ရိုနယ်ဒို ကို ချီးကျုးပြီး မက်ဆီ ကို ဝေဖန်လိုက်တဲ့ ပေါ်လို ဒီကာနီယို

ဒီတပတ် ထဲမှာ မက်ဆီ – ရိုနယ်ဒို ငြင်းခုန်မှုတွေ ပြန်ပေါ်ထွက် လာပါတယ် ။ အဓိက အကြောင်းကတော့ မက်ဆီ ရဲ့ PSG ချန်ပီယံလိဂ် ကနေ ထွက်ရချိန် မှာ ရိုနယ်ဒို က ဟက်ထရစ် သွင်းပြီး မန်ချက်စတာ ယူနိုက်တက် ကို အရေးပါတဲ့ နိုင်ပွဲ ရယူပေးခဲ့ လို့ပါပဲ ။

သူတို့ ၂ ဦး ရဲ့ ဆယ်စုနှစ် ၂ ခုနီးပါး ရှိတော့မယ့် အားပြိုင်မှုမှာ အနိမ့်အမြင့် အတက်အကျ တွေနဲ့ သူတပြန် ကိုယ်တပြန် ဖြစ်ခဲ့ ဖူးပါတယ် ။

အခုအချိန် မှာတော့ ၂ ယောက်စလုံး အကျဘက်ကို ရောက်နေကြပါပြီ ။ ဒါပေမယ့် နှိုင်းယှဉ် ငြင်းခုန်မှုတွေ ကတော့ ဘယ်တော့မှ ပြီးသွားမယ့်ပုံ မရပါဘူး ။

စနေနေ့ ညတုန်းက ရိုနယ်ဒို ဟာ တော့တင်ဟမ် ဟော့စပါး ဘက်ကို ဟက်ထရစ် သွင်းပြီး မန်ချက်စတာ ယူနိုက်တက် ကို ၃-၂ နဲ့ အနိုင်ရစေခဲ့ ပါတယ် ။

ပေါ်တူဂီသား ဟာ မန်စီးတီး ကို ၄-၁ နဲ့ ဂိုးပြတ် ခြေပြတ် ရှုံးနိမ့်တဲ့ မန်ချက်စတာ ဒါဘီ ကို ဒဏ်ရာကြောင့် ဝင်မကစားခဲ့ဘဲ ပေါ်တူဂီ ကို ပြန်သွားခဲ့ ပါတယ် ။

အဲ့ဒိကနေ ပြန်လာချိန်မှာတော့ ဟက်ထရစ် နဲ့ အကောင်းဆုံး ပုံစံရခဲ့တာကြောင့် ယူနိုက်တက် နည်းပြ ရန်းနစ် ကိုယ်တိုင်က ပေါ်တူဂီ ကို ခနခန ပေးပြန်ရမလိုပဲ လို့ ဟာသလုပ် ပြောဆိုခဲ့ ပါတယ် ။

အဲ့ဒိညမှာပဲ မက်ဆီ ရဲ့ PSG ဟာ ပြင်သစ် လီဂူး ပွဲမှာ အနိုင်ရခဲ့ ပါတယ် ။ ဒါပေမယ့် ပြီးခဲ့တဲ့ ကြားရက် တုန်းက ချန်ပီယံလိဂ် မှာ ရီးရဲမက်ဒရစ် ကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာ ခဲ့ရမှု အပေါ် မကျေနပ် ဒေါသထွက် နေကြတဲ့ PSG ပရိသတ်တွေဟာ ပြည်တွင်း နိုင်ပွဲ ကို အာရုံ မရခဲ့ ကြပါဘူး ။

အမ်ဘာပေ က လွဲရင် ကျန်တဲ့ PSG ကစားသမားတွေ ဘောလုံး ထိလိုက်တိုင်း ပရိသတ်တွေ က Boo အော်ကာ လှောင်ပြောင် ခဲ့ကြပြီး မက်ဆီ လည်း အလှောင်ခံ ရတဲ့အထဲမှာ ပါဝင်ခဲ့ ပါတယ် ။

 

ဒီလို လှောင်ပြောင်မှု ကို ကွင်းထဲမှာ လာအားပေးတဲ့ မက်ဆီ ရဲ့ ဇနီး ဖြစ်သူ အန်တိုနယ်လာ ကိုယ်တိုင် မြင်တွေ့ ခံစားခဲ့ရပြီး မက်ဆီ နဲ့ ပြင်သစ် ကလပ်တို့ရဲ့ အနာဂါတ် ဟာ မှုန်ဝါးလာနိုင်တယ် ဆိုတဲ့ သုံးသပ်မှုတွေ ပေါ်ထွက် လာခဲ့ ပါတယ် ။

ဒီတပတ် ကတော့ ရိုနယ်ဒို က မက်ဆီ ထက်ပိုပြီး တောက်ပ ခဲ့တယ်လို့ ပြောရမှာပါပဲ ။

အာဆင်နယ် အမာခံ ပရိသတ် တယောက် ဖြစ်တဲ့ စီစဉ်တင်ဆက်သူ ပီယားစ် မော်ဂန် က ရိုနယ်ဒို ဟာ အသက်ကြီး ပေမယ့် မပျက်စီးသေးကြောင်း ၊ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား တယောက် ဖြစ်တာကို ဆက်လက် ပြသ နေကြောင်း ပြောဆိုခဲ့ပြီး မက်ဆီ ကတော့ သာမာန် ပွဲတွေ လောက်သာ တိုးတော့သူလို့ ဝေဖန် သွားခဲ့ ပါတယ် ။

အခု တဖန်လည်း ဝက်စ်ဟမ်း မှာ ကစားခဲ့တဲ့ အီတလီ တိုက်စစ်မှူးကြီး ပေါ်လို ဒီကာနီယို က မက်ဆီ ရဲ့ ဘောလုံး အပေါ် ထားရှိတဲ့ စိတ်ခံစားမှု နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့သလို ရိုနယ်ဒို ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှု ကိုလည်း ထုတ်ဖော် ချီးကျုး သွားခဲ့ ပါတယ် ။

“မက်ဆီ က ဘောလုံး ကန်ရတာ စိတ်မပါတော့ သလိုပါပဲ ။ ကွင်းထဲကနေ ခေါင်းကို ငိုက်စိုက်ချပြီး ထွက်သွားခဲ့ ပါတယ် ။ သူ့ရဲ့ အောင်နိုင်လိုစိတ်တွေ ၊ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်တွေက အရင်ကတည်းက မှတ်ကျောက် တင်လောက်အောင် မဟုတ်ခဲ့ ပါဘူး ။

အခုချိန်မှာ ပိုလို့တောင် လျော့နည်း သွားသလားလို့ ထင်မိပါတယ်”

“ရိုနယ်ဒို ရဲ့ ရွေးချယ်မှု ကိုတော့ ကျွန်တော် သဘောကျမိ ပါတယ် ။ မန်စီးတီး နဲ့ ပွဲမှာ အရန်ခုံ ထိုင်မယ့် အစား ပေါ်တူဂီ ကို ပြန်သွားမယ် ၊ ပြန်လာပြီး ဟက်ထရစ် သွင်းပြ သွားပါတယ် ။ ဒီလူ ဟာ အရမ်း အားကောင်းတဲ့ စိတ်ဓါတ် စွမ်းအင်ကို ပိုင်ဆိုင် ထားသူပါ ။

လူသား တယောက် ၊ ဘောလုံး သမား တယောက် အတွက်တော့ ရိုနယ်ဒို ဟာ စံပြုလို့ အကောင်းဆုံး ပါပဲ”

“မက်ဆီ ကတော့ လိုက်ပြီး တုပဖို့ မဖြစ်နိုင်တဲ့သူပါ ။ သူ့ကို ဘောလုံး ဂြိုဟ်သားလို့ ခေါ်ကြပါတယ် ။ အခုတော့ ဒီ ဂြိုဟ်သားက ဘောလုံးမှာ ခံစားချက် မပါတော့ပါဘူး” လို့ ပေါ်လို ဒီကာနီယို က ပြောဆို နှိုင်းယှဉ်သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီကနေ့ ညမှာတော့ ချန်ပီယံလိဂ် ၁၆ သင်းဆင့် ဒုတိယ အကျော့ အဖြစ် ပထမ အကျော့ တုန်းက ၁-၁ သရေ ကျထားတဲ့ အက်သလက်တီကို မက်ဒရစ် ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR