ယူနိုက်တက် နဲ့ ကစားမယ့်ပွဲ ၊ အန်ဖီးလ်လို့ အမည်ပေးထားတဲ့ ခွေးအကြောင်း နဲ့ သဘောအကျဆုံး ပြိုင်ဘက်တွေကို ပြောပြခဲ့တဲ့ မားကိုစ့် လော်ရန်တေး

စပိန် လာလီဂါ ကလပ် အက်သလက်တီကို မက်ဒရစ် ဟာ ဒီကနေ့ည မှာတော့ ချန်ပီယံလိဂ် ၁၆ သင်းဆင့် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အင်္ဂလန် မြေပေါ်မှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။

အေတီကို မက်ဒရစ် ဟာ ပထမအကျော့ တုန်းက ယူနိုက်တက် ကို ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးလည်း သွင်းနိုင်ခဲ့ပေမယ့် အမှားတချက် ကနေ ချေပဂိုး ပြန်ပေးခဲ့ရတာကြောင့် ဒီတကျော့မှာ အနိုင် ကစားဖို့ လိုအပ်လာခဲ့ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် တောင်ပံကစားသမား မားကိုစ့် လော်ရန်တေး ကတော့ သူတို့ဟာ ပထမ အကျော့က ရလဒ် အတွက် စိတ်ပျက် ခဲ့ကြောင်းနဲ့ ဒီတကျော့ အတွက် အဆင်သင့် ဖြစ်နေပြီဆိုတာကို ချန်ပီယံလိဂ် ဝက်ဘ်ဆိုက် ကနေ ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် လော်ရန်တေး က သူ့ဘ၀ မှာ ရင်ဆိုင်ရတာ သဘောအကျဆုံး ပြိုင်ဘက် ၂ ယောက် နဲ့ ဘာကြောင့် သူ့ အမေက အချစ်တော်ခွေး အသစ်ကို အန်ဖီးလ် လို့ အမည်ပေးခဲ့တယ် ဆိုတာတွေကိုပါ ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။

“သရေ ရလဒ်တခုဟာ ကိုယ့်ကို စိတ်ပျက်စေခဲ့တယ် ဆိုရင် ဒါဟာ ကိုယ်က အသာစီးနဲ့ ကစားနိုင်တဲ့ အသင်း ဖြစ်ခဲ့တယ် ဆိုတဲ့ သဘောပါပဲ ။ ကျွန်တော်တို့ ပထမ အကျော့ မှာ ကစားပုံ ကောင်းခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် လို အသင်းနဲ့ ယှဉ်နိုင်တယ် ဆိုတာကို ကျွန်တော်တို့ ပြနိုင်ခဲ့ ပါတယ် ။ ဒါကပဲ ကောင်းမွန်တဲ့ အကြောင်းတခုလို့ ကျွန်တော် နားလည် ထားပါတယ် ။

အခု ဒုတိယ အကျော့ အတွက်လည်း ကျွန်တော်တို့ စိတ်လှုပ်ရှား နေကြပါပြီ”

“ကျွန်တော့ရဲ့ မြန်နှုန်း နဲ့ သက်လုံက နေရာ အပြောင်းအလဲတွေ ကစားဖို့ သင့်တော် ခဲ့ ပါတယ် ။ တောင်ပံမှာ ရော Wing-back အနေနဲ့ရော ၊ ဗဟို ကွင်းလယ်လူ အဖြစ်နဲ့ပါ ကျွန်တော် ကစားခဲ့ရ ပါတယ် ။

ဒါတွေက ကျွန်တော့ အတွက် အတွေ့အကြုံ ကောင်းတွေပါပဲ”

“ဖိအားတွေကို ရင်ဆိုင် ဖြေရှင်းရတာကို ကျွန်တော် ကြိုက်ပါတယ် ။ ကျွန်တော် က အဲ့ဒိလို ဖိအားတွေကို နှစ်သက်တဲ့ ကစားသမားမျိုး လို့လည်း ထင်ပါတယ် ။ ပြိုင်ဘက်က သန်မာလေ ကျွန်တော် ကစားလို့ ပိုကောင်းလေ ပါပဲ ။

ဥပမာ ပြောရရင် ဗီနီဆီယပ် ဂျူနီယာ ၊ လူးဝစ် ဒီယာ့ဇ် ( ပေါ်တိုတုန်းက ) တို့လို လူတွေနဲ့ ရင်ဆိုင်ရတဲ့ အခါတွေမှာ ကျွန်တော်လည်း ပိုကောင်း လာတယ်လို့ ခံစားမိပါတယ်” လို့ လော်ရန်တေး က ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး လော်ရန်တေး က သူ့ရဲ့ အမေ ဖြစ်သူဟာ အသစ်ရလာတဲ့ ခွေးကို လီဗာပူး ရဲ့ အိမ်ကွင်း ဖြစ်တဲ့ အန်ဖီးလ် အမည်ကို ဘာကြောင့် ပေးဖြစ် ခဲ့သလဲ ဆိုတာ ထုတ်ဖော်ပြောပြ သွားခဲ့ ပါတယ် ။

လော်ရန်တေး ဟာ ၂၀၁၉-၂၀ ဘောလုံး ရာသီ တုန်းက အန်ဖီးလ် မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းဆင့် ဒုတိယ အကျော့မှာ ၂ ဂိုး သွင်းပြီး လီဗာပူး ကို ပြိုင်ပွဲ ကနေ ထွက်ခွာ စေခဲ့သူ ဖြစ်ပါတယ် ။

“အမေက ကျွန်တော့ ရဲ့ ပွဲတွေ အပေါ်မှာ ခံစားချက် ကြီးကြီး မားမား ရှိပါတယ် ။ အဲ့ဒိ တုန်းက ( ၂၀၁၉-၂၀ ) ကိစ္စတွေ က သူ့ဆီမှာရော ကျွန်တော့ ဆီမှာပါ အခုထိ အမှတ်တရ ဖြစ်နေတုန်း ပါပဲ ။

ကိုဗစ် ကာလ အိမ်မှာ နေရတုန်းက သူ့ကို ခွေးတကောင် ကျွန်တော် လက်ဆောင်ပေးခဲ့ ပါတယ် ။

လီဗာပူး နဲ့ ပွဲတုန်းက အကြောင်းတွေကို အမြဲ အမှတ်ရချင်တယ်လို့ သူပြောပြီး ဒီခွေးကို အန်ဖီးလ် လို့ အမည်ပေးမယ်လို့ သူ ကျွန်တော့ကို ပြောခဲ့ပါတယ် ။ ဒီ အမည်က ကျွန်တော်တို့ အတွက် တကယ်ကို အမှတ် တရ ဖြစ်စေတဲ့ အမည်ပါ” လို့ လော်ရန်တေး က ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR