ရန်းနစ် ရဲ့ ပထမဆုံးခေါ်ယူမှု ဖြစ်ခဲ့တဲ့ ‘အင်္ဂလန်ရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမား’

မန်ချက်စတာ ယူနိုက်တက် ဟာ ဘရိုက်တန် အသင်းရဲ့ လူငယ် ကွင်းလယ် ကစားသမားလေး တိုဘီ ကော်လ်ယာ ကို ၃ နှစ်စာချုပ် နဲ့ ခေါ်ယူ နိုင်ခဲ့ ပါတယ် ။

ဒါဟာ မန်ချက်စတာ ယူနိုက်တက် ယာယီ နည်းပြ ရပ်ဖ်ရန်းနစ် လက်အောက်မှာ ပထမဆုံး ခေါ်ယူမှု ဖြစ်လာ စေခဲ့ပြီး ယူနိုက်တက် ရဲ့ အနာဂါတ် အစီအစဉ် များစွာထဲက တခု ဖြစ်လာမလား ဆိုတာ ကိုတော့ စောင့်ကြည့် ကြရမှာပါ ။

၁၈ နှစ်ထဲကို ဝင်ရောက် နေပြီ ဖြစ်တဲ့ ကော်လ်ယာ ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ် ကတည်းက ယူနိုက်တက် နဲ့ ပါစင်နယ် အရ သဘောတူညီမှု ရယူထားခဲ့တာ ဖြစ်ပြီး ဒီပိတ်ရက်မှ အပြီးသတ် စာချုပ်ခဲ့တာ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ အတွက်ကတော့ ‘၂၀၀၄ ခုနှစ်ဖွားတွေ ထဲမှာ အကောင်းဆုံး အင်္ဂလိပ် ကွင်းလယ် ကစားသမားလေး’ ဆိုတဲ့ ကျော်ကြားမှု ဟာ အနာဂါတ် ကို စိတ်ကူးယဉ်ခွင့်တွေ ဖြစ်ပေါ် စေမှာပါ ။

ယူနိုက်တက် လူငယ် အကယ်ဒမီ ဟာ ကောင်းမွန်တဲ့ သမိုင်းကြောင်းတွေ ရှိနေပြီး လက်ရှိ မှာလည်း စီနီယာ အသင်းကြီးအထိ ပေါက်ရောက် လှမ်းတက် နိုင်သူတွေ ရှိနေပါတယ် ။

လူငယ် ကစားသမား တယောက် ပုံစံကောင်းတွေ ပြသလာပြီ ဆိုရင် ပိုအသက်ကြီးတဲ့ အတန်းတွေကို စေလွှတ်ပြီး ကစားစေတတ် ကြပါတယ် ။

ကော်လ်ယာ ကတော့ အသက် ၁၅ နှစ် ပြည့်ပြီးလို့ သိပ်မကြာခင် မှာပဲ ဘရိုက်တန် ယူ-၁၈ အသင်းမှာ သွားရောက် ကစားခွင့် ရခဲ့သူပါ ။

“ယူ-၁၅ သင်းသား ဖြစ်နေချိန် ကတည်းက ကျွန်တော်တို့ ယူ-၁၈ မှာ လာလေ့ကျင့် နေခဲ့တာပါ ။ ယူ-၁၆ ကို ရောက်လာတော့လည်း ကျွန်တော်တို့ နဲ့ လေ့ကျင့် တုန်းပါပဲ ။

သူက တကယ့် ထိပ်တန်း ကစားသမား ဖြစ်လာမယ့်သူပါ ။ နည်းပြတွေကို ပျော်ရွှင် ကျေနပ် စေမယ့်သူပါ ။

အများကြီး ပြုပြင်စရာ မလိုဘဲ ပွဲတိုင်းလိုလို ပုံစံကောင်း ပြနိုင်တဲ့ ကစားသမားမျိုးပါ” လို့ ဘရိုက်တန် ယူ-၁၈ နည်းပြဟောင်း ဘရတ် က ကော်လ်ယာ ရဲ့ အရည်အသွေးကို ထုတ်ဖော် ပြောပြ သွားခဲ့ ပါတယ် ။

ကော်လ်ယာ ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ဘရိုက်တန် ယူ-၁၈ အသင်းရဲ့ အဓိက ကစားသမား အဖြစ် ပါဝင် အစွမ်းပြခဲ့ ပါတယ် ။ ဒါကြေင့် အသက် ၁၇ နှစ် အရွယ် မှာပဲ စီနီယာ အသင်းကြီး နဲ့ အတွေ့ အကြုံ ရယူဖို့ အတွက် တော့တင်ဟမ် ဟော့စပါး နဲ့ ကစားခဲ့တဲ့ ပွဲစဉ် မှာ ခေါ်ယူ ခံခဲ့ရပါတယ် ။

ဒါတင် မကပါဘူး ၊ ကော်လ်ယာ ဟာ အင်္ဂလန် ယူ-၁၆ နဲ့ ယူ-၁၇ အသင်းတွေမှာ အသင်းခေါင်းဆောင် အဖြစ် နဲ့ ကစားနေပြီး သူ့ရဲ့ ခေါင်းဆောင် နိုင်မှု စွမ်းရည် နဲ့ စံပြုထိုက်တဲ့ အရည်အသွေးတွေဟာ သက်တမ်း အလိုက် နည်းပြတွေ အကြားမှာ ကောင်းချီးစကားတွေ ဝေစေခဲ့ ပါတယ် ။

ဒီရာသီမှာတော့ အသင်းနဲ့ စာချုပ် သက်တမ်း မတိုးတော့ဘူးလို့ ထုတ်ဖော် ပြောပြ အပြီးမှာတော့ ကော်လ်ယာ ရဲ့ ပွဲကစားချိန်တွေဟာ လျော့နည်း လာခဲ့ ပါတယ် ။

ဘရိုက်တန် လူငယ် အသင်းအတွက် ဒီရာသီမှာ တပွဲသာ ကစားခွင့် ရခဲ့တဲ့ ကော်လ်ယာ ကို ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေက စောင့်ကြည့် လာခဲ့ပါတယ် ။ အဲ့ဒိ အထဲမှာ မန်ချက်စတာ ယူနိုက်တက် လည်း အပါအဝင် ပါပဲ ။

ယူနိုက်တက် ဟာ ယူ-၁၈ လိဂ်ပြိုင်ပွဲကို ကင်းထောက်တွေ စေလွှတ်ပြီး ကော်လ်ယာ ရဲ့ ခြေစွမ်းကို အကဲခတ် နေခဲ့တာ ကြာခဲ့ပါပြီ ။ ဘရိုက်တန် ကနေ ထွက်ဖို့ ဖြစ်လာ အပြီးမှာတော့ အသင်းကို လာရောက်ပြီး အစမ်း ကစားဖို့ ဖိတ်ခေါ်ခဲ့ ပါတယ် ။

ချဲလ်ဆီး ကလည်း ကော်လ်ယာ ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ ပေမယ့် အသင်းပိုင်ရှင် ရိုမန် နဲ့ အတူ ဆန်ရှင် ချမှတ် ခံရအပြီး မှာတော့ ကစားသမားသစ် ခေါ်ယူဖို့ မဖြစ်နိုင်တော့ဘဲ ဖြစ်ခဲ့ရ ပါတယ် ။

ဒါကြောင့် နောက်ဆုံးမှာတော့ ယူနိုက်တက် တို့ အချိန်ယူ စောင့်ကြည့် ခဲ့တဲ့ ပစ်မှတ် တခုကို အိုးထရက်ဖိုဒ့် ဆီ အရောက် ခေါ်ဆောင် နိုင်ခဲ့ ပါတယ် ။

ကော်လ်ယာ ဟာ လူငယ်တွေကို ပျိုးထောင်မှု အားကောင်းတဲ့ ယူနိုက်တက် ရဲ့ စီမံကိန်းတွေ ထဲမှာ အံဝင်ခွင့်ကျ ဖြစ်လာ နိုင်မလား ၊ ရက်ဖိုဒ့် ၊ တော်မီနေး ၊ ဂရင်းဝုဒ် ၊ အီလန်ဂါ တို့လိုမျိုး ပထမ အသင်းကြီးကို တက်ရောက်ပြီး ပရိသတ်တွေရဲ့ အသည်းစွဲ ကစားသမားလေး တယောက် ဖြစ်လာမလား ၊ အဲ့ဒါထက် ကျော်လွန်ပြီး ၉၂ မျိုးဆက်တွေလို ကမ္ဘာကျော် အောင်မြင်မှုတွေကို ယူဆောင် နိုင်သူ ဖြစ်လာမလား ဆိုတာကိုတော့ အချိန်ပေးပြီး စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ် . . . ။

 

SPORTS MYANMAR