ရာနှုန်းပြည့် ကြံ့ခိုင်မှု မပြည့်သေးတဲ့ ရိစ်ဂျိမ်းစ်ကို ဆောက်ဂိတ်မှ လက်ရွေးစင် အသင်းအတွက် ဆင့်ခေါ်ခဲ့ခြင်း အပေါ် တုန့်ပြန်လိုက်တဲ့ တူချယ်

အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ် ဟာ လာမယ့် ရက်သတ္တပတ် ၂ပတ်ထဲ ကစားမယ့် ဆွစ်ဇာလန် ၊ အိုင်ဗရီကို့စ် အသင်းတွေနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲ ၂ပွဲအတွက် အပြီးသတ် ကစားသမားစာရင်းကို တမြန်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ချဲလ်ဆီး အသင်းသား ၂ဦးလည်း ပါဝင် ရွေးချယ်ခံခဲ့ရပါတယ် ။

ကွင်းလယ်လူ မေဆင်မောင့် ဟာ ထုံးစံအတိုင်း ဆောက်ဂိတ်ရဲ့ ကစားသမားစာရင်းမှာ ရွေးချယ်ခံခဲ့ရတာ ၊ မထူးဆန်းပေမယ့် ၊ ဒဏ်ရာကြောင့် ရာနှုန်းပြည့် ကြံ့ခိုင်မှု မပြည့်သေးတဲ့ ညာနောက်ခံလူ ရိစ်ဂျိမ်းစ်ကို လက်ရွေးစင် အသင်းသို့ ဆင့်ခေါ်ခဲ့တာ က ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် အပေါ် တမျိုးတဖုံ ဘဝင်မကျမှု ဖြစ်စေနိုင်ပါတယ် ။

ရိစ်ဂျိမ်းစ် ဟာ တံကောက်ကြော ဒဏ်ရာကြောင့် ၂၀၂၂ ခုနှစ်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ကို ဘန်လေနဲ့ ပွဲမှာမှ ပြန်လည် ရရှိခဲ့ပေမယ့် ၊ ထိုပွဲမှာ အသေးစား ဒဏ်ရာ ထပ်ရခဲ့တာကြောင့် ၁၀ရက်ကျော် အနားယူပြန်ယူခဲ့ရပါတယ် ။

မနေ့က အသင်းလိုက် လေ့ကျင့်ရေး အစီအစဉ်မှာ ရိစ်ဂျိမ်းစ် တယောက် ပြန်ပါခဲ့ပေမယ့် ၊ ယနေ့ည ချန်ပီယံရှစ် ကလပ် မစ်ဒယ်ဘရော့ အသင်းနဲ့ ရင်ဆိုင်ရမယ့် အက်ဖ်အေ ဖလား ကွာတားဖိုင်နယ် ပွဲကိုတော့ ပွဲထွက်ပါဝင်ဖို့ အထိ မသေချာဆဲ ဖြစ်ပါတယ် ။

ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ” ရိစ်ဂျိမ်း လက်ရွေးစင် အသင်းကို ဆင့်ခေါ်ခြင်း ခံခဲ့ရတဲ့ သတင်းက ကျွန်တော့ကို အံ့သြစေခဲ့တယ်လို့ ပြောလို့ရသလို ၊ မအံ့သြစေခဲ့ဘူးလို့လည်း ပြောလို့ရပါတယ် ။ ကျွန်တော်သာ အင်္ဂလန် လက်ရွေးစင် နည်းပြ နေရာမှာဆိုရင်လည်း ရိစ်ကို ဆင့်ခေါ်မှာပါပဲ ။ ”

” ဒါကြောင့်မို့ သူ လက်ရွေးစင် ကစားသမားစာရင်းမှာ ပါဝင်နေတာကို ကျွန်တော် မအံ့သြဘူးလို့ ပြောရတာပါ ။ မနေ့က အထိတော့ သူဟာ ပွဲတပွဲ ကစားဖို့ ကြံ့ခိုင်မှု မပြည့်သေးပါဘူး။ မနက်ဖြန် အဖြေကို ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ကြတာပေါ့ ။ ”

” ဒါပေမယ့် သူဟာ ၂၀၂၂ ခုနှစ်ထဲမှာ စုစုပေါင်း ရက်သတ္တပတ် ၉ပတ်လောက် အနားယူထားရပြီး ၊ နောက်ထပ် ဆေးစစ်မှုတွေလည်း ထပ်လုပ်ရဖို့ ရှိပါသေးတယ် ။ ဒီနေ့မှာ ထရိန်နင် အပြည့်အဝ ဆင်းနိုင်ရင်တောင် မနက်ဖြန် ပွဲကို ကစားပေးနိုင်ဖို့ မသေချာပါဘူး ။ ဒီကြားထဲ တခြား ပြင်းပြင်းထန်ထန် ကိစ္စမျိုး မဖြစ်ခဲ့ရင်တော့ သူ လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ရိစ်ဂျိမ်းစ် အပြင် ချဲလ်ဆီးမှာ နောက်ထပ် ဒဏ်ရာရ ကစားသမား ၃ဦး ရှိနေပြီး ၊ ထိုအထဲမှာ ကာလရှည် ဒဏ်ရာ ရထားတဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ၊ အသေးစား ဒဏ်ရာ ရထားတဲ့ တောင်ပံ ကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်းနဲ့ လိုင်လီနဲ့ ပွဲမှာ ဒဏ်ရာရခဲ့တဲ့ နောက်ခံလူ အန်ဒရီယာစ် ခရစ်တန်ဆန်တို့လည်း ပါဝင်နေပါတယ် ။

အိုဒွိုင်းနဲ့ ခရစ်တန်ဆန်တို့ဟာ မနေ့က လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည် ပါဝင်ခဲ့ပေမယ့် ၊ ပွဲထွက် ကစားနိုင်ဖို့ အထိတော့ မသေချာသေးဘူးလို့ တူချယ် က အတည်ပြုခဲ့ပါတယ် ။ ယနေ့ည ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမယ့် မစ်ဒယ်ဘရော့ ဟာ Giants အသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟမ်တို့ကို အရှေ့ အဆင့်တွေမှာ ဖြုတ်လာခဲ့ပါတယ် ။

ဒီပွဲနဲ့ ပတ်သက်ပြီးလည်း တူချယ် က ” ကျွန်တော်ကတော့ အက်ဖ်အေဖလား ပွဲတပွဲရဲ့ ပတ်ဝန်းကျင်ကိုသာ မျှော်လင့်ထားပါတယ် ။ နောက်ထပ် ဆိုးရွားတဲ့ အရာမျိုး ထပ်လိုမယ်လို့ ကျွန်တော် မထင်မိပါဘူး ။ ဘောလုံး ဟာ စစ်ပွဲနဲ့ ပြောင်းပြန်ပါပဲ ။ ဘောလုံး ဟာ ပြိုင်ဆိုင်မှု ၊ ပေးဆပ်မှု ၊ လေးစားမှုနဲ့သာ သက်ဆိုင်ပါတယ် ။ ”

” မနက်ဖြန် ပွဲအတွက် စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကွင်း ၊ ပွဲကြည့်ပရိသတ်တွေကိုသာ မျှော်မှန်းထားပါတယ် ။ ကျွန်တော်တို့ဟာ အက်ဖ်အေဖလား ပြိုင်ပွဲကို နှစ်သက်ကြပြီး ၊ ခက်ခဲတဲ့ ၊ အင်အား တောင့်တင်းတဲ့ ပြိုင်ဖက် တသင်းနဲ့ ရင်ဆိုင်ရဖို့ကိုသာ မျှော်မှန်းထားကြတာပါ ။ ဒီထက် ဘာမှမပိုပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR