အသင်းမှာ လာရောက် ကစားဖို့ စိတ်ကူး ရှိနေတယ်လို့ သိရပါတယ် ။

ဘက်ခမ်း ဟာ လီယွန်နယ် မက်ဆီ ကိုပါ အင်တာမိုင်ယာမီ ကို ခေါ်ယူဖို့ အထိ စိတ်ကူးထားပြီး အာဂျင်တီးနားသား ဆီက မီးစိမ်းပြမှု ကို စောင့်ဆိုင်း နေတယ်လို့ ကြားသိရ ပါတယ် ။

PSG တိုက်စစ်မှူးလေး ခီလီယံ အမ်ဘာပေ ဟာ ရင်းနှီးပြီး ယုံကြည်ရတဲ့ မိတ်ဆွေ တွေကို သူ လာမယ့် နွေရာသီမှာ ရီးရဲ မက်ဒရစ် ကို ပြောင်းဖို့ ရွေးချယ်ထားပြီး ဖြစ်ကြောင်း အသိပေးခဲ့တယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

မနေ့ညက ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာတော့ အင်္ဂလန် က အိုင်ဗရီကိုစ့် ကို ၃-၀ နဲ့ အနိုင်ရခဲ့ပြီး စပိန် က အိုက်စလန် ကို ၅-၀ နဲ့ အနိုင် ကစားကာ နယ်သာလန် နဲ့ ဂျာမနီ တို့ တဘက် ၁ ဂိုးစီ သရေကျ ခဲ့ကြပါတယ် ။

ဒိန်းမတ် အသင်းကတော့ ကိုပင်ဟေဂင် မှာ ဆားဘီးယား နဲ့ ခြေစမ်း ကစားခဲ့ပြီး ၃-၀ နဲ့ အနိုင် ရခဲ့ပါတယ် ။

ဒီပွဲမှာ ကွင်းလယ်လူ အဲရစ်ဆင် ဟာ ဒိန်းမတ် အတွက် ဂိုးထပ်သွင်းခဲ့ပြီး အဆိုပါ အားကစားကွင်းကြီးဟာ လွန်ခဲ့တဲ့ ၁၀ လ တုန်းက ယူရို ပြိုင်ပွဲ အတွင်း သူ နှလုံးဖောက်ကာ လဲကျပြီး သတိလစ်ခဲ့ရတဲ့ ကွင်းကြီးလည်း ဖြစ်ခဲ့ ပါတယ် ။

 

SPORTS MYANMAR