ယူကရိန်းပြန် ဂျာနယ်လစ်တွေကို သွယ်ဝိုက်ပြီး ကယ်တင်နိုင်ခဲ့တဲ့ မက်ဆီ နဲ့ မာရာဒိုနာ

အာဂျင်တီးနား ဂန္ထဝင် ဘောလုံးသမားကြီး ဒီယေဂို မာရာဒိုနာ နဲ့ ရွှေဘောလုံး ၇ ဆုရှင် လီယွန်နယ် မက်ဆီ တို့ဟာ သူတို့ရဲ့ အသက်ကို ကယ်တင် ခဲ့ကြတယ်လို့ ယူကရိန်း ကနေ ထွက်ခွာလာ နိုင်ခဲ့တဲ့ တောင်အမေရိက ဂျာနယ်လစ်တွေ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ရုရှ ရဲ့ ယူကရိန်း နိုင်ငံကို ကျူးကျော် တိုက်ခိုက်မှုဟာ ကိုဗစ် ကနေ နိုးထကာစ ကမ္ဘာကြီးကို အကြီးအကျယ် ထိတ်လန့် စေခဲ့ပြီး တတိယ ကမ္ဘာစစ် ဖြစ်လာ နိုင်တဲ့ အလားအလာတွေကြောင့် လူပေါင်းများစွာ ထိတ်လန့် ခြောက်ခြား ခဲ့ကြရ ပါတယ် ။

ယူကရိန်း နိုင်ငံ အတွင်းမှာ ရှိနေတဲ့ ပြည်သူတွေ နဲ့ နိုင်ငံခြားသားတွေ ဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် ခဲ့ကြပြီး အဲ့ဒိ အထဲမှာ တောင်အမေရိကသား သတင်းသမား နဲ့ ဂျာနယ်လစ်တွေလည်း ပါဝင်ခဲ့ ပါတယ် ။

အာဂျင်တီးနား ရုပ်သံ သတင်းဌာန တယ်လီဖီ နဲ့ အင်တာဗျုး အစီအစဉ် မှာတော့ အဆိုပါ ဂျာနယ်လစ် တွေဟာ ယူကရိန်း မှာ သူတို့ ဘယ်လို အခက်အခဲ နဲ့ ကြုံခဲ့ရပြီး မက်ဆီ နဲ့ မာရာဒိုနာ တို့က သူတို့ကို ဘယ်လိုမျိုး ကူညီ ပေးခဲ့သလဲ ဆိုတာကို ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

“စစ်ဆေးရေး ဂိတ် တခုမှာ ကျွန်တော်တို့ရဲ့ စာရွက်စာတမ်းတွေ ၊ ကင်မရာတွေ ၊ ဖုန်းတွေ နဲ့ နိုင်ငံကူး လက်မှတ်တွေ အားလုံးကို ရဲတွေက သိမ်းယူသွား ပါတယ် ။ ပြီးတော့ ကျွန်တော်တို့ကို ရဲစခန်း ကို ခေါ်သွားပြီး စစ်မေး တော့တာပါပဲ ။

အစပိုင်း စစ်မေးတာက တော်တော်လေး ကြမ်းပါတယ်”

“ဒီနိုင်ငံ က စစ်ဖြစ်နေပြီး နေရာတိုင်းမှာ စပိုင်တွေ ၊ ဒလန်တွေ ၊ ရုရှ သတင်းပေးတွေ ရှိနေ နိုင်ပါတယ် ။ ဒါကြောင့် သူတို့က လူတိုင်းကို သံသယ ထားပြီး စစ်ဆေး နေကြတာပါ ။

သူတို့ထဲက တယောက်က ကျွန်တော့ဘော်ဒါရဲ့ အာဂျင်တီးနား ပတ်စ်ပိုစ့် ကို မြင်ပြီးတဲ့ နောက်မှာတော့ သူတို့ အချင်းချင်း ယူကရိန်းလိုတွေ အများကြီး ပြောနေကြပါတယ် ။

အဲ့အထဲက ကျွန်တော်တို့ နားလည်တဲ့ စကားလုံး ၂ လုံးပါခဲ့ ပါတယ် ။ မက်ဆီ နဲ့ မာရာဒိုနာပါ”

“အဲ့နောက်မှာတော့ အခြေအနေ က တော်တော်လေး ပြောင်းသွားပါတယ် ။ ဉာဏ်ကောင်းတဲ့ ကျွန်တော်တို့ ကင်မရာမန်း က သူ ခြေသလုံးမှာ ထိုးထားတဲ့ မာရာဒိုနာ ရဲ့ တက်တူး ကို ထုတ်ပြခဲ့တယ် ။

 

ဖုန်းတွေ ပြန်ရတဲ့ အခါမှာလည်း အာဂျင်တီးနား ဂျာနယ်လစ် က သူ နဲ့ မက်ဆီ တွဲရိုက် ထားတဲ့ ပုံကို သူတို့တွေ ကို ပြခဲ့ပါတယ်”

“ကျွန်တော့ မှာလည်း ၂၀၀၇ ကိုပါ အမေရိက တုန်းက ကျွန်တော်တို့ အဖွဲ့ အလုပ်လုပ် ခဲ့တဲ့ ပုံတွေ ရှိနေ ပါတယ် ။ အဲ့ဒါတွေ ပြအပြီး မှာတော့ အနေအထားက တော်တော်လေး ကောင်းသွားခဲ့ ပါတယ် ။

ဒီ ဓါတ်ပုံတွေ အတွက်ရော အာဂျင်တီးနားသား ဖြစ်ရတဲ့ အတွက်ပါ အရမ်းကို ကျေးဇူးတင် မိပါတယ်” လို့ အဆိုပါ ဂျာနယ်လစ်တွေက ထုတ်ဖော် ပြောပြ သွားခဲ့ ပါတယ် ။

ယူကရိန်း နိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲမှုဟာ ရုရှ အပေါ် များစွာသော ဆန်ရှင် ပိတ်ဆို့မှုတွေကို ကျရောက် စေခဲ့ပြီး အားကစား လောက တခုလုံးကလည်း ညီညွတ်စွာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ပြုလုပ်ခဲ့ ပါတယ် ။

ဘောလုံး ၊ တင်းနစ် အပါအဝင် အားကစားနည်း အမျိုးမျိုး မှာ ရုရှ ကိုယ်စားပြု အသင်းတွေကို ပိတ်ပင် လိုက်သလို ရုရှ အခြေစိုက် ကစားသမားတွေ ကိုလည်း ပါဝင်ခွင့် မပြုတော့ ပါဘူး ( အချို့ အားကစားတွေ မှာတော့ နိုင်ငံမဲ့ ကစားသမား အဖြစ် ယှဉ်ပြိုင်ခွင့် ပေးထားပါတယ် )

နာမည်ကျော် အင်္ဂလန် ပရီးမီးယားလိဂ် ဟာ ယူကရိန်း ကို အပြည့်အ၀ ကူညီ ထောက်ခံ ခဲ့ပြီး ကွင်းတွင်း လှုပ်ရှားမှုတွေသာမက ငွေကြေး လှူဒါန်းမှုတွေ ကိုပါ ပြုလုပ်နေပြီ ဖြစ်ပါတယ် ။

ပရီးမီးယားလိဂ် ဟာ ရုရှ ရုပ်သံလွှင့် အဖွဲ့အစည်းနဲ့ စာချုပ်ကို ဖျက်သိမ်း လိုက်သလို ရုရှ အခြေစိုက် အဖွဲ့တွေ ရဲ့ စပွန်ဆာတွေ ကိုလည်း ပြန်လည် ပေးအပ် သွားခဲ့ ပါတယ် ။

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ ကတော့ ရုရှ လက်ရွေးစင် အသင်းကို ကမ္ဘာ့ ဖလား ခြေစစ်ပွဲ ကနေ ထုတ်ပယ် လိုက်တာကြောင့် Play-off ဆီမီး ဖိုင်နယ်မှာ ရင်ဆိုင် တွေ့နေတဲ့ ပိုလန် ဟာ ဗိုလ်လုပွဲ ကို တက်ရောက် သွားခဲ့ပြီး ယူကရိန်း နဲ့ ချက် တို့ ပွဲစဉ် က အနိုင်ရလာမယ့် အသင်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ် ။

ယူကရိန်း နဲ့ ချက် တို့ရဲ့ ပွဲကိုလည်း ရွှေ့ဆိုင်း ထားပြီး ၄၈ နာရီ အတွင်းမှာ ပြန်ကန်မယ့် နေရာ နဲ့ အချိန်တို့ကို ထုတ်ပြန် သွားမယ်လို့ ကြားသိရ ပါတယ် ။

 

SPORTS MYANMAR