ရာဖင်ဟာ ကို ခေါ်ယူဖို့ အတွက် စာချုပ်ဆိုင်ရာ အချက်အလက်တွေ သဘောတူညီမှု ရယူထားနိုင်ပြီ ဖြစ်တဲ့ ဘာစီလိုနာ

ကတ်တလန် အခြေစိုက် သတင်းစာ တစ်စောင် ဖြစ်တဲ့ SPORT က လိဒ် ယူနိုက်တက် အသင်းရဲ့ ဘရာဇီး တောင်ပံ ကစားသမား ရာဖင်ဟာ ဟာ ဒီရာသီ အကုန်မှာ ဘာစီလိုနာ ဆီ ပြောင်းရွှေ့ ကစားဖို့ အတွက် စာချုပ်ဆိုင်ရာ အချက်အလက်တွေ ကြိုတင် သဘောတူညီမှု ရယူထားနိုင်ပြီ ဖြစ်ကြောင်း ဒီညနေမှာ အခိုင်အမာ ဖော်ပြလိုက်ပါတယ်။

ဒီ သဘောတူညီချက်ကြောင့် ဘာစီလိုနာ နဲ့ လိဒ် ယူနိုက်တက် တို့ အကြား အပြောင်းအရွှေ့ ဆိုင်ရာ ကိစ္စရပ်တွေ ညှိနှိုင်းကြတဲ့ အချိန်မှာ အထောက်အပံ့ ဖြစ်လာနိုင်တယ်လို့ သတင်းစာက သုံးသပ်ထားပါတယ်။

ကစားသမား ရဲ့ အေးဂျင့် ဖြစ်သူဟာ ဘာစီလိုနာ ဘောလုံးသမားဟောင်း ဒေကို ဖြစ်ပြီး ၊ လက်ရှိ အသင်း တာဝန်ရှိသူတွေ နဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိကာ ၊ အပြောင်းအရွှေ့ ပေါ်ပေါက်လာပါက စာချုပ် ကိစ္စတွေ ၊ လစာ ပမာဏ ပေးချေမှုတွေကို ဘယ်လို နှုန်းထား နဲ့ ပေးချေမယ် ဆိုတဲ့ အပိုင်းတွေကို ကြိုတင် သဘောတူညီမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် 25 နှစ် အရွယ် ဘရာဇီး တောင်ပံ ကစားသမား ဟာ အီတလီ ပတ်စပို့ ကိုင်ဆောင်ထားသူ ဖြစ်တာကြောင့် ဘာစီလိုနာ အနေနဲ့ Non EU ကစားသမား ကန့်သတ်ချက် နဲ့လဲ ကင်းလွတ်နေပြီး ၊ 5 နှစ် စာချုပ် ချုပ်ဆိုဖို့ အတွက် သဘောတူညီမှု ရခဲ့တယ် လို့ ဆိုပါတယ်။

သူဟာ ဘာစီလိုနာ ရဲ့ စီးပွားရေး အကျပ်အတည်းကြောင့် လစာ ကိစ္စက ကန့်သတ်ချက် တစ်ခုကို လက်ခံပေးခဲ့ကာ ၊ အသင်းရဲ့ အောင်မြင်မှု အပေါ် မူတည်ပြီး မြှောက်များလှတဲ့ ဘောနပ် ဆုကြေး အချက်အလက်တွေ နဲ့ ချုပ်ဆိုခဲ့တယ်လို့ နားလည်ရပါတယ်။

ဘာစီလိုနာ ဟာ အလားတူ လစာပေးချေမှု ဖော်မြူလာ အတိုင်း ခရစ္စတန်ဆန် ၊ ဖရန့် ကက်စီး ၊ အက်ပီလီကွီတာ တို့ကိုလဲ ဆွဲဆောင် စည်းရုံးထားပြီး ၊ မကြာခင် အေဂျက် အသင်းက နောက်ခံလူ Mazraoui ကိုလဲ တရားဝင် ချဉ်းကပ်မှုတွေ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

ရာဖင်ဟာ ဟာ ရာသီ အကုန်မှာ အသင်းနဲ့ လမ်းခွဲဖို့ ရာခိုင်နှုန်း များနေတဲ့ ဒမ်ဘီလီ ရဲ့ နေရာကို အစားထိုး ဝင်ရောက်သွားမှာပါ။ အင်္ဂလန် သတင်းတွေမှာတော့ ကစားသမား ရဲ့ စာချုပ် သက်တမ်းက 2024 ခုနှစ် အထိ ကျန်ရှိနေဆဲလို့ ပြောဆိုနေကြသည့်တိုင်အောင် ၊ SPORT ကတော့ တစ်နှစ် စာချုပ်သက်တမ်းပဲ ကျန်ရှိတော့တယ်လို့ ဆိုထားပြီး ၊ စာချုပ် သက်တမ်း တိုးမြှင့်မှာ မဟုတ်တဲ့ အကြောင်းကိုလဲ လိဒ် ယူနိုက်တက် ကို အသိပေးထားပြီး ပါပြီ။

ဘာစီလိုနာ ဟာ ကနဦး ကမ်းလှမ်းမှု အဖြစ် ယူရို 35 သန်း နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပရီးမီးယားလိဂ် ကလပ်ဖက်က ပယ်ချခဲ့ပါတယ်။ သို့သော် ဒီတစ်ကြိမ်မှာတော့ ကစားသမား နဲ့ ဘာစီလိုနာ တို့ အကြား စာချုပ်ဆိုင်ရာ အချက်အလက်တွေ သဘောတူညီမှု ရရှိထားတဲ့ အတွက် အေးဂျင့် ဒေကို က ကြားထဲက အဖြေတစ်ခု ရအောင် ရှာဖွေ လာဖွယ် ရှိနေပါတယ်။

သတင်းတွေ အရတော့ Oscar Mingueza ကို အပြောင်းအရွှေ့ ရဲ့ အစိတ်ပိုင်း တစ်ခုအဖြစ် အလိုက်ပေးကာ ထည့်သွင်း ကမ်းလှမ်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

တဖက်မှာ အခြား ပရီးမီးယားလိဂ် ကလပ် အသင်းကြီး ဖြစ်တဲ့ လီဗာပူး ကလဲ သူတို့ ရဲ့ ကစားသမား မို ဆာလာ ကို စာချုပ် သက်တမ်း တိုးနိုင်ခြင်း မရှိပါက ရာဖင်ဟာ ကို ခေါ်ယူဖို့ စိတ်ဝင်တစား နဲ့ စောင့်ကြည့် အကဲခတ်နေပါတယ်။

လက်ရှိ အချိန်ထိ ဆာလာ နဲ့ လီဗာပူး တို့ အကြား ထူးခြားမှု တစ်စုံတရာ မရှိသေးတာကြောင့် ၊ ဒီအနေအထား က အခြား ကလပ်တွေဆီ ဘယ်လို ရိုတ်ခတ်မှု ရှိလာနိုင်မလဲ ဆိုတာ စိတ်ဝင် စားစရာပါ။ အေးဂျင့် ဖြစ်သူ ဒေကို ကတော့ လီဗာပူး ဟာ သူ့ ကစားသမား ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ တုန်းက တရားဝင် ချဉ်းကပ်ခဲ့ဖူးတဲ့ အကြောင်း ဘရာဇီး က မီဒီယာတွေ နဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆို ထားခဲ့ ပါတယ်။

SM