ယူနိုက်တက် အနေနဲ့ သောမတ် တူချယ် ကို နည်းပြသစ် ခန့်ဖို့ ကြိုးစားသင့်တယ်လို့ ဆိုလိုက်တဲ့ ကာရေဂါ

နည်းပြသစ် ရှာပုံတော် ဖွင့်နေတဲ့ ယူနိုက်တက် အတွက် နံပါတ်တစ် ဦးစားပေး သတ်မှတ်ချင်လောက်အောင် ကောင်းလွန်းတဲ့ နည်းပြတစ်ဦးကို ခေါ်ယူနိုင်မယ့် အခွင့်ရေးမျိုး ပေါ်လာနေပါပြီ။ အဲဒီ နည်းပြ သောမတ် တူချယ် ဖြစ်ပါတယ်။

အိုလီ ဂန်းနား ဆိုးရှား ကို ထုတ်ပယ်ပြီး နောက်ပိုင်း ယူနိုက်တက် ရဲ့ အဓိက ဦးတည်ချက်ဟာ ပိုချက်တီနို ကို ခန့်အပ်ဖို့ ဦးတည် ထားခဲ့သလို ၊ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်လိုက်ရပြန်ပြီ ဖြစ်လို့ အာဂျင်တိုင်းသား ဟာ မကြာခင်မှာပဲ ပဲရစ် ကလပ် နဲ့ လမ်းခွဲလာဖွယ် ရှိနေပါတယ်။ သို့သော်လဲ သူ့ အတွက် နောက်ထပ် အနီးကပ် ပြိုင်ဘက် နည်းပြ တစ်ယောက် ပေါ်ထွက်လာပြီလို့ ဆိုကောင်း ဆိုနိုင်ပါတယ်။

လက်ရှိ ချဲဆီးမှာ ဖြစ်ပျက်နေတဲ့ အခြေအတွေကြောင့် ကလပ် ရဲ့ အနာဂတ်ဟာ ဘယ်လို ဆက်ဖြစ်မလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ယေဘုယျ အားဖြင့် ပြောကြည့်မယ် ဆိုရင်တော့ လာမယ့် ဘောလုံးရာသီမှာ လက်ရှိ ကစားသမား စာရင်း အတိုင်း ဆက်လက် ရပ်တည်နိုင်ဖို့ တော်တော်ခက်ပါလိမ့်မယ်။ မသေချာ မရေရာမှုတွေ အကြားမှာ ဘယ် မန်နေဂျာ ကမှလဲ အလုပ် ဆက်လုပ်ချင်မှာ မဟုတ်ပါဘူး။

တူချယ် အနေနဲ့ ချဲဆီး နဲ့ လမ်းခွဲ လိုက်မယ် ဆိုရင် ယူနိုက်တက် ကိုပဲ ဦးတည်ထားသင့်ပါတယ်။ ယူနိုက်တက် အနေနဲ့လဲ ကမ္ဘာ့အကောင်းဆုံး မန်နေဂျာတွေ ထဲက တစ်ယောက်လဲဖြစ် ၊ လက်ရှိ ဖီဖာ အကောင်းဆုံး နည်းပြဆု ရရှိထားတဲ့ တူချယ်ကို မဖြစ်မနေ ချဉ်းကပ်ရမှာပါ။

ယူနိုက်တက် ဟာ ထိပ်တန်း နည်းပြ တစ်ယောက် လိုချင်တဲ့ အသုံးစာရိတ် ၊ ကစားသမား စုဖွဲ့ တည်ဆောက်မှုမျိုးကို ပေးနိုင်စွမ်းရှိပါတယ်။ ဒီကာလမှာ ချဲဆီး ရဲ့ အခက်ခဲကနေ အခွင့်အကောင်းယူတာမျိုးလို့ ပြောလို့ ရပေမယ့် ၊ ဒီလို အခွင့်အရေးမျိုး ပေါ်လာရင် ဘယ်သူကမှလဲ လက်လွှတ်မှာ မဟုတ်ပါဘူး။ နည်းပြ တစ်ယောက် ရဲ့ အရည်သွေးပိုင်း ဆိုင်ရာကနေ ကြည့်လိုက်မယ် ဆိုရင် တူချယ့်မှာ ယူနိုက်တက် လိုချင်တဲ့ အချက်အလက်တွေ အားလုံး ရှိနေပြီး သားပါ။

သူဟာ ချဲဆီး ကို အချိန်တို အတွင်း ပြုပြင် ပြောင်းလဲ တည်ဆောက်ပြခဲ့သလို ၊ အဓိက ဆုဖလား ပြိုင်ပွဲကြီးတွေမှာ အနိုင်ရဗိုလ်စွဲဆောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ဖလားကြီး အပြင် ပရီးမီးယားလိဂ် အဆင့် 4 အတွင်း ရပ်တည်နိုင်ဖို့ အတွက်လဲ အမှန်အကန် လုပ်ပြထားတာပါ။ လက်ရှိ ပရီးမိးယားလိဂ်မှာ ပက် နဲ့ ကလော့ပ် ကို အနီးကပ်ဆုံး စိန်ခေါ်နိုင်အောင် စွမ်းဆောင်ပြနေတာ သူပဲ ရှိပါတယ်။

ချန်ပီယံလိဂ် နဲ့ အက်ဖ်အေ ဖလား ပြိုင်ပွဲတွေမှာ ပက် ရဲ့ မန်စီးတီး ကို သူက အနိုင်ကစားပြခဲ့သလို ၊ ကာရာဘောင် ဖလား ဗိုလ်လုပွဲ မှာ ဆိုရင်လဲ ကလော့ပ် ရဲ့ လီဗာပူး ကို အကြိတ်အနယ် ကစားပြခဲ့တာပါ။ ဒါကြောင့် သူသာ အိုးထရက်ဖို့ကို ရောက်လာမယ် ဆိုရင် ယူနိုက်တက် ပရိသတ်တွေ ပြန်လည် လိုချင်နေတဲ့ ဆုဖလား အောင်မြင်မှုမျိုးတွေ အတွက် အာမခံချက် ပေးနိုင်ပါလိမ့်မယ်။

ပိုချက်တီနို ရဲ့ စွမ်းဆောင်ရည်ကို ကျနော်က သဘောကျပြီးသားပါ။ ဒါပေမယ့် ပီအက်စ်ဂျီ ကစားသမား စာရင်းဆီကနေ ဆွဲထုတ်နိုင်ခဲ့တဲ့ အရည်သွေးမျိုးကို တိုင်းတာ ကြည့်လိုက်ရင်ပဲ တူချယ်က နည်းနည်း ပိုသာပါတယ်။

တစ်ချိန်တည်းမှာ အေဂျက် အသင်းကို ဥရောပ ရဲ့ ဆွဲဆောင်မှု အရှိဆုံး ကလပ် အဖြစ် တည်ဆောက်ပြထားတဲ့ တန်ဟတ် သာ ယူနိုက်တက် ရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်မယ် ဆိုရင်လဲ အံ့အားသင့်စရာတော့ မရှိပါဘူး။

သူူသာ ယူနိုက်တက် ကို ရောက်လာမယ် ဆိုရင် နောက်တစ်ဆင့် ကို တက်လှမ်းပြီး စိန်ခေါ်မှုတွေ နဲ့ ရင်ဆိုင်လိုက်တာလို့ ပြောလို့ ရပါတယ်။ 2019 ခုနှစ် တုန်းက ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ အထိ တက်ရောက်အောင် စွမ်းဆောင်ပြခဲ့သလို ၊ အဓိက ကစားသမား အများစုကို ရောင်းထုတ်ခဲ့ပေမယ့် ၊ အသင်းနဲ့ လိုက်ဖက်မှု ရှိမယ့် နောက်ထပ် ကစားသမားသစ်တွေ ထပ်မံ ဖြည့်တင်းနိုင်ခဲ့တဲ့ အတွက် ဆွဲဆောင်မှု ရှိတဲ့ ကစားဟန် က လုံးဝကို ပြောင်းလဲ မသွားပါဘူး။

အထက်ဖော်ပြခဲ့တဲ့ နည်းပြ သုံးယောက်ထဲက ဘယ်သူပဲ အိုးထရက်ဖို့ဒ် ကို ရောက်လာပါစေ ၊ အပြောင်းအလဲတွေတော့ လုပ်ပြနိုင်မှာပါ။ ဒါပေမယ့် အဲဒီ ထဲက ပိုပြီး သေချာအောင် လုပ်ပြမယ့် သူဆိုရင်တော့ တူချယ်ကိုပဲ ရွေးရမှာပါ။

သူ့ရဲ့ လက်ရင်း ဆရာက ရက်နစ် ဖြစ်နေတယ် ဆိုတဲ့အချက်ကို မေ့ထားလို့ မရပါဘူး။ ယူနိုက်တက် ဘက်က ရက်နစ် ကို အကြံပေး ရာထူးမှာ ဆက်ထားဖို့ ပြင်ဆင်ထားမယ် ၊ အဲဒီ အချိန်ကို ဘယ်နည်းပြကို ခန့်အပ်သင့်လဲလို့ မေးရင် ၊ ဘယ်သူ့ကို ထောက်ခံချက် ပေးမယ် ထင်လဲဗျာ…….

မှတ်ချက် – ကာရေဂါ ရဲ့ ဆောင်းပါးကို မှီငြမ်းထားခြင်း ဖြစ်ပါသည်။

SM