ရာသီကုန်မှာ ဘယ်သူ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်သွားမလဲဆိုတာ ခန့်မှန်းခဲ့ကြတဲ့ ဂယ်ရီနဗီး နဲ့ ရွိုင်ကိန်း

ဂယ်ရီနဗီးက နောက်ထပ် ဆုဖလားတွေ ရရှိရန် တိုက်ပွဲ၀င်လျက် ရှိနေတဲ့ လီဗာပူး အသင်းဟာ ပြိုင်ဘက်တွေ အတွက် အန္တရာယ် ရှိတဲ့ အသင်း ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့လက ကာရာဘောင်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဒီရာသီမှာ ဖလား တစ်လုံးကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် နောက်ပိုင်း လီဗာပူးတို့ ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဦးဆုံး ပြည်တွင်း ဆုဖလားပဲ ဖြစ်ပါတယ်။

ယာဂန်ကလော့ရဲ့ အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်ထားခဲ့သလို အက်ဖ်အေဖလားမှာလည်း ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးဟာ ပရီးမီးယားလိဂ် title race မှာလည်း အရှိန်အဟုန်ကောင်းကို ရနေပြီး လက်ကျန် ၉ ပွဲ ကစားဖို့ အလိုမှာ ထိပ်ဆုံးနေရာက မန်စီးတီးနဲ့ တစ်မှတ်အကွာထိ ကပ်လိုက်လာနိုင်ခဲ့ပါတယ်။ ဒီနှစ်သင်းဟာ လာမည့် ဧပြီလ ၁၀ ရက်နေ့မှာ တွေ့ဆုံကြမှာ ဖြစ်ပြီး ဒါဟာ title race အတွက် အဆုံးအဖြတ် ပွဲစဉ် ဖြစ်သွားနိုင်ပါတယ်။

ဒီတစ်ပတ်မှာ ပြန်လည် စတင်တော့မယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ မတိုင်မီ ဂယ်ရီနဗီးက နောက်ထပ် ဆုဖလားတွေကို ရရှိဖို့ ဆန္ဒပြင်းပြနေတဲ့ လီဗာပူးဟာ ပြိုင်ဘက်တွေ အတွက် အန္တရာယ် ရှိတဲ့ အသင်းလို့ ဆိုလိုက်ပြီး ဒီအချိန်မှာ လီဗာပူးကို ကြည့်ရတာ ဘာကြောင့် ကြောက်စရာကောင်းနေသလဲ ဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။

နဗီးက “လီဗာပူးဟာ ပုံစံကောင်းမှာ မရှိဘူးလို့ ကျွန်တော် မထင်ပါဘူး။ ကာရာဘောင်ဖလားကို ဆွတ်ခူးထားပြီး ပရီးမီးယားလိဂ် အက်ဖ်အေ နဲ့ ချန်ပီယံလိဂ် တို့ဟာ ချန်ပီယံဖြစ်ဖို့ တိုက်ပွဲ၀င်နေတဲ့ အသင်းဟာ ပုံစံကောင်း မရှိဘဲ မဖြစ်နိုင်ပါဘူး။ ပုံစံကောင်း မရှိဘဲ ဒါမျိုး လုပ်နိုင်မယ်လို့ ကျွန်တော် မထင်မိပါဘူး။ အသင်းကောင်း တစ်သင်း အနေနဲ့ ပွဲစဉ်တွေကို ဒူပေနာပေခံနိုင်မှု အရည်အသွေး စိတ်ဓာတ် စွမ်းအင်တွေနဲ့ ဖြတ်သန်း သွားရမှာပါ။

ကျွန်တော်ကတော့ သူတို့ဟာ ပြိုင်ဘက်တွေ အတွက် မယုံနိုင်လောက်အောင် အန္တရာယ် ရှိတယ်လို့ ထင်ပါတယ်။ သူတို့ဟာ ဒီရာသီမှာ စပယ်ရှယ် အရာတွေ လုပ်ပြသွားလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်။ အာဆင်နယ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်ကို ကျွန်တော် ကြည့်လိုက်တဲ့ အခါမှာ သူတို့ ပရီးမီးယားလိဂ်ဖလားကို မဆွတ်ခူးနိုင်လောက်တဲ့ အချက်တွေကို ကျွန်တော် ဘာမှ မတွေ့မိခဲ့ပါဘူး။ ဒါဟာ ချန်ပီယံ ဖြစ်နိုင်တဲ့ အသင်းတစ်သင်းရဲ့ performance ပါ။

ကျွန်တော် တစ်ရာသီလုံး မန်စီးတီးပဲ ဖလားရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးတို့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ အခြား ပြိုင်ပွဲ ၂ မှာလည်း အန္တရာယ် ရှိတဲ့အသင်းပါ။ သူတို့မှာ ရှိတဲ့ တိုက်စစ်ကစားသမား ၅ ဦးကြောင့် သူတို့ဟာ စပယ်ရှယ် အရာတွေကို လုပ်ပြနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါနဲ့စကားမစပ် လူတွေက လီဗာပူးရဲ့ ကွင်းလယ်ဟာ သူတို့ရဲ့ အားနည်းချက်လို့ မြင်နေကြပါတယ်။ ကျွန်တော်ကတော့ ဒါဟာ သူတို့ရဲ့ အင်အားလို့ ထင်ပါတယ်။

နောက်တန်းနဲ့ တိုက်စစ်ဟာ တကယ့်ကို ကောင်းလွန်းပါတယ်။ နောက်တန်း အစွန်လူ နှစ်ဦးကလည်း တစ်ချိန်လုံး တိုက်စစ်ကို လိုက်ပါ ကစားနေကြတာပါ။ front three ကလည်း ထိပ်တန်းအဆင့်ပါ။ ဖာဘင်ညို ဟန်ဒါဆန် တီယာဂို စတဲ့ ကွင်းလယ် ၃ ဦးဟာ စည်းစနစ်ကျပြီး သူတို့ရဲ့ ပံ့ပိုးမှုတွေကြောင့် ကျန်တစ်သင်းလုံးဟာ ကောင်းကောင်း အလုပ်ဖြစ်နေတာပါ။ သူတို့ဟာ ဒီရာသီမှာ စပယ်ရှယ်အရာတွေကို လုပ်ပြနိုင်မှာ ဖြစ်ပြီး မန်ယူနိုက်တက် ပရိတ်သတ်တစ်ဦး အနေနဲ့ ဒီလို ပြောရတာဟာ ကြောက်စရာပါပဲ။ သူတို့ ဒီရာသီမှာ နောက်ထပ် ဆုဖလားတွေ ရသွားမှာကို ကျွန်တော် တကယ် စိုးရိမ်မိပါတယ်။” လို့ ပြောသွားပါတယ်။

ဒါပေမယ့်လည်း ရွိုင်ကိန်းကတော့ နဗီးရဲ့ ခန့်မှန်းချက်ကို သဘောမတူခဲ့ဘဲ မန်စီးတီးကသာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ကိန်းက ဂွာဒီယိုလာရဲ့ အတွေ့အကြုံဟာ လီဗာပူး အပေါ် အသာရအောင် လုပ်နိုင်လိမ့်မယ်လို့ ပြန်လည် ငြင်းခုန်ခဲ့ပါတယ်။

ကိန်းက “ကျွန်တော်ကတော့ အမှတ်ပေးဖလားအတွက် မန်စီးတီးကိုပဲ ရွေးချယ်ထားဆဲပါ။ ခင်ဗျားတို့ဟာ ပက်ဂွာဒီယိုလာ အနေနဲ့ ဒီလို ပွဲကြီးပွဲကောင်းတွေနဲ့ ချန်ပီယံရှစ်တွေကို အနိုင်ရအောင် ဘယ်လို ကျော်ဖြတ်သွားရမလဲဆိုတာ မသိတဲ့ ပုံစံနဲ့ ပြောနေသလိုပါပဲ။ သူဟာ ဘယ်လောက်တောင် ထူးချွန်တဲ့ မန်နေဂျာ တစ်ဦး ဆိုတာ မမေ့ကြပါနဲ့။ ကျွန်တော် ကတော့ စီးတီးပဲ ဖလား ဆွတ်ခူးသွားမယ်လို့ ထင်နေဆဲပါ။”

SM