ရာသီ အကုန်မှာ ဒီဘာလာ နဲ့ လမ်းခွဲမယ်လို့ ဆိုလိုက်တဲ့ ယူဗင်တပ်

ယူဗင်တပ် အသင်းရဲ့ စီအီးအို ဖြစ်သူ Maurizio Arrivabene ကိုယ်တိုင် က သူတို့ ကလပ်ဟာ ရာသီ အကုန်ရောက်ရင် အာဂျင်တိုင်း ကစားသမား ဒီဘာလာ နဲ့ လမ်းခွဲတော့မှာ ဖြစ်ကြောင်း တရားဝင် အတည်ပြုလိုက်ပါတယ်။

ဒီဘာလာ ဟာ ယူဗင်တပ် ရဲ့ အရေးပါတဲ့ ကစားသမားတွေ ထဲက တစ်ယောက် ဖြစ်ပြီး ၊ အစောပိုင်း မှာ စာချုပ်သက်တမ်းတိုး ချုပ်ဆိုဖို့ အတွက် နှစ်ဖက် သဘောတူညီမှု ရယူထားပြီးပြီ လို့ သတင်းကြီးခဲ့သူ ဖြစ်ပါတယ်။ သို့သော် ယူဗင်တပ် ဘက်က တရားဝင် အချက်အလက် အတိအကျ နဲ့ ကမ်းလှမ်းလာခြင်း မရှိချိန်မှာတော့ ကစားသမား နဲ့ ကလပ် အကြား အဆင်မပြေမှုလေးတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။

တကယ်တော့ ဒီဘာလာ ရဲ့ အသက် က အခုမှ 28 နှစ်ပဲ ရှိပါသေးတယ်။ ယူဗင်တပ် အတွက် ပါဝင် ကစားခဲ့တဲ့ 7 နှစ်တာ ကာလ အတွင်း စုစုပေါင်း 283 ပွဲ အထိ ကိုယ်စားပြု ကစားခဲ့ကာ 113 ဂိုး သွင်းယူပေးထားသူပါ။

MercatoWeb နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး မှာတော့ Maurizio Arrivabene က “ အရေးအကြီးဆုံး အပြောင်းလဲ ကတော့ ယူဗင်တပ် ဟာ ဒီဘာလာ ရဲ့ စာချုပ်ကို သက်တမ်း မတိုးပဲ ထားလိုက်တော့တာပါပဲ။ ဈေးကွက် အပြောင်းအလဲတွေကြားမှာ ဒီဆုံးဖြတ်ချက် ပိုပြီး ကောင်းမွန်တယ် ထင်ပါတယ်။

ဇန်နဝါရီ တုန်းက ဗလာဟိုဗစ်ချ် ကို ဝယ်ယူလိုက်ပြီးနောက် ၊ အသင်းရဲ့ စီမံကိန်းတွေမှာ ဒီဘာလာ ကို အခြေပြုပြီး မစဉ်းစားတော့ပါဘူး။ ကျနော်တို့ အကြားမှာလဲ ဒီလမ်းကြောင်းက ပိုပြီး သင့်တော်တယ်လို့ မြင်ကြတယ်လေ။

အခြေခံ စဉ်းစားတဲ့ အချက်တွေက မတူပါဘူး ၊ ဒီအကြောင်းကို ကျနော်လဲ ရှင်းပြခဲ့ပြီးပါပြီ။ ကျနော်တို့ အသင်းမှာ ဒီဘာလာ ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။ သူ ကိုယ်စားပြုပေးခဲ့တဲ့ ပွဲအရေအတွက် ၊ စာချုပ်သက်တမ်း နဲ့ ဘဏ္ဍာရေး ဆိုင်ရာ ရှုထောင့်ကနေ စဉ်းစားချင့်ချိန်မှုတွေ အများကြီး ရှိခဲ့ပါတယ်။

ကျနော်တို့ က ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ ကတည်းက ဆုံးဖြတ်ချက် ချခဲ့တာပါ။ အခု ဒီအချိန်တောင် ရောက်လာပါပြီ။ တကယ် ဆိုရင် ကလပ် အသင်းဘက်က လစာ ပမာဏ နည်းနည်း နဲ့ စာချုပ်သစ် ထပ်ပြီး ကမ်းလှမ်းပေးလို့ ရပါတယ်။ သို့သော် ကစားသမား ကို မလေးစားရာ ရောက်သွားနိုင်တယ်လေ။ ဒါကြောင့်မို့ ဒီနေ့ အစည်းအဝေး ကတော့ လေးစားမှု အပြည့် နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ကလပ် အသင်းဘက်က အခုလို ထုတ်ဖော် ပြောဆို လာတဲ့ အတွက် ဒီဘာလား ကို လိုချင်တဲ့ အသင်းတွေ အနေနဲ့ ရာသီ အကုန်မှာ အလွတ်ကြေး နဲ့ ခေါ်ယူလို့ ရနေပြီ ဖြစ်ပါတယ်။

သတင်းတွေ အရတော့ အင်တာ မီလန် က သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရပေမယ့် ၊ အင်္ဂလန် နဲ့ စပိန် ကလပ် အသင်းတစ်ချို့ လဲ ထွက်ပေါ်လာဖွယ် ရှိနေပါတယ်။ ယခင် က ဆိုရင် ဘာစီလိုနာ ၊ စပါး အသင်းတွေဟာ ဒီဘာလာ ကို စောင့်ကြည့်နေတဲ့ အကြောင်း ကျယ်ကျယ်လောင်လောင် သတင်းကြီးခဲ့ဖူး ပါတယ်။

အာဂျင်တီးနား ကစားသမား ဟာ ဒီရာသီမှာ ပြိုင်ပွဲ ပေါင်းစုံ 29 ပွဲ ကစားပြီး 13 ဂိုး သွင်းယူကာ ၊ 6 ကြိမ် ဂိုး ဖန်တီးမှု လုပ်ဆောင် ပေးထားပါတယ်။

SM