ရာသီကုန်မှာ ဘာစီလိုနာသို့ ပြောင်းရွှေ့ဖို့ အလားအလာ အလွန်များနေတဲ့ အကြားက သူ့ရဲ့ အနာဂတ် အကြောင်း ပြောဆိုဖို့ ငြင်းဆန်ခဲ့တဲ့ အက်ဇ်ပီလီကွီတာ

ချဲလ်ဆီး အသင်းရဲ့ ကလပ် အသင်းခေါင်းဆောင် ဖြစ်တဲ့ စပိန် လက်ရွေးစင် ဝါရင့် ညာနောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ ဟာ ဒီနှစ် ဘောလုံး ရာသီ အကုန်မှာ အလွတ်နဲ့ ထွက်ခွာရနိုင်တဲ့ အသင်းသား အချို့ထဲမှာ ပါဝင်နေပါတယ် ။

နဂို ချဲလ်ဆီး အသင်းရဲ့ ပေါ်လစီ အရ အသက် ၃၀ နဲ့ အထက် ကစားသမားတွေကို တနှစ်ထက် ပိုပြီး သက်တမ်းတိုးလေ့မရှိတဲ့အပြင် ၊ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်လာမယ့် အတွက် အက်ဇ်ပီလီကွီတာရဲ့ အနာဂတ် ဟာ ခြင်္သေ့ပြာတို့ဆီမှာ ဆက်ရှိဖို့ ပိုလို့တောင် မသေချာ ဖြစ်လာပါတယ် ။

အသက် ၃၂ နှစ် အရွယ်ရှိ အက်ဇ်ပီလီကွီတာ ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလနဲ့ နောက်ပိုင်း ထွက်ပေါ်ထားတဲ့ သတင်းတွေ အရ ရာသီအကုန်မှာ ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့ဖို့ အကြို သဘောတူညီမှု တခုခုပင် ရထားပြီးပြီလို့ သိရပါတယ် ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ မှာ ကမ္ဘာ့ကလပ်ဖလား ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ၊ အက်ဇ်ပီလီကွီတာ ဟာ အသင်း အတွက် ဆုဖလား အစုံ ကိုင်မြှောက်နိုင်တဲ့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ် ။ အနာဂတ်မှာ ချဲလ်ဆီး အတွက် ဆက်ကစားပေးမယ်ဆိုရင် ၄င်းဟာ အရင်လို ပုံမှန် ပွဲကစားခွင့်တွေ ရဖို့ မသေချာတော့ပါဘူး ။

တဖက်မှာ ဗြိတိန် အစိုးရဟာ လောလောဆယ် ချဲလ်ဆီး အသင်းပိုင်ရှင် အဖြစ် အမည်ခံ ရှိထားတဲ့ ရုရှား ရေနံ ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျကို စီးပွားရေး အရ ပိတ်ဆို့ အရေးယူထားတာကြောင့် ၊ sanctions အရသာဆိုရင် အက်ဇ်ပီလီကွီတာနဲ့ စာချုပ် သက်တမ်းပြည့်မယ့် အခြား ချဲလ်ဆီး အသင်းသား အချို့ဟာ ရာသီကုန်တာနဲ့ အလိုလို လမ်းခွဲရမှာ ဖြစ်ပါတယ် ။

ပိုင်ရှင် အသစ် ရောက်လာတာ အချိန် ဘယ်လောက်ထိ စောတယ် ၊ ဘယ်လောက်ထိ လုပ်ငန်းစဉ် ဆောင်ရွက်မှု မြန်ဆန်တယ် ဆိုတဲ့ အပေါ်မှာ မူတည်ပြီး စာချုပ်သစ် ချုပ်ဆိုမှု ပြီးမြောက်မှု ရှိမရှိ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။ လက်ရှိမှာ စပိန် လက်ရွေးစင် အသင်းနဲ့ အတူ ချစ်ကြည်ရေး ခြေစမ်းပွဲ ၂ပွဲ ကစားဖို့ သွားရောက် ပူးပေါင်းနေတဲ့ အက်ဇ်ပီလီကွီတာ ကတော့ သူ့ရဲ့ အနာဂတ် အကြောင်း ဆွေးနွေးဖို့ ငြင်းဆန်သွားခဲ့ပါတယ် ။

အက်ဇ်ပီလီကွီတာ က ” ဒီအချိန် ဟာ ကျွန်တော့ရဲ့ အနာဂတ် အကြောင်း ဆွေးနွေးဖို့ အခါမသင့်သေးပါဘူး ။ လက်ရှိ ကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုတွေနဲ့ ချဲလ်ဆီးရဲ့ လက်ရှိ အခြေအနေကို ကြည့်ပြီး ခင်ဗျား အနေနဲ့ သင်ခန်းစာ ယူနိုင်တဲ့ အချက် တချက် က တနေ့ချင်းစီကိုသာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခြင်း ဖြစ်ပါတယ် ။ ”

” လက်ရှိ ဖြစ်ပျက်နေတဲ့ အခိုက်အတန့်မှာသာ ပျော်မွေ့ပါ ။ အခုအချိန် ဟာ စပိန် လက်ရွေးစင် အသင်း အကြောင်း အာရုံစိုက်ဖို့ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး အက်ဇ်ပီလီကွီတာ က မရေရာ မသေချာနေတဲ့ လတ်တလော ချဲလ်ဆီး အသင်းရဲ့ အခြေအနေကို ကစားသမားတွေနဲ့ ကလပ် ဝန်ထမ်းတွေ ဘယ်လို တုန့်ပြန်နေကြလဲ ဆိုတာ အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

အက်ဇ်ပီလီကွီတာ က ” ချဲလ်ဆီးမှာ ကျွန်တော်တို့ဟာ မရေရာ မသေချာမှု များစွာနဲ့ ဖြတ်သန်းနေရချိန် ၊ နည်းပြ အဖွဲ့နဲ့ ကစားသမားတွေဖက်က လုပ်ပေးနိုင်တဲ့ အကောင်းဆုံး အရာ တခု က ကိုယ်ကစားရမယ့် ပွဲတပွဲချင်းစီကို အကောင်းဆုံး ပြင်ဆင် ချဉ်းကပ် ကစားဖို့သာ ဖြစ်ပါတယ် ။ ”

” တကယ်တမ်းမှာ ကျွန်တော်တို့ဟာ အသင်း ရောင်းချမယ့် အကြောင်း တရားဝင် ထွက်လာပြီးမှ ရလဒ်တွေ တောက်လျှောက် တည်ငြိမ်ပြီး ကောင်းလာပါတယ် ။ ကျန်တဲ့ ကိစ္စတွေဟာ ကျွန်တော်တို့ရဲ့ လက်ထဲမှာ မရှိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR