ရာသီ အကုန်ထိ အစွမ်းကုန် တိုက်ပွဲဝင်သွားမယ်လို့ ကတိပေးလိုက်တဲ့ ဗန်ဒိုက်

လီဗာပူး ဟာ ပြီးခဲ့တဲ့ လ အတွင်းမှာပဲ ကာရာဘောင် ဖလား သိမ်းပိုက်ထားပြီးပြီ ဖြစ်သလို ၊ ဒီညမှာ ကစားမယ့် အာဆင်နယ် နဲ့ ပွဲကိုသာ အနိုင်ရမယ် ဆိုရင် မန်စီးတီး နဲ့ အကြား အမှတ်ကွာဟချက် က 1 မှတ် အထိ ကျဉ်းမြောင်းသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သောကြာနေ့ ချန်ပီယံလိဂ် မဲခွဲမှုတွေ လုပ်ဆောင် အပြီး ၊ ကွာတာဖိုင်နယ်မှာ ဘယ်လို အသင်းမျိုး နဲ့ ထိပ်တိုက် ရင်ဆိုင်ရမလဲ ဆိုတာ သိခွင့်ရလာမှာ ဖြစ်တဲ့ အပြင် ၊ အဲဒီနောက်မှာတော့ အက်ဖ်အေ ဖလား ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် နော့တင်ဟမ် ဖောရက်စ် အသင်းနဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

ခံစစ်မှုးကြီး ဗန်ဒိုက် ကတော့ ဒီလို ခက်ခဲ ကြမ်းတမ်းတော့မယ့် အနေအထားမှာ သူ အပါအဝင် အသင်းဖော်တွေ အားလုံး က ဂုဏ်ယူမှု အပြည်နဲ့ စိန်ခေါ်မှုတွေ အားလုံးကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားမယ်လို့ ဆိုလိုက်ပါတယ်။

“ ကျနော့် တစ်ဦးတည်း ခံစားချက်ကို ပြောရရင် ဇန်နဝါရ လ အကုန် နိုင်ငံတကာ ပွဲစဉ်ရက်မှာ အနားယူခွင့် ရလိုက်တာ အများကြီး အကျိုးရှိခဲ့ပါတယ်။ မိသားစု နဲ့ အတူူတူ ရှိရင်း ကိုယ် ဖြတ်သန်းခဲ့တဲ့ ပထမ ရာသီဝက် အနေအထားကို ပြန်လည် သုံးသပ်ဖို့ အချိန်အလုံအလောက် ရခဲ့တယ်လေ။

ကာလရှည် ဒဏ်ရာပြသနာ ကနေ ကောင်းမွန်လာတဲ့ အနေအထားမှာ ကိုယ့် စွမ်းဆောင်ရည်တွေက ဘယ်လောက်အထိ ရှိနေလဲ ဆိုတာ သုံးသပ်ဖို့ အချိန် လုံလောက်မှု မရှိခဲ့ပါဘူး။ ဒါကြောင့် အဲဒီနားရက်က အများကြီး အထောက်ကူ ဖြစ်ခဲ့တယ်လို့ ပြောချင်တာပါ။

အသင်းနဲ့ အတူ ပြန်လည် ပူးပေါင်းချိန်မှာတော့ လက်ကျန် ရာသီ အချိန်တွေ အကောင်းဆုံး ပေးဆပ်ပြီး ကစားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်ခဲ့ပါတယ်။ စွမ်းဆောင်ရည်ပိုင်းက ကြည့်ရင်ရော ၊ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု ရှိခဲ့တဲ့ အပိုင်းတွေက ကြည့်ရင်ပါ တော်တော်ကောင်းခဲ့တာပါ။ ဒူး အခြေအနေကလဲ လုံး၀ ကို လှည့်ကြည့်စရာ မလိုတော့ပါဘူး။

လောလောဆယ် ဆိုရင် နိုင်ပွဲတွေ ဆက်ရင်း ရစ်သမ်ကောင်း တစ်ခုကို တည်ဆောက်ထားနိုင်ခဲ့ပါပြီ။ ဘောလုံး ကလပ်တစ်ခု အတွက် အရေးအကြီးဆုံးက ဒီလို ရလာဒ်မျိုးတွေ ဖြစ်ပါတယ်။ အခု ဆိုရင် ဆုဖလားတွေ မျှော်လင့်နိုင်တဲ့ အခြေအနေမှာ ဆက်ရှိနေတဲ့ အချက်က ယုံကြည်မှုတွေပါ ပိုကောင်းလာဖို့ တွန်းအားတွေ ဖြစ်စေပါတယ်။ ဒီပုံစံ အတိုင်း ဆက်ပြီး ရှေ့ဆက်နိုင်မယ်လို့လဲ မျှော်လင့်ထားတာပါ” လို့ ဖွင့်ဟ လာခဲ့ပါတယ်။

ဗန်ဒိုက် ဟာ လက်ကျန် ကစားရမယ့် ပွဲစဉ်တိုင်း ကို ဗိုလ်လုပွဲ သဖွယ် သဘောထားက ယှဉ်ပြိုင်ရမယ် လို့ ဆိုလိုက်သလို ၊ အာဆင်နယ် နဲ့ ကစားရမယ့် ပွဲစဉ်နဲ့ ပတ်သက်ပြီး အခုလို သုံးသပ်သွားခဲ့ ပါတယ်။

“ အာဆင်နယ် ကလဲ ပုံစံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းမို့ ရင်ဆိုင်ကြည့်လိုက်ကြရအောင်လို့ပဲ ပြောချင်ပါတယ်။ ဒီလိုပွဲမျိုး ကစားပြီ ဆိုရင် ကိုယ့်ရှိသမျှ ခွန်အားအကုန်ပေးဆပ်ပြီး ၊ ဘယ်လို ရလာဒ်တွေ ထွက်ပေါ်လာပါစေ ယုံကြည်မှုက ပျောက်သွားလို့ မရပါဘူး။

ခြေချော်တာမျိုးတွေ ၊ အမှတ်လျှော့တာတွေ ရှိခဲ့ရင်တောင် ရာသီအကုန်ထိ ဆက်ပြီး တိုက်ပွဲဝင်ရမယ် ဆိုတာ နှစ်နှစ်ကာကာ စွဲကိုင်ထားရမှာပါ။

အာတေးတား က အလုပ်ကို အကောင်းဆုံး လုပ်ပြထားသလို ၊ ဘုတ်အဖွဲ့ရဲ့ ယုံကြည်မှု အပြည့်အဝကိုလဲ ရယူထားပါတယ်။ ပြီးတော့ သူတို့မှာ တိကျတဲ့ ကစားဟန် တစ်ခုနဲ့ တည်ဆောက်ထားတယ် ထင်ပါတယ်။ ဒါကြောင့် အီးမရိတ် ကွင်းထဲကို သွားပြီး ကစားရတာ လွယ်မှာ မဟုတ်ပါဘူး။

ကာရာဘောင် ဖလားပွဲစဉ်တုန်းက အနိုင်ရခဲ့တယ် ဆိုတာပေမယ့် လွယ်လွယ်ကူကူ နဲ့ နိုင်ခဲ့တာမျိုး မဟုတ်ပါဘူး။ ကျနော်တို့ အနေနဲ့ အစွမ်းကုန် မောင်းတင်ထားဖို့ကို လိုပါတယ်။ အနိုင်ရလာဒ် ဆုပ်ကိုင်နိုင်ဖို့လဲ အများကြီး ကြိုးစားရမှာပါ။ ဒီပွဲပြီး ရလာဒ် ထွက်လာရင်တော့ ကျနော်တို့ ရဲ့ အားထုတ်မှုတွေက လုံလောက်ရဲ့လား ဆိုတော ကြည့်ရမှာပေါ့။

လွန်ခဲ့တဲ့ လ အနည်းငယ်တုန်းက ချန်ပီယံ တိုက်ပွဲက ပြီးဆုံးသွားပြီး ၊ ကျနော်တို့ အပေါ်ကိုလဲ ယုံကြည်မှု မရှိတဲ့ ပရိသတ်တွေ အနေနဲ့ ကွင်းထဲကို လာစရာ မလိုပဲ ၊ အိမ်ကနေ အားပေးလို့ရတယ် ဆိုပြီး ပြောခဲ့တာ ရှိပါတယ်။ ဘယ်လို ရလာဒ်တွေ ထွက်ပေါ်လာပါစေ ရာသီကုန်အောင်ထိ ကစားစရာ ပွဲတွေ အများကြီး ကျန်သေးတာမို့ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။

ကျနော့် ဘက်က ကတိပေးနိုင်တာ တစ်ခုက အစွမ်းကုန် ပေးဆပ်ပြီး တိုက်ပွဲဝင်သွားမယ် ဆိုတာပါ။ အဲဒါနဲ့တင် လုံလောက်တယ် ဆိုရင် ရာသီ အကုန်မှာ ပါတီပွဲအကြီးကြီး လုပ်ပြီး အောင်ပွဲ ခံကြတာပေါ့၊ အဲလိုမှ မဟုတ်ရင်လဲ နောက်ရာသီမှာ ဆက်ပြီး ကြိုးစားကြတာပေါ့” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SM